မြန်မာရွှေ့ပြောင်း ၃၅ ဦးကို ထားပြီး ထွက်ပြေးသွားတဲ့ လူမှောင်ခိုပွဲစားကို ထိုင်းရဲတပ်ဖွဲ့ ရှာဖွေနေ

မြန်မာရွှေ့ပြောင်း ၃၅ ဦးကို ထားပြီး ထွက်ပြေးသွားတဲ့ လူမှောင်ခိုပွဲစားကို ထိုင်းရဲတပ်ဖွဲ့ ရှာဖွေနေ
(ဓာတ်ပုံ-ဖနိဒါ)

မေ ၆ ။               ။ ထိုင်းနိုင်ငံတောင်ပိုင်းမှာ မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သား ၃၅ ယောက်ကို ထားပြီး ထွက်ပြေးသွားတဲ့ သံသယရှိလူမှောင်ခိုပွဲစားတွေကို လိုက်လံရှာဖွေနေလျက်ရှိကြောင်း ထိုင်းရဲတပ်ဖွဲ့က မေလ ၆ ရက်က ပြောပါတယ်။

အမျိုးသား ၂၈ ယောက်နဲ့ အမျိုးသမီး ခုနှစ်ဦး တို့ပါဝင်တဲ့ မြန်မာရွှေ့ပြောင်းအဖွဲ့တစ်ခုကို ထိုင်းတောင်ပိုင်းက Nakhon Si Thammarat ဒေသမှာ ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ မေလ ၅ ရက်က တွေ့ရှိခဲ့တာဖြစ်ပြီး တွေ့ရှိချိန်မှာတော့ ၎င်းတို့ဆီမှာ ပတ်စ်ပို့၊ ဗီဇာ စတဲ့အထောက်အထား တစ်ခုမှ မတွေ့ရကြောင်း ဒေသရဲတပ်ဖွဲ့ အကြီးအကဲ Wancha Akepornpich က ပြောပါတယ်။

ယခု တွေ့ရတဲ့ မြန်မာရွှေ့ပြောင်းတွေဟာ မလေးရှားနိုင်ငံက ရာဘာနဲ့ ဆီအုန်း စိုက်ခင်းတွေမှာ အလုပ်ရမယ်ပြောပြီး ပွဲစားလုပ်သူက ခေါ်လာတာဖြစ်ကြောင်းနဲ့ ထိုင်းနိုင်ငံကို ဖြတ်တဲ့အချိန်မှာ ယခုလို ၎င်းတို့ကို ခေါ်လာသူက စွန့်ခွာထွက်ပြေးသွားတာဖြစ်တယ်လို့ သိရပါတယ်။

" သူတို့ကို ခေါ်လာတဲ့ ကားသမားက သူတု့ိအတွက် စားစရာ သွားဝယ်ဦးမယ် ပြောပြီး ထွက်သွားတယ်၊ ပြီးတော့ ပြန်မလာတော့ဘဲ ထွက်ပြေးသွားတယ်" လို့ Akepornpich က ပြောပါတယ်။

ယခု တွေ့ရတဲ့ မြန်မာရွှေ့ပြောင်းတွေဟာ ရခိုင်ပြည်နယ်က ဘင်္ဂါလီ မွတ်ဆလင်တွေတော့ မဟုတ်ဘူးလို့လည်း အဆိုပါ အရာရှိက ပြောသွားပါသေးတယ်။

၎င်းတို့ဟာ ထိုင်းနိုင်ငံ အနောက်ဘက်ထဲကို ကုန်းကြောင်းကနေ ဖြတ်သန်းဝင်လာတာဖြစ်ပြီး ယင်းနောက်ပိုင်း နိုင်ငံတောင်ပိုင်းဘက်ကို ထရပ်ကားနဲ့ လာခဲ့တာဖြစ်တယ်လို့ အဆိုပါ မြန်မာရွှေ့ပြောင်းအုပ်စုက ပြောထားကြောင်း သိရပါတယ်။

အဆိုပါလမ်းကြောင်းကတော့ လူမှောင်ခိုကူးသူတွေအတွက် နာမည်ကျော် မှောင်ခိုလမ်းကြောင်း တစ်ခုဖြစ်ပြီး ယခင်နှစ်တွေကတည်းက မြန်မာနိုင်ငံက ရွှေ့ပြောင်းတွေဟာ လူမှောင်ခိုပွဲစားတွေနဲ့အတူ ဘင်္ဂလားပင်လယ်အော်ကို လှေနဲ့ ဖြတ်ပြီး သွားလာနေကြတာဖြစ်သလို ထိုင်းရဲတပ်ဖွဲ့ကလည်း ယင်းလူမှောင်ခိုကူးမှုတွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းမှုတွေလည်း ပြုလုပ်ထားခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly