Myanmar Idol Season 2 ပြိုင်ပွဲဝင် ဇင်ကြီး သရုပ်ဆောင်လုပ်ပြီ

Myanmar Idol Season 2 ပြိုင်ပွဲဝင် ဇင်ကြီး သရုပ်ဆောင်လုပ်ပြီ

ရန်ကုန်၊ မေ ၅ ။           ။ Myanmar Idol Season 2 တေးသီချင်း ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ပြီး ပရိသတ် အားပေးမှုရရှိခဲ့သည့် ဇင်ကြီးသည် မကြာမီမျှော် ရုပ်ရှင်ဇာတ်ကားကြီးတွင် ပထမဆုံး အနေဖြင့် ပါဝင်သရုပ်ဆောင်သွားမည် ဖြစ်သည်။

မကြာမီမျှော် ရုပ်ရှင်ဇာတ်ကားကြီးကို ဇာတ်လမ်း၊ ဇာတ်ညွှန်း Mr.J.Krishina Murithy ဖြစ်ပြီး ဒါရိုက်တာ အဖြစ် Mr.J.Krishina Murithy နှင့် ဖြိုးသစ္စာ တို့ဖြစ်ကာ သရုပ်ဆောင်များ အဖြစ် ဝေဠုကျော်၊ သူထူးစံ၊ နေနော်၊ ဇင်ကြီး (Myanmar Idol)၊ အေးမြတ်သူ၊ မေဘရဏီသော် (Miss Universe myanmar 2015)၊ ပါဝိ(မွေထိုင်းချန်ပီယံ)၊ ဝင်းနောင် (ယဉ်ကျေးမှုသဘင်)၊ လုံးမာန် နှင့် အနုပညာရှင် များစွာမှ ပါဝင်သရုပ်ဆောင်ကြမည် ဖြစ်သည်။

ဇင်ကြီးက “ပထမဆုံး အခွင့်အရေးတစ်ခုဖြစ်တဲ့အတွက် ရင်ခုန်မိပါတယ်။ စိတ်လဲလှုပ်ရှားတယ်။ ဒီကားမှာပါတဲ့ စီနီယာတွေရဲ့ သင်ပြမှုတွေနဲ့ ကြိုးစားပြီး သရုပ်ဆောင်သွားမှာပါ။ ရုပ်ရှင်ဇာတ်ကားတွေ များများကြည့်တယ်။ ဇာတ်ညွှန်းလဲ သေချာဖတ်တယ်။ ကျွန်တော့်အတွက် ကြိုးစားမှုတစ်ခုဖြစ်မယ့်အတွက် လက်ခံရိုက်ကူး ဖြစ်တာပါ” ဟု ပြောသည်။

Myanmar Idol Season 2 တွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ဇင်ကြီးသည် Myanmar Idol Season 2 ၏ Top 6 ယှဉ်ပြိုင်မှုတွင် တေးသံရှင် ဝင်းဦး သီဆိုခဲ့ပြီး   အောင်မြင်ကျော်ကြားခဲ့သည့်   တေးသီချင်းများ သီဆိုယှဉ်ပြိုင်မှုတွင် မဲရရှိမှု အနည်းဆုံးဖြင့် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသူ တစ်ဦးလည်းဖြစ်သည်။

ဇင်ကြီးသည် မဲရရှိမှု အနည်းဆုံးဖြင့် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသော်လည်း PANTENE Wild Card အစီအစဉ် ဖြင့် ပြိုင်ပွဲကို ပြန်လည်ရောက်ရှိလာခဲ့ကာ Blues Songs Week တွင် အဆိုတော် ထူးအိမ်သင်၏ အမေရဲ့ ဒုက္ခအိုးလေး သီချင်းဖြင့် သီဆိုခဲ့ကာ မဲရရှိမှု အနည်းဆုံးဖြင့် ပြိုင်ပွဲမှ ထပ်မံထွက်ခွာရခြင်း ဖြစ်သည်။

ထိုရုပ်ရှင်ဇာတ်ကားတွင် ဇင်ကြီး သည် နာမည်ကြီး သရုပ်ဆောင်များနှင့် အတူ ပါဝင် သရုပ်ဆောင်ရမည် ဖြစ်ပြီး အိန္ဒိယနိုင်ငံမှ ဒါရိုက်တာတစ်ဦး ပထမဆုံး လာရောက် ရိုက်ကူးသည့် ရုပ်ရှင်ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင် ခွင့်ရခြင်း ဖြစ်သည်။

ဇာတ်ကား ရိုက်ကူးမှုအပြင် အဆိုဝါသနာပါသည့် ဇင်ကြီးသည် တစ်ကိုယ်တော် တေးအယ်ဘမ်ထွက်နိုင်ရန်အတွက် တေးသီချင်းများ စုစည်းလျက်ရှိပြီး ရုပ်ရှင်ဇာတ်ကား ရိုက်ကူးပြီးစီးမှ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်သည်။

မကြာမီမျှော် ရုပ်ရှင်ဇာတ်ကားကြီးကို မေလ ၅ရက်မှ စတင်ပြီး မြဝတီတွင် သွားရောက် ရိုက်ကူးမည် ဖြစ်ကာ ရက် ၂ဝကျော်ကြာ ရိုက်ကူးသွားမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly