တရုတ်နှင့် ရုရှက ရေတပ်၊ လေတပ်ပူးတွဲ စစ်ရေးလေ့ကျင့်မှုပြုလုပ်မည်

တရုတ်နှင့် ရုရှက ရေတပ်၊ လေတပ်ပူးတွဲ စစ်ရေးလေ့ကျင့်မှုပြုလုပ်မည်

ပေကျင်း၊ ဇူလိုင် ၃၁ ။       ။ ဂျပန်ပင်လယ်၏ ရေပြင်နှင့် ဝေဟင်တွင် တရုတ်နှင့် ရုရှတို့က ရေတပ်၊လေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သွားမည်ဟု တရုတ်က ဇူလိုင် ၃၀တွင် ထုတ်ပြန်ခဲ့ရာနှစ်နိုင်ငံ ကြားကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုနောက် အကျဆုံးဖြစ်စဉ်ဖြစ်သည်။

လေ့ကျင့်မှုများကို သြဂုတ် ၂၀မှ ၂၈ အထိ ရုရှကမ်းလွန် မဟာပီတာပင်လယ်ကွေ့နှင့် အခြားနေရာများတွင် ပြုလုပ်သွားမည်ဟု ကာကွယ်ရေးဝန်ကြီးဋ္ဌာနပြောခွင့်ရပုဂ္ဂိုလ် ယန်ယုကျွန်က သတင်းထောက် များကိုပြောကြားခဲ့သည်။

လေ့ကျင့်မှုများပြုလုပ်ခြင်း၏ အဓိကရည်ရွယ်ချက်မှာ ပင်လယ်ရေကြောင်းခြိမ်းခြောက်မှုများကို ပူးတွဲကိုင်တွယ်ရာတွင် စွမ်းဆောင်ရည်ပိုမိုမြင့်မားလာရန်ဖြစ်သည်ဟု ယန်ကဆိုသည်။

လေ့ကျင့်မှုများတွင် လေကြောင်းကာကွယ်ရေး၊ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးနှင့် ရေပြင်မြေပြင်စစ်ဆင်ရေးများ၊ ကမ်းတက်တိုက်ခိုက်မှုများနှင့် ယင်းတို့နှင့်ဆိုင်ရာလေ့ကျင့်ပေးခြင်းများလည်း ပါဝင်သည်ဟု ၎င်းကထပ်မံပြောကြားခဲ့သည်။

တရုတ်သည် လေ့ကျင့်ရာသို့ ဖျက်သင်္ဘောတစ်စီးနှင့် ဖရီးဂတ်သင်္ဘောတစ်စီးအပါအဝင် ရေတပ်သင်္ဘော ခုနှစ်စီးပို့မည်ဟု ယန်ကပြောသည်။

ရုရှဖက်ကလည်း ရေပေါ်သင်္ဘောများ၊ ရေငုပ်သင်္ဘောများနှင့် လေယာဉ်များပါဝင်မည်ဟု ၎င်းကပြောသည်။ ထို့အပြင် နှစ်ဖက်စလုံးက သင်္ဘောပေါ်တင် ရဟတ်ယာဉ်များနှင့် မရိန်းတပ်ဖွဲ့ဝင်များစေလွှတ် မည်ဟု ၎င်းကထပ်ပြောသည်။

ပေကျင်းနှင့် မော်စကိုတို့ စစ်ရေး၊ နိုင်ငံရေးနှင့် စီးပွားရေးနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု အရှိန်မြင့်နေစဉ် ယခုစစ်ရေးလေ့ကျင့်မှုများ ပေါ်ထွက်လာခြင်းဖြစ်သည်။ မေလကလည်း တရုတ်နှင့် ရုရှတို့သည် ပင်လယ်နက်ရှိ ဥရောပရေပြင်များနှင့် မြေထဲပင်လယ်တွင် ပထမဆုံးအကြိမ်ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့သည်။ တရုတ်အနေဖြင့် ၎င်း၏ရေပိုင်နက်မှ အဝေးဆုံးနေရာတွင် ပထမဆုံး အကြိမ်ရေတပ်လေ့ကျင့်မှုဖြစ်သည်။

တရုတ်သမ္မတရှီကျင်ပင်းနှင့် ရုရှသမ္မတ ဗလာဒီမာပူတင်တို့သည် ထိပ်သီးဆွေးနွေးပွဲများ မကြာခဏကျင်းပလေ့ရှိပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများဖြစ်သော ၎င်းတို့နှစ်နိုင်ငံက ဆီးရီးယားပဋိပက္ခကဲ့သို့ သဘောထားကွဲလွဲလေ့ရှိသောပြသနာများတွင် တူညီသည့်ရပ်တည်ချက်များ ထားရှိခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required