မရှိတာထက် မသိတာခက်..

မရှိတာထက် မသိတာခက်..
ဒဏ်ရာရခဲ့သူ တဦး (Photo Credit: http://www.simon-vlog.com/)

မျက်နှာ၊ ဦးခေါင်း၊ ဝမ်းဗိုက်တွေ ရစရာမရှိအောင် ခန္ဓာကိုယ်တခုလုံးဖူးယောင်ကာ ရိုက်နှက်ခံရပြီး သေဆုံး နေတဲ့အသက် (၆၂)နှစ်အရွယ် အဖွားတဦးရဲ့သတင်းနဲ့ ဓာတ်ပုံက လူမှုစာမျက်နှာမှာ ပျံ့နှံ့ခဲ့ပါတယ်။

ဒီအဖွားဟာ သြင်္ကန်အတွင်းမှာ  ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ စငေါဝ်ကျေးရွာအုပ်စုရှိ  ကောင်စေ တီတောရကျောင်းမှာ တရားအားထုတ်ခဲ့တဲ့ ဒေါ်နန်တွမ် ဖြစ်ပါတယ်။

အဖွားဒေါ်နန်တွမ်ကို အသက် (၁၇)နှစ်သာ ရှိသေးတဲ့ ကိုရင်လေးတပါးက ပယောဂကုမယ်ဆိုပြီး တခြား ပရောဂဆရာနှစ်ယောက်နဲ့ အတူ ရိုက်နှက်ခဲ့တာကြောင့် သေဆုံးသွားခဲ့တာပါ။

သြင်္ကန်ကာလအတွင်း ဗုဒ္ဓဘာသာဝင် ထုံးစံအရ တရားအားထုတ်ရန် ကောင်စေတီ တောရကျောင်းမှာ ဒေါ် နန်တွမ်နဲ့အတူ အမျိုးသမီး (၂၀)ကျော်လည်း တရားစခန်းဝင်ခဲ့ကြပါတယ်။

တရားစခန်းကို ဧပြီ(၁၁)ရက်နေ့တွင် ရောက်ရှိပြီး (၁၃)ရက်နေ့တွင် တရားအားထုတ်သူ အားလုံးကို ကောင် စေတီ တောရကျောင်းက ကိုရင်လေးက ဓာတ်လုံးဆေးတိုက်ကာ ပယောဂရှိသူဟု ယူဆသူများကို ခေါ်ယူ ပြီး တုတ်ပေါ်တွင် ဓာတ်လုံးရည်ဆွတ်ပြီး ရိုက်နှက်မှုတွေ ပြုလုပ်ခဲ့တာလို့ အရိုက်ခံရသူ နောက်တယောက် ဖြစ်တဲ့ ဒေါ်နန်ဆွယ်က ပြောပြပါတယ်။

“တကိုယ်လုံး ရိုက်နှက်တာ။ နာလည်း ခံနေရတယ်။ တားတာလည်း မရဘူး။ အပြင်လည်း ပေးမထွက်ဘူး။ သေဆုံးသွားတဲ့ ဒေါ်တွမ်ကို အရင်စရိုက်တာပါ” လို့ ဒေါ်နန်ဆွယ်က ဆိုပါတယ်။

ပယောဂကုသပေးတဲ့ ကိုရင်လေးက နည်းမျိုးစုံနဲ့ ရိုက်နှက်ခဲ့ပြီး ဝါးလုံးနဲ့ရိုက်သလို ဖိနပ်နဲ့ပါရိုက်သေးတယ်၊ နာနေပေမယ့်လည်း ပြန်မပြောရဲလို့ ဆက်ခံနေခဲ့ရတယ်လို့ ဒေါ်နန်ဆွယ်က ပြောပါတယ်။

“ကျနော့်အမေကတော့ မျက်နှာယောင်ကိုင်းလာတာပေါ့။ လက်တွေနဲ့ ရှေ့နားထင် နဖူးတွေ၊ မျက်နှာတွေ ယောင်နေတယ်။ အခုတော့ သက်သာလာပါပြီ။ အမေကတော့ ဆေးရုံမတက်ရဘူး။ နောက်တယောက် ကတော့ အမေ့ထက် ပိုဆိုးတယ်။ ဒဏ်ရာရတာ။ ဆေးရုံတက်ရတဲ့အထိပါပဲ” လို့ ဒေါ်နန်ဆွယ်ရဲ့ သားဖြစ်သူ ခွန်မျိုးဇော်က ပြောပြပါတယ်။

စငေါဝ်ကျေးရွာရှိ သက်ကြီးအမျိုးသမီးတွေက ကောင်စေတီ တောရကျောင်းတိုက်ကို တရားထိုင်ဖို့ သွား ကြတာဖြစ်ပြီး ပရောဂကုသဖို့ သွားရောက်တာမဟုတ်ဘူးဆိုတာနဲ့ ဒါဟာ ကိုရင်လေးရဲ့  ပယောဂရှိလို့ ဆေးကုသပေးမယ်ဆိုတဲ့စကားကို တရားလာထိုင်တဲ့ အမျိုးသမီးတွေက  ယုံစားကြလို့ ဖြစ်သွားရတာပါလို့  ခွန်မျိုးဇော်က ရှင်းပြပါတယ်။

“သေသွားတဲ့ အဘွားအိုကို အိမ်ပြန်သယ်လာတယ်ဆိုတဲ့သတင်း ကျနော်ကြားလိုက်ရတယ်။ ကြားလိုက်ရ တော့ ကျနော်ချက်ချင်း အမေ့ဆီကို လိုက်သွားတယ်။ ဟိုရောက်တော့ ကျနော့်အမေနဲ့  ဒေါ်နန်လောက ဒဏ်ရာအပြင်းအထန် ရနေပြီ။ ကိုရင်လေးက တခြားလူတွေကို ဓာတ်လုံးရည်ကို တုတ်မှာဆွတ်ပြီး ရိုက် နေတဲ့အချိန် ကျနော်ရောက်သွားတာပဲ” လို့ဆိုပါတယ်။

ပယောဂ ဆေးကုပေးတဲ့ ကိုရင်လေးဟာ အသက် (၁၇)နှစ် အရွယ်သာ ရှိသေးကြောင်း၊ သူ့လက်ထောက် ပယောဂဆရာနှစ်ဦး (ကျောင်းသားနှစ်ဦး)နဲ့အတူ တရားလာထိုင်သူ အမျိုးသမီးကြီးများကို ရိုက်နှက်ခဲ့တာ ဖြစ်ပြီး ဧပြီ(၁၄)ရက်နေ့ ဒေါ်နန်တွမ်ကို ပယောဂထုတ်ဖို့ ရိုက်နှက်ကုသရာမှ ဒေါ်နန်တွမ် သေဆုံးသွားခဲ့ရ တဲ့အခါမှာတော့ ဒေသခံလူကြီးများက ပယောဂဆေးကုတာကို ပိတ်လိုက်တယ်လို့ သိရပါတယ်။

“ ရွာသားအနေနဲ့ အသိပညာ ဗဟုသုတနည်းတော့ ကိုယ်ဖြစ်တဲ့ရောဂါ မသိတာတွေ၊ တခုခုဖြစ်ရင် ပ ယောဂဆိုပြီး သွားကုတာများတယ်။ ဆေးရည်တိုက်ပြီး ကုတာ၊ ဆွေမျိုးသွားခေါ်လည်း မပြန်ချင်ကြဘူး။ ကျနော့်အမေတောင် ဒဏ်ရာဒီလောက်ရနေတာ ကျနော်သွားခေါ်တဲ့အချိန် မပြန်ဘူးလို့ပြောသေးတယ်” လို့ ခွန်မျိုးဇော်က သူ့ရဲ့ အတွေ့အကြုံကို ရှင်းပြပါတယ်။

    ပယောဂကုပြီး သေဆုံးခဲ့တာ ဒေါ်နန်တွမ်တယောက်တည်းမဟုတ်ပဲ အရင်ကလည်း တခြားကျေးရွာတွေ မှာ  (၅)ယောက်ခန့်ရှိခဲ့ပြီး အားလုံးအမျိုးသမီးတွေဖြစ်တယ်လို့ ခွန်မျိုးဇော်က ပြောပါတယ်။ လူသိထင်ရှား မရှိခဲ့တာကြောင့် တရားဝင် အရေးယူတာမျိုးတွေ မရှိခဲ့ပါဘူး။

ကျေးရွာမှာ တိုက်နယ်ဆေးရုံရှိပေမယ့် ရွာသူရွာသားတွေဟာ ဆေးပညာဗဟုသုတ မရှိကြတော့ ဆေးခန်း ၁ကြိမ်၊ ၂ကြိမ်သွားပြီး ရောဂါမပျောက်ပါက ပယောဂနဲ့သာ ကုသကြကြောင်း ပြောပြကြပါတယ်။

တော်ရုံဖြစ်ပျက်တာကိုလည်း သည်းခံခွင့်လွှတ်တတ်ကြတယ်လို့ ခွန်မျိုးဇော်က ပြောပြပါတယ်။

“ ကျနော့်အနေနဲ့ အမေ့ကို ညိုမဲနေအောင် ရိုက်နှက်တဲ့ ဒီကိုရင်ကို တရားစွဲချင်တယ်။ အမေက တရား သမားဆိုတော့ တရားမစွဲဖို့ ပြောထားလို့ပါ။ သေဆုံးသွားတဲ့ ဒေါ်နန်တွမ် မိသားစုဝင်တွေကတော့ ကိုရင် လေးကို တရားစွဲထားတယ်”

သေဆုံးသွားတဲ့ ဒေါ်နန်တွမ်ရဲ့မိသားစုဝင်တွေက ဟိုပုံးမြို့နယ် စငေါဝ်ကျေးရွာအုပ်စု ကောင်စေတီ တောရ ကျောင်းမှာ ပယောဂကုပေးတဲ့ ကိုရင်လေးနဲ့ ပယောဂဆရာလက်ထောက် ဘုန်းကြီးကျောင်းသား (၂)ဦးကို (ပ) ၄၂/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ(၃၁၄)ဖြင့် အမှုဖွင့်တိုင်ကြားထားကာ တရားခံ (၃) ဦးကို ဟိုပုံးမြို့၊ ရဲစ ခန်းမှာ ဖမ်းဆီးထားပါတယ်။

ပယောဂ ဦးဆောင်ကုသတဲ့ကိုရင်ဟာ အသက်(၁၇)နှစ်သာရှိသေးပြီး သူ့လက်ထောက်အဖြစ် အကူအညီ ပေးသူနှစ်ဦးမှာ (၁၇)နှစ် တဦးနှင့် (၁၉) နှစ်တဦး ဖြစ်ပါတယ်။

ပယောဂကုနည်းကို ရှေးခေတ်ဘိုးဘွားစဉ်ဆက်ကတည်းက ယုံကြည်လာကြပြီး ကျေးရွာနေ အမျိုးသမီးအ များစုဟာ ဖျားနာတာတွေဖြစ်ရင် ဆေးခန်းကို တစ်ကြိမ်၊ နှစ်ကြိမ်သာ သွားရောက်ကြကာ မပျောက်ဆုံးပါက နတ်ကိုင်တယ်လို့ ယူဆတတ်ကြပါတယ်။ ဒီလိုယူဆတဲ့အတွက် ပယောကကုထုံးနဲ့သာ ကုကြတာဖြစ်တယ် လို့ ပအိုဝ့်အမျိုးသမီးသမဂ္ဂ အမှုဆောင် ဒါရိုက်တာ နန်းမို့မို့က ပြောပြပါတယ်။

“ အခုပယောဂကုရင်း ဆုံးသွားတဲ့အဘွားရဲ့ရွာက မြို့နဲ့အလှမ်းဝေးတဲ့ရွာမဟုတ်ဘူး။ ရွာမှာနေတဲ့ အမျိုးသ မီးတွေက နာတာရှည်ရောဂါ၊ အဆုတ်၊ ကျောက်ကပ်လိုရောဂါ ဆေးရုံအခါခါသွားပြီး မပျောက်ရင် သူတို့က ပယောဂလို့ သတ်မှတ်လိုက်ကြတယ်။ ပယောဂဖြစ်တယ်လို့ ယုံကြည်ပြီး ပယောဂနဲ့ ကုကြတယ်။ အထူး သဖြင့် သက်ကြီးရွယ်အိုတွေ ယုံကြည်နေသေးတယ်”

မြို့ပြနေ ပြည်သူများအတွက် ဆေးပညာနဲ့ကျန်းမာရေးအသိအမြင်တွေ တိုးပွားလာနေပေမယ့် ကျေးလက် နေ အမျိုးသမီးတွေအတွက် မျိုးဆက်ပွားကျန်းမာရေးနဲ့ အခြားဆေးပညာဗဟုသုတအတွက် အားနည်း နေဆဲမို့ ပယောဂနည်းနဲ့ကုတာ၊ စပ်ဆေးအသုံးပြုတာနဲ့ ရိုးရာဆေးများကိုသာ အသုံးပြုနေကြသေးတယ်လို့ နန်းမို့မို့က  ပြောပြပါတယ်။

“ အမျိုးသမီးတွေက ဆယ်ကျော်သက်ရွယ်ကျန်းမာရေး၊ မျိုးဆက်ပွားကျန်းမာရေး ဗဟုသုတတွေ အားနည်း ကြတော့ အသက်ကြီးလာတဲ့အချိန်မှာ နာတာရှည်လိုဖြစ်လာတာ၊ ဒါကို သူတို့က ပယောဂပဲဆိုပြီး ပယောဂ ဆရာနဲ့ ကုကြတယ်။ ပယောဂဆရာ အရမ်းကောင်းတယ်၊ ပျောက်တယ်ဆိုရင် သူတို့တွေ (၁)ရက်၊ (၂)ရက် ခရီးလည်း သွားကြ၊ ကုကြတယ်”

ရှမ်းပြည်မှာသာမက ကယန်းဒေသမှာလည်း ပယောဂဆရာတွေအပေါ် ယုံကြည်သူတွေ ရှိနေသေးတယ်လို့ ကယန်းအမျိုးသမီး အဖွဲ့အစည်းမှ အထွေထွေ အတွင်းရေးမှူး မူဂလိုရီယာကလည်း ပြောပါတယ်။

“ ပယောဂကုတာက တွင်တွင်ကျယ်ကျယ်တော့ မရှိတော့ဘူး။ ဒါပေမယ့် အလွန်ခေါင်တဲ့ တချို့ကျေးရွာ တွေမှာတော့ ပြုလုပ်နေပါသေးတယ်။ ကျေးလက်ဒေသ တော်တော်များများမှာ ဆေးခန်းရှိပြီး ဆေးပစ္စည်း မစုံတာ ဆေးကုမယ့်သူ မရှိတာတွေလည်း ရှိနေပါသေးတယ်။ အခက်အခဲကတော့ အများကြီးရှိပါသေး တယ်”

ကျေးလက်ဒေသ ဆေးပေးခန်းအများစုက အဆောက်အဦးတွေရှိပေမယ့် ဆရာဝန်တွေ၊ သူနာပြုတွေ၊ မရှိ သလောက်ရှားပါးပြီး၊ ဆေးပေးခန်းတွေမှာလည်း ပစ္စည်းတွေ မစုံလင်လို့ ဆေးပေးခန်းပိတ်ထားရတဲ့ အဆင့် သာရှိကြောင်း မူဂလိုရီယာက ထပ်မံပြောပါတယ်။

“အဆောက်အဦးရှိပြီး ဆေးဝါးမရှိတဲ့ပြဿနာ၊ ဆေးဆရာမရှိတဲ့ ပြဿနာပါ။ တချို့ကျေးရွာမှာဆို ဆိုင်းဘုတ်တပ်ပြီး တံခါးပိတ်ထားတာတွေ ရှိပါတယ်။ ဖွင့်တဲ့ဆေးခန်းသွားရင်လည်း လိုအပ်တဲ့ ဆေးဝါးကို ကိုယ့်ဖာသာ အပြင်ကနေ ဝယ်ယူရပါတယ်” လို့ မူဂလိုရီယာက ဆိုပြန်ပါတယ်။

အမျိုးသမီးများ ကျန်းမာရေး၊ အမျိုးသမီးများ ဆေးပညာဗဟုသုတဆိုပြီး ဟောပြောဆွေးနွေးနေကြပေမယ့် ပယောဂကုစားနေတဲ့ ပယောဂဆရာတွေ ရိုက်နှက်တဲ့ကိစ္စကို သက်ဆိုင်ရာက အရေးမယူရင် ဒီနည်းလမ်း က ဆက်ရှိနေမယ်လို့ အမျိုးသမီးအရေး လှုပ်ရှားနေသူများက ပြောပါတယ်။

ဒါဟာယုံကြည်မှုနဲ့သက်ဆိုင်တာကြောင့် ကျေးလက်ကျန်းမာရေးပညာပေးမှု၊ ကျေးလက်ကျန်းမာရေး ဆေး ပေးခန်းတွေ အရင်လိုဆက်ပိတ်ထားပြီး ဆရာဝန်တွေမရှိတာ ဆက်ဖြစ်နေမယ်ဆိုရင် ပယောဂကုသမှုက ဆက်လက်တည်ရှိနေအုံးမယ်လို့ ပအိုဝ့်အမျိုးသမီး သမဂ္ဂမှ နန်းမို့မို့က ထောက်ပြပါတယ်။

“ ပယောဂကုတဲ့သူတွေကို တကယ်ဆေးကုတာလားဆိုတာ သက်ဆိုင်ရာက စစ်ဆေးဖို့လိုပါတယ်။ မှန်ကန် တဲ့လမ်းကြောင်းလား၊ ဥပဒေနဲ့ ညှိစွန်းလားဆိုတာ စစ်ဆေးသင့်တယ်။ ပယောဂနဲ့ မကုဖို့ အမျိုးသမီးတွေကို ပြောရင် ကျမတို့အတွက်လည်း ပြဿနာရှိနိုင်တယ်လေ”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly