UNFC တပ်ပေါင်းစုမှ KIO က နုုတ်ထွက်စာ တင်သည်ဟုု အတည်မပြုနိုင်သေး

UNFC တပ်ပေါင်းစုမှ KIO က နုုတ်ထွက်စာ တင်သည်ဟုု အတည်မပြုနိုင်သေး

မေလ ၆ ရက်၊ ၂၀၁၇ ခုနှစ်။ ချင်းမိုင်(မဇ္ဈိမ)။           ။ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)က ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ နုတ်ထွက်ရန် စာတင်လိုက်သည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း အတည်မပြုနိုင်သေးကြောင်း သိရသည်။

UNFC မှ KIO နုတ်ထွက်စာတောင်းခံထားကြောင်း လူမှုကွန်ယက်များတွင် ထွက်ပေါ်နေသည့် သတင်းများသာ သိရသော်လည်း KIO အတွင်းတွင် တရားဝင်သတင်းထုတ်ပြန်ခြင်း မရှိသေးသဖြင့် အတည်ပြုနိုင်ခြင်း မရှိကြောင်း KIO ၏ ပြန်ကြားရေးဌာနမှ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

“ကေအိုင်အိုက ထွက်မယ်၊ မထွက်ဘူးဆိုတာ မသိဘူး။ မသိဘူးဆိုတာကတော့ နိုင်ငံရေးဆွေးနွေးတဲ့ အခန်းကဏ္ဍမှာ ကျွန်တော်တို့ ဒီဘက်မှ နည်းနည်းဝေးနေတယ်။ ဆွေးနွေးပွဲက ချင်းမိုင်တို့၊ ပန်ခမ်းတို့မှာပဲ အထက်ကလူကြီးတွေ လုပ်တာ။ တပ်တွင်း ဘာမှအခုထက်ထိ အသိပေးတာ မရှိသေးလို့ ကျွန်တော်တို့က ပြောလို့ မရသေးဘူး။ အဲဒါကြောင့် အဲဒါနဲ့ ပတ်သက်လို့ ဘာမှ အတည်ပေးလို့ မရဖြစ်နေတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

ဧပြီလ ၂၉ ရက် နေ့စွဲဖြင့် KIO အထွေထွေအတွင်းရေးမှူး ဦးလနန် လက်မှတ်ရေးထိုးထားသော နုတ်ထွက်စာကို UNFC က မေလ ၂ ရက်နေ့က လက်ခံ ရရှိခဲ့သည်ဟု သတင်းဌာနတစ်ခုတွင် ဖော်ပြထားသည်။

KIO သည် အစိုးရဖော်ဆောင်နေသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းကြောင်းမဟုတ်ဘဲ ဝ ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP) အပါအဝင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့နှင့် နိုင်ငံရေးဆွေးနွေးရေး လမ်းကြောင်းဖြင့် ဆက်သွားရန် ဧပြီလ ၁၉ ရက်နေ့က ဖွဲ့စည်းလိုက်သည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီတွင် ပါဝင်ခဲ့သည်။

အဆိုပါ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင် ဖြစ်သော ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ကလည်း UNFC မှ နုတ်ထွက်၊ မနုတ်ထွက်ရေး လာမည့် ဇူလိုင်လတွင် အဖွဲ့အတွင်း အစည်းအဝေး ကျင်းပ၍ ဆုံးဖြတ်မည် ဖြစ်ကြောင်း ကြားသိရသည်။

အစိုးရထံ နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုဆိုင်ရာ ကိုယ်စားလှယ်အဖွ့ဲ (DPN) မှ တင်ပြထားသော အချက် ၉ ချက်ကို အစိုးရနှင့် ဆွေးနွေးညှိနှိုင်းမှု ရရှိပါက UNFC အဖွဲ့ဝင် တချို့ NCA လက်မှတ်ရေးထိုးမည်ဟု သတင်းများ ထွက်ပေါ်နေချိန် KIO က နုတ်ထွက်စာ တင်ကြောင်း သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။

နုတ်ထွက်စာတင်ခြင်းနှင့် ပတ်သက်၍ UNFC အဖွဲ့ဝင်တချို့ကလည်း KIO နုတ်ထွက်စာတင်ကြောင်း ကြားသိရသော်လည်း စာကိုယ်တိုင် မတွေ့ရသေးသဖြင့် အတည်မပြုနိုင်သေးကြောင်း အမည် မဖော်လိုသူ UNFC အဖွဲ့ဝင် တစ်ဦးက ပြောသည်။

“ကောလဟလတွေတော့ ကြားတယ်။ ဒါပေမဲ့ စာကတော့ ကျွန်တော်တို့ မတွေ့ရသေးဘူး။ သူတို့ပြောတာကတော့ ကေအိုင်အိုက ယူအန်အက်ဖ်စီကနေ နုတ်ထွက်စာ တင်လိုက်ပြီလို့ ပြောတယ်၊ အခုက မွန်နဲ့ ကရင်နီကလည်း ညီလာခံ ရှိတယ်။ အဲဒါတွေနဲ့ အစည်းအဝေး မထိုင်ဖြစ်သေးတာ ဖြစ်မယ်၊ ဒီလောက်အရေးကြီးရင်တော့အရေးပေါ်အစည်းအဝေး ရှိမှာပဲ”ဟု သူက မဇ္ဈိမကို ပြောသည်။

ထို့ပြင် UNFC ၏ ဒုဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူး တာဝန်ယူထားသော မွန်ပြည်သစ်ပါတီ (MNSP)နှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(KNPP) တို့လည်း ဌာနအတွင်း ညီလာခံ ကျင်းပသဖြင့် ဆက်သွယ်မေးမြန်း၍ မရခဲ့ပေ။

ပြီးခဲ့သည့် ဖေဖော်ဝါရီလက အစိုးရနှင့် ကေအိုင်အိုတို့ ရန်ကုန်မြို့တွင် တွေ့ဆုံရန် ညှိနှိုင်းမှုများ ရှိသော်လည်း ယခုနောက်ပိုင်း ဆွေးနွေးညှိနှိုင်းမှုများ မရှိသေးကြောင်း ဒုဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required