စပါးတစ်တင်း ၃၈၀၀ ကျပ်ဖြင့် ဝယ်ယူရန်ကမ်းလှမ်းမှု တောင်သူများလက်မခံ

စပါးတစ်တင်း ၃၈၀၀ ကျပ်ဖြင့် ဝယ်ယူရန်ကမ်းလှမ်းမှု တောင်သူများလက်မခံ
ဓါတ်ပုံ - မင်းမျိုးနွယ်/RiA

စစ်တွေ၊ မေ ၇  ။           ။ ရခိုင်ပြည်နယ်အတွင်း စပါးဈေးကျကာ ဝယ်ယူသူမရှိသည့်အတွက် တောင်သူများမှာ ရိတ်သိမ်းထားသော စပါးများအား ရောင်းချရန် အခက်အခဲဖြစ်နေသဖြင့် စပါးများအားဝယ်ယူပေးရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အား တိုက်တွန်းတောင်းဆိုမှုများ ပြုလုပ်လျှက်ရှိရာ အစိုးရအဖွဲ့မှ စပါးတစ်တင်းလျှင် ကျပ် ၃၈၀၀ နှုန်းဖြင့် ဝယ်ယူမည်ဟု ကမ်းလှမ်းခဲ့သော်လည်း စိုက်ပျိုးကုန်ကျစရိတ်နှင့် မကိုက်ညီသည့်အတွက် တောင်သူများအနေဖြင့် ရောင်းချရန် တွက်ခြေမကိုက် ဖြစ်နေကြကြောင်း သိရသည်။

အခက်အခဲနှင့် ရင်ဆိုင်နေကြရသည့် တောင်သူများက မိမိတို့လက်ထဲတွင်တင်ကျန်နေသည့် စပါးများအား သင့်လျော်သည့်ဈေးနှုန်းများဖြင့် ဝယ်ယူပေးရန်အတွက် တိုက်တွန်းမှုများပြုလုပ်နေကြသည့်အချိန်တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ စပါးဝယ်ယူရန် ပြင်ဆင်ခဲ့သော်လည်း ဈေးနှုန်းမှာ အလွန်နည်းပါးနေသည့်အတွက် ၎င်းတို့၏စပါးများကို ရောင်းချရန် မဖြစ်နိုင်ကြောင်း မြောက်ဦးမြို့နယ်အတွင်းမှ တောင်သူများကပြောသည်။

“စပါး တစ်တင်းကို ၃၈၀၀ ကျပ်နဲ့ တွက်ခြေမကိုက်ဘူး။ တစ်တင်းကို အနည်းဆုံး ၆၀၀၀ လောက်မှ အဆင်ပြေမယ်။ ၆၀၀၀ မရရင် မရောင်းနိုင်ဘူး။ တင်းနဲ့ရောင်းလို့တော့ မကိုက်ဘူး။ (ဒေသသုံး) တောင်းလိုက်ဝယ်မှ ရောင်းမယ်။ ရွှေဝါထွန်း (၁) တောာင်းကို ၂၅၀၀၊ ကောက်ကြီးစပါး တစ်တောင်းကို ၃၀၀၀၊ ပေါ်ဆန်းမွှေးဆိုရင်တော့ ၃၅၀၀ ရမှ ရောင်းနိုင်မည်”ဟု မြောက်ဦးမြို့နယ်မှ လယ်သမားတစ်ဦးဖြစ်သော ဦးစံထွန်းလှက RiA သို့ပြောသည်။

ပြီးခဲ့သည့် စပါးစိုက်ပျိုးရာသီတွင် စပါးအထွက်နှုန်း ကောင်းခဲ့သော်လည်း ဈေးကွက်အတွင်း ဝယ်ယူသူမရှိသည့် အတွက် ရောင်းချ၍မရဖြစ်နေသဖြင့် စိုက်ပျိုးရာသီအတွင်း ကုန်ကျခဲ့သည့်စရိတ်များကို ကာမိစေရန် အစိုးရက ယခုကဲ့သို့ ဝယ်ယူရန် ပြင်ဆင်ရခြင်းဖြစ်ကြောင်း သိရသည်။

“ဈေးနည်းတာတော့ သိတယ်။ ဒါပေမဲ့ အမြတ်ရမယ့်အတွက်တော့ မဟုတ်ပါဘူး။ အဓိကတော့ လယ်သမားတွေရဲ့ စိုက်ပျိုးကုန်ကျခဲ့တဲ့ စရိတ်တွေကို ကာမိအောင် သက်သက်ပါပဲ။ စိုက်ပျိုးကုန်ကျစရိတ်အောက်ကို ကျမသွားအောင် စပါးဈေးကိုထိန်းထားတဲ့ သဘောပါပဲ။ အရင်ကလိုမျိုး စပါးဝယ်ပြီး ရောင်းမယ့်အတွက်တော့ မဟုတ်ပါဘူး။ လောလောဆယ် ထိန်းထားမယ်။ သင့်တော်တဲ့ဈေးနှုန်း တစ်ခုခုရရင် ပြန်ရောင်းမယ်။ အဲလို သဘောပါပဲ။”ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဘဏ္ဍာအခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက RiAသို့ ဖြေကြားခဲ့သည်။

အစိုးရမှ ဝယ်ယူရရှိသည့် စပါးများကို ဒေသအတွင်းရှိ ဆန်စက်များနှင့် ဆန်စပါး ကုန်ကုန်သည်များထံတွင် အပ်နှံထားပြီး သင့်လျော်သောဈေးနှုန်း ရလာသည့်အချိန်နှင့် အဆင်ပြေသောနေရာများတွင် ပြန်လည်ရောင်းချ သွားမည် ဖြစ်ကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly