ခန္တီး-မုံရွာ ပြေးဆွဲနေသည့် အမြန်ရေယာဉ်ပေါ်တွင် ခါးပိုက်နှိုက်တစ်ဦး ဖမ်းဆီးရမိ

ခန္တီး-မုံရွာ ပြေးဆွဲနေသည့် အမြန်ရေယာဉ်ပေါ်တွင် ခါးပိုက်နှိုက်တစ်ဦး ဖမ်းဆီးရမိ

မုံရွာ၊မေ ၆ ။                    ။ ခန္တီးမှ မုံရွာသို့ စုန်ဆင်းလာသည့် ရွှေလမ်းသစ်ရေယာဉ်အသင်းမှ ရွှေပြည့်ဖြိုး အမြန်ရေယာဉ်ပေါ်တွင် ခါးပိုက်နှိုက်တစ်ဦးကို မေလ ၆ ရက်၊နံနက် ၁၀ နာရီက ကနီမြို့နယ်၊ ရွှေစာရေးကျေးရွာအနီး ခရီးသွားများက ဝိုင်းဝန်းဖမ်းဆီးခဲ့သည်။

ခရီးသွားအမျိုးသမီးတစ်ဦးက ငွေကျပ်သုံးသိန်းကျော်ပျောက်ဆုံးနေရာမှ မသင်္ကာသူကို ရှာဖွေဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

ငွေကျပ်သုံးသိန်းကျော်ပျောက်ဆုံးခဲ့သူ အမျိုးသမီးက "ညက ကျွန်မတို့အနီးလာထိုင်ကတည်းက မသင်္ကာဘူး။ ဒါပေမယ့် ခရီးသွားအချင်းချင်းဆိုတော့ ကိုယ်ချင်းစာပြီး ဘာမှမပြောဘူး။ အခု မနက် ပိုက်ဆံအိတ်ကြည့်မှ ငွေမရှိတော့တာ သိတယ်။ ဒါနဲ့ ဘေးက ခရီးသွားတွေကို အကူအညီတောင်း၊ မော်တော်အုပ်ကို အကူအညီတောင်းပြီး ရှာတော့ သူဆီကပြန်တွေ့တာပဲ"ဟု ပြောသည်။

ထိုနေ့ညမှာပင် ခရီးသွားတစ်ဦးမှာ ဖုန်းတစ်လုံးပျောက်ဆုံးခဲ့ရာ အဆိုပါဖမ်းဆီးထားသူထံမှပင် ပြန်လည်သိမ်းဆည်းရမိခဲ့သည်။

ရေယာဉ်အုပ် ဦးတင်ဇော်က "သူ့ကို မုံရွာမြို့မရဲစခန်းကို အပ်မှာပါ။ ကျွန်တော်တို့ ရေယာဉ်ပေါ်ဖြစ်တာဆိုတော့ ကျွန်တော်တို့မှာလည်း တာဝန်ရှိပါတယ်"ဟု ပြောသည်။

အဆိုပါရေယာဉ်သည် ခန္တီးမြို့မှ မေလ ၅ ရက်၊နံနက်ပိုင်းက စတင်ထွက်ခွာခဲ့ပြီး မုံရွာမြို့ကို ယနေ့ မေလ ၆ ရောက်ရှိမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required