အဆင့်လေးနေရာအတွက် နောက်ဆုံးအချိန်အထိ ယှဉ်ပြိုင်ရလိမ့်မည်ဟု ဂွါဒီယိုလာ ပြော

အဆင့်လေးနေရာအတွက် နောက်ဆုံးအချိန်အထိ ယှဉ်ပြိုင်ရလိမ့်မည်ဟု ဂွါဒီယိုလာ ပြော

မေ ၇၊ အင်္ဂလန် ။           ။ ချန်ပီယံလိဂ်ဝင်ခွင့်ရမည့် အဆင့်လေးနေရာအတွက် နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်ရလိမ့်မည်ဖြစ်ကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောဆိုလိုက်သည်။

မန်စီးတီးအသင်းက ပဲလေ့စ်အသင်းကို ၅-၀ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် ဂွါဒီယိုလာက ယခုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ယခုနိုင်ပွဲကြောင့် မန်စီးတီးအသင်းသည် လီဗာပူးလ်အသင်းပွဲမကစားမီအချိန်အထိ အဆင့်သုံးနေရာတွင် ရပ်တည်နေသည်။

'ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ၂ နေရာကျန်ပါသေးတယ်။ အဲ့ဒီ ၂ နေရာအတွက် အသင်းလေးသင်းက နောက်ဆုံးအချိန်အထိ ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်ရပါလိမ့်မယ်။

မန်ယူအသင်းက ယူရိုပါလိဂ်ကို ပိုပြီး အာရုံစိုက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မန်ယူ ချန်ပီယံဖြစ်ခဲ့ရင် နောက်နှစ်မှာ အင်္ဂလန်အသင်းငါးသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိပါလိမ့်မယ်။ ဒါဆို တကယ်ကို အံ့အားသင့်စရာဖြစ်လာမှာပါ' ဟု ဂွါဒီယိုလာက ဆိုသည်။

ဂွါဒီယိုလာသည် ဘာစီလိုနာနှင့် ဘိုင်ယန်မြူးနစ်တို့တွင် နှစ်စဉ်နှစ်တိုင်း ဆုဖလားများရရှိခဲ့သော်လည်း အင်္ဂလန်တွင် ပထမဆုံးရာသီ၌ ဆုဖလားလက်မဲ့ဖြင့် အဆုံးသတ်ရတော့မည်ဖြစ်သည်။

ထို့ကြောင့် ဂွါဒီယိုလာက 'ပရီးမီးယားလိဂ်ပြိုင်ပွဲက ကမ္ဘာပေါ်က အခြားပြိုင်ပွဲတစ်ခုမဟုတ်ပါဘူး။ အသင်းခြောက်သင်းလောက်က ချန်ပီယံတစ်နေရာတည်းအတွက် ပြိုင်ဆိုင်ရတဲ့ပြိုင်ပွဲပါ။ စပိန်နဲ့ဂျာမနီမှာက ဒါမျိုးမဟုတ်ပါဘူး။

အင်္ဂလန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ တစ်နှစ်ထက်တစ်နှစ်ပိုခက်ခဲလာနေတယ်ဆိုတာ ရှင်းပါတယ်။ ကျွန်တော်တို့ သုံးပွဲကစားဖို့ ကျန်ပါသေးတယ်။ အခွင့်အရေးက ကျွန်တော်တို့ လက်ထဲမှာပါ။' ဟု ဆိုခဲ့သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required