မိုးကြီးရေလျှံမှုများကြောင့် လူပေါင်း ၆၇,၀၀၀ နှင့် ၁၁၀,၀၀၀ အကြား ထိခိုက်ဟု UNOCHA ထုတ်ပြန်

မိုးကြီးရေလျှံမှုများကြောင့် လူပေါင်း ၆၇,၀၀၀ နှင့် ၁၁၀,၀၀၀ အကြား ထိခိုက်ဟု UNOCHA ထုတ်ပြန်

ရန်ကုန် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံတစ်ဝန်း၌ လတ်တလော မိုးကြီးရေလျှံမှုများကြောင့် လူပေါင်း ခြောက်သောင်း ခုနှစ်ထောင်နှင့် တစ်သိန်းတစ်သောင်းကြား အရေးပေါ်အကျိုးထိခိုက်မှုများ ရှိသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာရုံး UNOCHA က ဇူလိုင် ၃၀ ၌ ထုတ်ပြန်ထားသည်။

အစိုးရ၏ ကယ်ဆယ်/ပြန်လည်နေရာချထားရေးဌာန-PRD နှင့် ဘေးသင့်ဒေသတွင်း တာဝန်ရှိသူများထံမှ ရရှိသည့် အချက်အလက်များအရ သိရှိရသည်ဟုဆိုသည်။ အထူးသဖြင့် စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များ ပိုမိုထိခိုက်ကြောင်း သိရသည်။

PRD ၏အဆိုအရ ဇူလိုင်လ ရေကြီးရေလျှံမှုများအတွင်း လူပေါင်း ၂၁ ဦးအသက်ဆုံးရပြီးဖြစ်သည်။

ဒေသတွင်း တာဝန်ရှိသူများ၊ အစိုးရ၊ တပ်မတော်၊ မြန်မာကြက်ခြေနီအသင်းနှင့် ဒေသတွင်းလူမှုအဖွဲ့အစည်းတို့က အသက်ကယ်ဆယ်ကူညီရေး၊ အစားအသောက်နှင့် သောက်သုံးရေဖြန့်ဝေခြင်း၊ ခြုံစောင်များပေးဝေခြင်းနှင့် ဆေးကုသရေးများ ဆောင်ရွက်လျက်ရှိကြသည်။

ကုလသမဂ္ဂနှင့် နိုင်ငံတကာကူညီရေးအသင်းအဖွဲ့များကလည်း တချို့ဒေသများအတွက် အကူအညီများ ပေးလျက်ရှိသည်။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှ စစ်ကိုင်းတိုင်းရှိ ကောလင်းနှင့် ကန့်ဘလူ မြို့နယ်မှ ဘေးသင့် လူပေါင်း ၁၀,၈၈၀ ဦးစာအတွက် တစ်လစာ အစားအစာနှင့် အင်အားဖြည့်ဘီစကစ်များကို လာမည့် ရက်သတ္တပတ်၌ စတင်ကူညီပေးသွားမည်ဟု သိရသည်။
စစ်ကိုင်း၌ ရေသန့်စင်ရေးဆေးဝါးများကိုလည်း ကူညီပေးထားပြီဖြစ်ပြီး ထပ်မံလိုအပ်ဦးမည်ဖြစ်သည်။ 

ကချင်ပြည်နယ်၌လည်း အစားအစာ၊ ဆေးဝါးများ၊ သောက်ရေတို့ကို ကူညီပေးလျက်ရှိသည်။ 

ရခိုင်ပြည်နယ်အတွက် ရာသီဥတုကောင်းမွန်လာသည်နှင့်အမျှ အထောက်အပံ့များ ပေးသွားရန်ရှိသည်။

စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းများနှင့် ရှမ်း၊ ချင်း၊ ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် မိုးကြီးနိုင်ပြီး လေပြင်းများတိုက်ခတ်နိုင်ကြောင်း မိုး/ဇလ က ကြေညာထားသည်။ 

ထို့ကြောင်း အခြေအနေများမှာ သတိထားစောင့်ကြည့်ရမည့်အနေအထားဖြစ်ပြီး လာမည့်ရက်ပိုင်းများ၌ ရေကြီးရေလျှံနှင့် လေပြင်းတိုက်ခံမှုကို ပိုမိုခံရဖွယ်ရှိကြောင်း ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags