မြောက်ဦး၊ မေ ၈ ။ ။ စပါးဈေးကျဆင်းခြင်းနှင့် ဝယ်သူမဲ့ဖြစ်နေသော စပါးများအား သင့်လျော်သည့်ဈေးနှုန်းများဖြင့် စပါးများအား ဝယ်ယူရန် မြောက်ဦးတွင် တောင်သူ ၂၀၀၀ ကျော်ခန့်က မေ ၈ရက် နေ့လည် ၁ နာရီတွင် ဆန္ဒပြတောင်းဆိုခဲ့သည်။
မြောက်ဦးမြို့နယ်အတွင်းမှ တောင်သူများမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ပထမအကြိမ် တောင်းဆိုမှု ပြုလုပ် ခဲ့ပြီးဖြစ်ရာ ယခုမေလ ၈ ရက်တွင် ဒုတိယအကြိမ်အဖြစ် ပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။
“စပါးဈေးကျနေတဲ့အတွက် မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်ကို ပြန်ဆပ်ရမယ့်ငွေနဲ့ မလောက်ဘူး ဖြစ်နေတယ်။ အစိုးရကလဲ စပါး ၁ တင်းကို ၃၈၀၀ နှုန်းပဲ ပေးဝယ်မယ်ဆိုတော့ ကျွန်တော်တို့ တောင်သူတွေအတွက် မကိုက်ဘူး။ စိုက်ပျိုးစရိတ်ကုန်ကျငွေတွေကို တွက်ကြည့်ရင် အရှုံးများနေတဲ့အတွက် စပါးဈေးကို တိုးပေးဖို့တောင်းဆိုတာဖြစ်ပါတယ်။” ဟု လယ်သမား ဦးစံထွန်းလှက ပြောသည်။
တောင်သူများဘက်မှာ တောင်းဆိုမှုများမှာ စပါးများကိုဝယ်ယူရာတွင် ဆန်စပါးကုန်သည်များ (သို့မဟုတ်) အစိုးက ဝယ်ယူရန်နှင့် စပါးဈေးများကိုလည်း ကာလပေါက်ဈေးအတိုင်း ပေးဝယ်ရန်အတွက် တောင်းဆိုခဲ့ကြသည်။
“အခုအစိုးရပေးတာက တစ်တင်းကို ၃၈၀၀ ကျပ်ပါ။ ကျွန်တော်တို့ အဲဒီဈေးနှုန်းနဲ့ ဘယ်လိုမှ မရောင်းနိုင်ဘူး။ အနည်းဆုံး ၆၀၀၀ လောက်ရမှပဲ ရောင်းချနိုင်မှာဖြစ်ပါတယ်။ ဘဏ်ကိုပေးဆပ်ရမယ့် အတိုးနဲ့အရင်းတော့ ကျေးဖို့လိုအပ်ပါတယ်။ ဒါကြောင့် အခုလိုတိုးပေးဖို့ တောင်းဆိုတာပါ။”ဟု ၎င်းကဆက်လက် ပြောကြားခဲ့သည်။
တောင်းဆိုချက်များမှာ တောင်သူလယ်သမားများ၏ လိုအင်ဆန္ဒနှင့်အညီ စပါးဈေးကို မြှင့်တင်ပေးရန်၊ စပါးဈေးနှုန်းကို လုံးဝမြှင့်တင်မပေးပါက စိုက်ဘဏ်မှ ချေးငွေများကို လုံးဝပြန်မဆပ်ရေး၊ လယ်သမားများ လယ်မဲ့၊ ယာမဲ့၊ အိမ်မဲ့၊ အိုးမဲ့ မဖြစ်စေရေး၊ ယခုနှစ်တွင် စိုက်ဘဏ်မှ ကောက်ခံသော ဘဏ်အတိုးနှုန်းများကို လုံးဝမကောက်ခံရေး၊ နိုင်ငံတော်အစိုးရမှ တောင်သူလယ်သမားများကို စာနာထောက်ထားဖို့အရေး စသောတောင်းဆိုချက် ၅ ချက်ဖြင့် တောင်းဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်တော်၊ မြောက်ဦးစသည့် မြို့နယ်များမှ ဒေသခံများနှင့် လယ်သမားများအပါအဝင် လူဦးရေ ၂၀၀၀ ခန့်က ပူးပေါင်းတောင်းဆိုခဲ့ကြောင်းသိရသည်။
ပထမအကြိမ်တောင်းဆိုမှုပြုလုပ်ပြီး မကြာမီတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဆန္ဒပြတောင်သူများနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး စိုက်/ဘဏ်သို့ပေးဆပ်ရမည့် ငွေများကို စောင့်ဆိုင်မှုများ ပြုလုပ်ပေးရန်နှင့် စပါးများကို ဝယ်ယူပေးရန်သဘောတူဆုံးဖြတ်ခဲ့ကြသော်လည်း လက်ရှိတွင် အစိုးရက စပါးဝယ်ယူရန်ကမ်းလှမ်းခဲ့သည့် ဈေးနှုန်းမှာ ကာလပေါက်ဈေးထက်နည်းနေသည့်အတွက် ဆက်လက်တောင်းဆိုမှုများ ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။