ထာဝရရဲ့ မင်းသမီး (သို့မဟုတ်) မောင်းမကန် အပိုင်း ၃

06 May 2017
ထာဝရရဲ့ မင်းသမီး (သို့မဟုတ်) မောင်းမကန် အပိုင်း ၃
 

ဝေဟင်မြင်ကွင်းကနေကြည့်လိုက်ရင် အဖြူရောင် သဲသောင်ပြင်တစ်ခုကို ထင်ထင်ရှားရှား မြင်နေရတယ်။ သူနဲ့ မျက်နှာချင်းဆိုင်မှာတော့ စိမ်းပြာပြာ ကပ္ပလီပင်လယ်ပြင်၊ ဒီထက်ပိုပြီးတော့ အနားတိုးပြီး ကြည့်လိုက်ရင်တော့ အတန်းလိုက်ရှိနေတဲ့ ပင်လယ်ကဗွီးပင်တန်းတွေ ငါးဖမ်းလှေတွေ၊ တံငါသည်တွေနဲ့ ပြန့်ပြူးညီညာနေတဲ့ ကမ်းခြေ ဒီနေရာဟာ သဘာဝနဲ့ အနီးပ်ဆုံး ကျန်ရှိနေတဲ့နေရာ ထားဝယ်လို့ဆိုလိုက်ရင် မောင်းမကန် ကမ်းခြေကိုပါ တန်းပြီးတော့ သိကြပါတယ်။ တကယ်တော့ မောင်းမကန် ကမ်းခြေဟာ ထားဝယ်ခရိုင်ထဲမှာပါဝင်တဲ့ လောင်းလုံးမြို့နယ်ထဲမှာ ရှိနေတာပါ။ ထားဝယ်ကနေ မောင်းမကန်ကို သွားမယ်ဆိုရင်တော့ ကားနဲ့ နာရီဝတ်လောက်ပဲ မောင်းရပါတယ်။ လမ်းတွေလည်းကောင်းတယ် ရှုခင်းတွေလည်းလှတယ်။ ပြီးတော့ တောင်တက်တောင်ဆင်း သုံးခါလောက်ဖြစ်နေတဲ့ နေရာတစ်ခုကိုလည်း ဖြတ်သွားရတယ်။ အဲဒီနေရာကိုတော့ သုံးထပ်လမ်းလို့ ခေါ်ကြပြီး ခရီးသွားပြည်သူတွေကလည်း အဲဒီနေရာမှာ အမှတ်တရဓာတ်ပုံတွေ ရိုက်ကြတယ်။ ဒီနေရာလေးကနေ မောင်းမကန်ကမ်းခြေကို လှမ်းပြီးတော့လည်း မြင်နိုင်သေးတယ်။

ဒီဗျူးပွိုင့်ကနေ လှမ်းကြည့်လိုက်မယ်ဆိုရင်တော့ ဟိုးဘက်မှာ ပင်လယ်ပြာပြာကြီးနဲ့ ကမ်းစပ်လမ်းတစ်လျှောက်ကိုလည်း အိမ့်မျက်တို့ မြင်နိုင်ပါတယ်။ မောင်းမကန်ကရေကို ချိုးရင် ဆွေမျိုးကို မေ့တယ်တဲ့။ မောင်းမကန်နဲ့ ပတ်သက်လို့ ပြောကြတဲ့ ဆိုရိုးစကားလေးပါ။ ဒီနေရာကို ကိုလိုနီခေတ်ကတည်းက ကမ်းခြေအဖြစ် ဖော်ထုတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းက ထားဝယ်ဒေသကို စည်းရုံးရေးဆင်းရင်းနဲ့ ဒီကမ်းခြေမှာ အနားယူခဲ့ပါတယ်တဲ့။ တကယ်တော့ မောင်းမကန်ကမ်းခြေဟာ မြန်မာနိုင်ငံမှာ ကျော်ကြားတဲ့ ကမ်းခြေတွေထဲက တစ်ခုပါ။ ဒါပေမယ့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် ခရီးသွားဧည့်သည်တွေ ခပ်ကျဲကျဲသာ ရှိနေခဲ့တယ်။ ဟော်တယ်တွေလည်း အခြားကမ်းခြေတွေလို အများကြီး မရှိသေးပါဘူး။ ဒါကြောင့်လည်း အခုလိုမျိုး သဘာဝနဲ့ အနီးစပ်ဆုံး ကျန်နေခဲ့တာလို့ ဆိုရမှာပါ။

 မောင်းမကန်ကမ်းခြေဟာ အနားယူ အပန်းဖြေဖို့အတွက် နေရာကောင်းအတွက် သက်မှတ်နိုင်တဲ့ အရေအသွေးတွေ ပိုင်ဆိုင်ထားပါတယ်။ ကမ်းခြေအနေအထားကို ကြည့်လိုက်မယ်ဆိုရင် တောင်မြောက် အလျားလိုက် လေးမိုင်လောက် ရှည်လျားနေတယ်။ ပင်လယ်ကမ်းစပ်ကို ကြည့်လိုက်မယ်ဆိုရင်လည်း ကမ်းခြေဟာ ပြေပြစ်ပါတယ်။   ကျောက်ဆောင်တွေလည်းမရှိဘူး။ ချောက်တွေလည်းကင်းတယ်။ ရေကျသွားတဲ့အခါမှာ သောင်ပြင်က ကျယ်ပြီးတော့ သဲကလည်းမာတယ်။ လမ်းလျှောက်လို့လည်းကောင်းတယ်။

မောင်းမကန်ကမ်းခြေရဲ့ နောက်ထပ် ထူးခြားတဲ့တစ်ချက်ကတော့ ပင်လယ်ကဗွီးတန်းတွေပါ။ အဲဒီမှာရှိတဲ့အပင်တွေက နှစ်ပေါင်း ၁၀၀ လောက် ရှိနေပြီလို့ ဆိုပါတယ်။ ရုတ်တရပ်ကြည့်လိုက်ရင် ထင်းရှူးပင်နဲ့ တူပါတယ်။ ဒါကြောင့် ပင်လယ်ထင်းရှူးလို့လည်း ခေါ်ပါတယ်တဲ့။ ဒီက ဒေသခံတွေပြောပြတဲ့ ပင်လယ်ကဗွီးတွေရဲ့ ကောင်းကျိုးကို ကြားလိုက်ရတော့ မောင်းမကန်ဟာ လုံးဝ မပျက်ယွင်းသေးတဲ့ နေရာတစ်ခုလို့ နားလည်လိုက်ပါတယ်။ ပြီးတော့ ပညာရှင်တွေရဲ့ သုံးသပ်ချက်တွေမျာလည်း ဒီဒေသမှာ ဇီဝ မျိုးစုံ မျိုးကွဲတွေ အများကြီး ကျန်နေသေးတယ်လို့ ဆိုထားပါတယ်။

မောင်းမကန်ကမ်းခြေဟာ အနောက်ဘက်ကို မျက်နှာမူထားလို့ နေဝင်ချိန်ကတော့ တော်တော်လေးကို လှပါတယ်။ ပြီးတော့ မောင်းမကန် နေဝင်ချိန်ရဲ့အလှကို အေးအေးဆေးဆေးနဲ့ ထိုင်ကြည့်လို့ရတယ်။ တိုက်ခက်လာတဲ့ ပင်လယ်လေကလည်း ခပ်သွဲ့သွဲ့လေး။ ဟိုးအဝေးက လှိုင်းသံတွေကလည်း ခပ်တိုးတိုးလေး အရောင်မျိုးစုံပြောင်းနေတဲ့ ကောင်းကင်နဲ့ ငြိမ်သက်နေတဲ့ ပင်လယ်ပြင်ကို ငေးကြည့်နေရင်းနဲ့ပဲ နေလုံးကြီးက နှုတ်ဆက်လို့ ကပ္ပလီပင်လယ်ပြင်ထဲကို တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားပါတော့တယ်။

နေကလည်းမြင့်လာပြီ ရေတက်တာကလည်း မြန်လာပြီ မောင်းမကန်နံနက်ခင်းကလည်း ပိုပြီးတော့ လှုပ်ရှားလာပြီ။ ကမ်းခြေကို မျက်နှာမူထားတဲ့ ဈေးဆိုင်တွေမှာလည်း လူစည်လာပြီ။

မောင်းမကန်ကမ်းခြေကို ဒေသခံတွေက ရေကူးဖို့ ရေကစားဖို့သက်သက် လာကြတာ များပါတယ်တဲ့။ ဒါကြောင့် ကမ်းခြေတောက်လျှောက်မှာလည်း ရေချိုးလို့ရတဲ့နေရာတွေကို ညွှန်ထားတဲ့ ဆိုင်းဘုတ်လေးတွေကို တွေ့ကြရသလို ဘန်ဂလိုငှားသည်ဆိုတဲ့ ဆိုင်းဘုတ်လေးတွေကိုလည်း လက်ညှိထိုးမလွဲ တွေ့နေရပါတယ်။ ဈေးဆိုင်တန်းတွေကတော့ ဆိုင်းသောက်ဆိုင်တွေက ပိုများပါတယ်။ အမှတ်တရပစ္စည်း အရောင်းဆိုင်တွေကိုလည်း တွေ့ရပါတယ်။

မောင်းမကန်ကမ်းခြေမှာ ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်ထားတဲ့ နေရာတစ်ခုလည်း ရှိနေပါသေးတယ်။ အဲဒါက ကမ်းခြေမှာ စီစီရီရီနဲ့ ဆိုက်ကပ်ထားတဲ့ ငါးဖမ်းလှေတွေပါ။

မောင်းမကန်မှာ ရေလာကူးတဲ့သူတွေက နေရာတစ်ခုကို ညွှန်လိုက်ကြသေးတယ်။ ကမ်းခြေမှာ ပင်လယ်ရေစိမ်ပြီး သွားကြပါတယ်တဲ့။ ကမ်းခြေကနေ ထားဝယ်ဘက်ကို ပြန်သွားတဲ့လမ်းမှာပဲ ရှိတဲ့နေရာပါ။ ကျွန်မတို့ ဒီနေရာကနေ ငါးမိနစ်လောက် ကားမောင်းသွားလိုက်တယ်ဆိုရင်ပဲ ရောက်ပါတယ်။ ရေပူစမ်းဆိုတဲ့ ရေချိုးတဲ့နေရာပါ။ ဒီရေကတော့ ရေချိုးဖို့အတွက်   တော်တော်ပူမယ်လို့ထင်ပါတယ်။

ဒါပေမယ့် စချိုးချိုးချင်း တစ်ခွက်နှစ်ခွက်လောက်ပဲ ပူတယ်လို့ ထင်ပါတယ်။ ဆက်တိုက်ချိုးရင်တော့ နေသာသွားမယ်လို့တော့ ထင်ပါတယ်။ ဒီမှာက ဒေသခံတွေရော ခရီးသွားဧည့်သည်တွေ တော်တော်များများက ရေချိုးကြပါတယ်။ ခလေးတွေဆိုရင်လည်း ယားနာတွေဘာတွေ ပျောက်တယ်လို့ ယူဆရသလို လူကြီးတွေအနေနဲ့လည်း အကြောအချဉ်တွေပြေလျော့တယ်။ သူတို့ရဲ့ ညောင်းညာမှုတွေ ပြေလျော့သွားတယ်လို့ ခံစားရပါတယ်တဲ့။

အခုတော့ ထားဝယ်ဒေသဟာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာလို့ ပြည်တွင်းခရီးသွားတွေရဲ့ စိတ်ဝင်စားမှုကို ခံနေရပါပြီ။ ထိုင်းနိုင်ငံနဲ့ နယ်စပ်ဂိတ်ကိုပါ ဖွင့်လှစ်လိုက်တာကြောင့် နိုင်ငံခြားသား ဝင်ရောက်မှုတွေလည်း များလာပါပြီ။ ဒါကြောင့် မောင်းမကန်ကမ်းခြေဟာလည်း ဖွံ့ဖြိုးဖို့ အားယူနေပါပြီ။ အခုဆိုရင် ဒီကမ်းခြေဟာဆိုရင် ခရီးသွားဧည့်သည် အလာမများသေးတာရယ် ပြီးတော့ ဒီကမ်းခြေတစ်ဝိုက်မှာဆိုရင်လည်း ဟော်တယ်လိုမျိုး ကြီးကြီးမားမား ရှိတာမျိုးမဟုတ်ပဲနဲ့ သဘာဝ ပစ္စည်းလေးတွေ ရောင်းချတဲ့ ဈေးဆိုင်တန်းလေးတွေရယ် ပြီးတော့ ထူးထူးခြားခြား ဒီကမ်းခြေရဲ့အလှကို ရုပ်ပျက်သွားစေမယ့် ပျက်စီးသွားစေမယ့် အရာတွေ တည်ဆောက်ထားတာ ဘာမှမရှိတဲ့အတွက် ဒီ မောင်းမကန်ရဲ့ အလှက သဘာဝအတိုင်း လှပနေပါသေးတယ်။

အပိုင်း (၁) ကို အောက်ပါလင့်တွင်ဖတ်ရှု့နိုင်ပါသည် -http://www.mizzimaburmese.com/article/25524

အပိုင်း ( ၂) ကို အောက်ပါလင့်တွင် ဖတ်ရှု့နိုင်ပါသည် - http://www.mizzimaburmese.com/article/26385

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly