အစိုးရဟောင်းလက်ထက် ဧရာဝတီတိုင်းအစိုးရရန်ပုံငွေအား စိစစ်နေပြီ

အစိုးရဟောင်းလက်ထက် ဧရာဝတီတိုင်းအစိုးရရန်ပုံငွေအား စိစစ်နေပြီ

ပုသိမ်၊ မေ ၅ ။               ။ အစိုးရဟောင်းလက်ထက် ဧရာဝတီတိုင်း၏ ပထမအကြိမ် တိုင်းအစိုးရရန်ပုံငွေအား စိစစ်ဆောင်ရွက်နေပြီဟု ဧရာဝတီတိုင်း လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက မဇ္ဈိမသို့ပြောသည်။

"လွှတ်တော်မှာ မေးခွန်းမေးလာနဲ့ပတ်သက်ပြီး အစိုးရပြန်ဖြေထားတာရှိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်းအစိုးရအစည်းအဝေးမှာတင်ပြီး ဆွေးနွေးထားတာရှိတယ်။ စာရင်းချုပ်လည်းပါပါတယ်။ ဆက်လက်ဆောင်ရွက်နေမှုတွေရှိပါတယ်။”ဟု ဝန်ကြီးဦးဝင်းဌေးက မဇ္ဈိမသို့ပြောသည်။

ယင်းသို့ စီစဉ်ဆောင်ရွက်မှုလုပ်ဆောင်ရန်အတွက် ဖျာပုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာမင်းသိန်းက ဧရာဝတီတိုင်းဒေသကြီး ပထမပုံမှန်အစည်းအဝေးတွင်   မေးမြန်းခဲ့ခြင်းဖြစ်သည်။

သို့သော် ဖျာပုံမြို့နယ် တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးဇေယျာမင်းသိန်းကမူ "စာရင်းချုပ်ဆီက ပြန်လာတဲ့အဖြေက ဖောင်းဒေးရှင်းကအချက်အလက်တွေတောင်းတဲ့အခါ လာရောက်တင်ပြနိုင်ခြင်း မရှိတဲ့အတွက် ဆက်လက်ဆောင်ရွက်နိုင်ခြင်းမရှိတဲ့အတွက် တင်ပြထား၊ ဒီအပေါ်မှာ အားမလိုအားမရဖြစ်ပါတယ်။ လက်ရှိအဖြေကလွဲပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က ကျွန်တော်မေးတဲ့   မေးခွန်းအပေါ်မှာ ဆောင်ရွက်ထားမှု ဘာမှမရှိသေးပါဘူး” ဟု ဆိုသည်။

ယင်းကိစ္စအပေါ် တိုင်းဒေသကြီးအတွက် ဖွံ့ဖြိုးရေးရန်ပုံငွေ ပြန်လည်ရရှိရန် သီးခြားဆွေးနွေးရန်ရှိကြောင်း ဦးဇေယျာမင်းသိန်းက ပြောသည်။

"လွှတ်တော်ထဲမှာ လူမှုရေးဝန်ကြီးပြန်ဖြေသွားသလို့ တစ်ပြားတစ်ချပ်မှ လွှဲပြောင်းပေးခဲ့ခြင်းမရှိဘူးဆိုတာ ကျွန်တော်တို့တိုင်းဘဏ္ဍာရေးအခြေအနေဟာ ထင်သာမြင်သာရှိပါတယ်။ အခုဆိုရင် ရန်ပုံငွေသာလည်ပတ်ဖို့ရှိရင် အချိန်နဲ့တပြေးညီဆောင်ရွက်ရမှာမျိုးတွေရှိတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အားမရပါဘူး။ ဒီအပေါ်မှာထိထိမိမိဆောင်ရွက်စေချင်ပါတယ်”ဟု ဖျာပုံမြို့နယ်တိုင်းဒေသကြီးကိုယ်စားလှယ် ဦးဇေယျာမင်းသိန်းက တိုက်တွန်းလိုက်သည်။

ဧရာဝတီတိုင်း လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး (ဟောင်း) ဦးသန်းထွန်းကမူ ဧရာဝတီတိုင်းအတွင်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် လမ်း၊ တံတား လေလံတင်ရာတွင် လေလံစိတ်ဝင်စားကြေး ကျပ်သိန်း ၃၆၀၀ ကျော် ရရှိထားပြီး တိုင်းအစိုးရရန်ပုံငွေအဖြစ် ထည့်သွင်းထားသည်ဟု ၂၀၁၄ခုနှစ်အတွင်းက မဇ္ဈိမကို ပြောခဲ့ဖူးသည်။

အလားတူကိစ္စရပ်တစ်ခုဖြစ်သည့် မကွေးတိုင်းတွင်လည်း ယခင်အစိုးရလက်ထက်တွင် ကောက်ခံထားသည့် ရေနံလက်ယက်တွင်းလုပ်ငန်းရှင်များထံမှ ရရှိသည့် ဖွံဖြိုးရေးရန်ပုံငွေ ကျပ် ၇ ဒသမ ၄၅၉ဘီလီယျံပျောက်ဆုံးနေခဲ့ပြီး ထိုအထဲမှ ၁ ဒသမ ၇ ဘီလီယံကို ကြံ့ခိုင်ရေးပါတီသို့ ယခင်ဝန်ကြီးချုပ်ဟောင်းက လှူဒါန်းခဲ့ပြီး နောက်ထပ် ၁ ဒသမ ၅၇ဘီလီယံကို ရွှေသုခငွေချေးလုပ်ငန်းသို့ လွှဲပြောင်းပေးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly