ချဉ်ငံစပ် ငါးပြေမသရက်သီးဟင်း

ချဉ်ငံစပ် ငါးပြေမသရက်သီးဟင်း

မင်္ဂလာပါ

ဒီတပတ်တော့ နေပူပူကို အန်တုနိုင်ဖို့ ချဉ်ငံစပ် ငါးပြေမသရက်သီးဟင်းလေး ချက်စားကြရအောင်။ ဒီလိုရာသီဥတုမှာ ဆီပြန်ဟင်းကြီးထက်စာရင်အခုလို ချဉ်ငံစပ်ဟင်းလေးတွေက ထမင်းမြိန်စေမှာပါ။

လိုအပ်တာတွေကတော့

ငါးပြေမ ၃၀သား(ငါးကိုသန့် ပြီး ဆားဆနွင်းနယ်ထားပါ)

သရက်သီး အနည်းငယ်( သရက်သီးကို ခြစ်ထားပါ)

ခရမ်းချဉ်သီး တစ်လုံး

ငံပြာရည် အနည်းငယ်

ငရုတ်သီးစိမ်း အနည်းငယ်

အရောင်တင်မှုန့် အနည်းငယ်

ကြက်သွန်ဖြူ /နီ အနည်းငယ်

တို့ပဲ ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းတွေ စုံပြီဆိုရင်တော့ ဟင်းချက်ဖို့  ပြင်ဆင်ရအောင်။ ငရုတ်သီးစိမ်း အရောင်တင် ကြက်သွန်ဖြူနီတို့ကို ညက်နေအောင်ထောင်းပါ။ ပြီးရင် ဆီသတ်ပါ။ ငရုတ်ဆီသတ်တာ မွှေးလာရင် ခရမ်းချဉ်သီးထည့်ပါ။ ခရမ်းချဉ်သီး ညက်သွားရင်တော့ သရက်သီးခြစ်ထားတာလေး ထည့်ပါ။

သရက်သီးနူးသွားပြီဆိုရင်တော့ ငါးပြေမ ထည့်ပါမယ်။ အရသာအတွက် ငံပြာရည် အနည်းငယ် ထည့်ပါမယ်။ ပြီးရင်တော့ ငါးအညှီနှံ့ပျောက်အောင် အနှစ်နဲ့ ငါး ခဏလေးလှိမ့်ပေးပါ ။

ငါးကို မကျေအောင် သတိထားမွှေပေးပါ။ ငါးမိနစ်လောက်နေရင်တော့ ငါးမြှုပ်ရုံရေထည့်ပါ။ ပြီးရင်တော့ မီးအေးအေးနဲ့ အဖုံးအုပ်ထားပါ။

ရေအနည်းငယ် ခမ်းပြီး ဆီလည်ရေလည်ဖြစ်လာရင်တော့ နံနံပင်လေးအုပ်ပြီး ငါးဟင်းအိုးကို မီးပိတ်လို့ ရပါပြီ။ အခုဆိုရင်တော့ အချိုဓာတ်များတဲ့ ငါးပြေမကို သရက်သီးနဲ့ ချက်ထားတဲ့ ချဉ်ငံစပ် ငါးပြေမ သရက်သီးဟင်း ရပါပြီ။ သရက်သီးရဲ့ အချဉ်ဓာတ်ကြောင့် ငါးအသားလေးတွေဟာ မာနေပြီး သရက်သီးအနှစ် ချဉ်ငံစပ်လေးကြောင့်လည်း ထမင်းစားမြိန်မှာ အသေအချာပါပဲ၊ ဒီအစီအစဉ်ကို စနေနေ့ ညနေတိုင်း တင်ဆက်ပေးမှာဖြစ်တာမို့ တနင်္ဂနွေနေ့ အားလပ်ရက်မှာ တစ်ပျော်တပါး ချက်ပြုတ်စားနိုင်ကြပါပြီ။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required