ကျောက်ဖြူရေနက်ဆိပ်ကမ်းရဲ့ ရှယ်ယာ ၈၅ ရာခိုင်နှုန်းထိ ရဖို့ တရုတ်တို့ တောင်းဆိုနေဟု သတင်းထွက်

.

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းမှာ အစုရှယ်ယာ ပိုင်ဆိုင်ခွင့် ၈၅ ရာခိုင်နှုန်းထိ ရရှိဖို့ တရုတ်တို့ဘက်က ကြိုးပမ်းလာနေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ပေကျင်းအစိုးရအနေနဲ့ အာရှဒေသနဲ့ ယင်းကို ကျော်လွန်ပြီး ချိတ်ဆက်မယ့် ယင်းရဲ့ "One Belt, One Road" အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု အစီအစဉ် တစ်စိတ်တပိုင်းအဖြစ် ယခုလို ဘင်္ဂလားပင်လယ်အော်မှာ ရှိတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းကို ကောင်းစွာ ၀င်ထွက်အသုံးပြုနိုင်ဖို့ အတွက် ကြိုးပမ်းနေလျက်ရှိတာဖြစ်ပါတယ်။

တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဖော်ဆောင်နေတဲ့ ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံတန် အဆိုပါ ရေနက်ဆိပ်ကမ်းမှာ ပိုင်ဆိုင်ခွင့် ၇၀ ကနေ ၈၅ ရာခိုင်နှုန်းကြား ရဖို့ တရုတ်ရဲ့ CITIC Group ဦးဆောင်တဲ့ အကျိုးတူ လုပ်ငန်းအဖွဲ့အစည်းက အဆိုပြုတင်သွင်းထားတယ်လို့ ရိုက်တာသတင်းဌာနက ဆိုပါတယ်။

အဆိုပါ ရေနက်ဆိပ်ကမ်းမှာ လုပ်ငန်းပိုင်ဆိုင်ခွင့် ၅၀/၅၀ နဲ့ လုပ်ဆောင်ဖို့ ယမန်နှစ်က မြန်မာအစိုးရဘက်က အဆိုပြုထားခဲ့တာဖြစ်ပေမယ့် ယခုလို တရုတ်အစိုးရပိုင်လုပ်ငန်းက ယခုလို ပိုင်ဆိုင်ခွင့် တိုးမြှင့်တောင်းခံဖို့ လုပ်ဆောင်လာတာလည်း ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ တရုတ်အစိုးရအနေနဲ့ မြန်မာပြည်သူတွေ အသည်းအသန် ကန့်ကွက်ထားတဲ့ ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံတန် မြစ်ဆုံစီမံကိန်းကို စွန့်လွှတ်ပေးလိုတဲ့ အရိပ်အယောင်တွေ   ပြသထားပေမယ့်လည်း တစ်ဘက်မှာတော့ အပြန်အလှန်အနေနဲ့ ယင်းတို့အတွက် အရေးပါတဲ့ ဘင်္ဂလားပင်လယ်အော်က ရေနက်ဆိပ်ကမ်းစီမံကိန်းအပါအ၀င် မဟာဗျူဟာကျ အခွင့်အရေးတွေကို ဆုပ်ကိုင်နိုင်ဖို့ ကြိုးပမ်းလာနေတယ်ဆိုပြီး ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ထုတ်ဖော်ခဲ့တယ်လို့သိရပါတယ်။