“လွတ်လပ်ရေးမှအပ အခြားမရှိ” တရားဟောခဲ့သူ ရခိုင်လူငယ်တစ်ဦး ဖမ်းဝရမ်းထုတ်ခံရ

“လွတ်လပ်ရေးမှအပ အခြားမရှိ” တရားဟောခဲ့သူ ရခိုင်လူငယ်တစ်ဦး ဖမ်းဝရမ်းထုတ်ခံရ

စစ်တွေ၊ မေ ၆ ရက်။                      ။ “လွတ်လပ်ရေးမှအပ အခြားမရှိ” ခေါင်းစဉ်ဖြင့် ဟောပြောပွဲပြုလုပ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းက တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် အမ်းသားကြီး (ခ) သန်းရွှေကို ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA နှင့် ဆက်နွယ်မှုဖြင့် ဖမ်းဝရမ်းထုတ်ထားကြောင်း မြောက်ဦးမြို့နယ်ရဲတပ်ဖွဲ့မှ RiA သို့ ပြောကြားသည်။

“ မတရားအသင်းနဲ့ ပတ်သက်ပြီး စည်းရုံးမှုတွေလုပ်သလို၊ သွေးထိုးလှုံ့ဆော်မှုတွေကို ပြုလုပ်နေတာကြောင့် အမှုဖွင့်ထားပါတယ်။ သူက လာရောက်ခြင်း မရှိတာကြောင့် တရားရုံးကနေ ခုလို ဖမ်းဝရမ်းထုတ်လိုက်တာပါ” ဟု မြောက်ဦးမြို့နယ်ရဲစခန်းမှူး ဒုရဲမှူးသန်းဖေက ပြောသည်။

အမ်းသားကြီး (ခ) သန်းရွှေမှာ အာဏာပိုင်များတားမြစ်နေသည့်ကြားမှ ဧပြီ ၁၀ ရက်နေ့တွင် ကျရောက်သည့် AA တပ်ဖွဲ့ ၈ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဟောပြောပွဲများကို မြောက်ဦးတွင် ပြုလုပ်ခဲ့သဖြင့် ယင်းနေ့တွင်ပင် မြောက်ဦးမြို့မရဲစခန်းက အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

“ အမှုဖွင့်ထားတာကတော့ ကြာပါပြီ၊ ကျွန်တော်ကို ဝရမ်းပြေးဆိုပြီးတော့ လုပ်ထားတယ်လို့ သိရတယ်၊ ကျွန်တော့် မိသားဝင်တွေ၊ ရွာကအုပ်ချုပ်ရေးမှူးတွေကို ခေါ်ပြီးတော့ စစ်ဆေးတာတွေရှိတယ်လို့လည်း သိရတယ်၊ ရုံးမှာလည်း ဝရမ်းပြေးဆိုပြီး စာတွေကပ်ထားတယ်လို့ သိရပါတယ်” ဟု အမှုဖွင့်ခံထားရ အမ်းသားကြီး (ခ) သန်းရွှေက RiA သို့ ပြောသည်။

၎င်းသည် ဧပြီ ၁၀ ရက်နေ့ညက မြတန်ဆောင်းဘုန်းတော်ကြီးကျောင်းတွင် ဟောပြောပွဲ တစ်ရပ် ပြုလုပ်ခဲ့ပြီး “လွတ်လပ်ရေးမှအပ အခြားမရှိ” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ခြင်းကြောင့်  ပုဒ်မ ၁၇(၁)/(၂) တို့ဖြင့် အမှုဖွင့်ခံခဲ့ရခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီ ၈ ရက်နေ့ကလည်း မြောက်ဦးမြို့နယ်ရှိ မြတန်ဆောင်း ဘုန်းတော်ကြီးကျောင်းတွင် “ရက္ခိုင့်တပ်မတော်နေ့၊ ရက္ခိုင့်တပ်မတော်ဖလား” ဘောလုံးပွဲကို ကျင်းပပြုလုပ်ခဲ့သော ဦးဆောင်သူ ဦးနန္ဒသာရနှင့် ကိုခိုင်နီမင်းတို့ကို မတရားအသင်းနှင့် ဆက်နွယ်မှုဖြင့် ဧပြီ ၁၀ ရက်နေ့တွင် မြောက်ဦးရဲစခန်းမှ ဖမ်းဆီးခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required