အဆိုတော် အိမ့်ချစ်၏ ကိုယ်ပိုင်တံဆိပ် Emily ဆိုင်သစ်ဖွင့်လှစ်

အဆိုတော် အိမ့်ချစ်၏ ကိုယ်ပိုင်တံဆိပ် Emily ဆိုင်သစ်ဖွင့်လှစ်

ရန်ကုန်၊ မေ ၄ ။               ။ အဆိုတော်အိမ့်ချစ်သည် ၎င်း၏ အကိုဖြစ်သူနှင့် အတူ MH Mobile & Service နှင့် Emily Store ကို ရန်ကုန်မြို့၊ ဗဟန်း မြို့နယ်၊ ဦးချစ်မောင်လမ်းမပေါ်ရှိ အမှတ် ၁၅၃ တွင် မေလ ၄ရက်က စတင်ပြီး ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

အဆိုတော် အိမ့်ချစ်သည် ၎င်း၏ ကိုယ်ပိုင်တံဆိပ်ဖြစ်သည့် Emily အမှတ်တံဆိပ် အမျိုးသမီး အဝတ်အထည်နှင့် အသုံးအဆောင်များကို ယခင်က အွန်လိုင်းမှ ရောင်းချခြင်းဖြစ်ပြီး ယခုအခါတွင် ဝယ်ယူသူများအတွက် တစ်နေရာထဲတွင် လာရောက်ဝယ်ယူနိုင်ရန်အတွက် ဆိုင်အနေဖြင့် ဖွင့်လှစ် ရောင်းချခြင်း ဖြစ်သည်။

အဆိုတော်အိမ့်ချစ်က “အိမ့်ချစ်ရဲ့ အကိုအကြီးဆုံး ကိုမင်းသက်ပိုင်နဲ့ တွဲလုပ်ဖြစ်တာ အကိုက နဂိုကတည်းကလည်း စီးပွားရေးလုပ်လာတယ် mobile ဆိုင်တွေလည်း ရှယ်ယာတွေထည့်ပြီး ဖွင့်ခဲ့တာရှိတော့ အခုဆိုင်ကတော့ အိမ့်ချစ်တို့ မောင်နှမနှစ်ယောက်တည်း သီးသန့်လုပ်တဲ့ ကိုယ်ပိုင်ဆိုင်လေးဖြစ်သွားတာပေါ့။ အိမ့်ချစ်ကလည်း Emily By Eaint Chit ကို အွန်လိုင်းကနေ ရောင်းချပေးတယ်။ ဒါပေမယ့် ဘာဖြစ်လာလဲဆိုတော့ တချို့ Customer တွေကျတော့ ကိုယ်တိုင်ဝတ်ကြည့်ချင်တာ၊ ကိုယ်တိုင်လာဝယ်ချင်တာရှိတော့ နေရာတစ်နေရာလိုလာပြီဖြစ်တဲ့အတွက် Customer တွေ အဆင်ပြေအောင် အမြန်ဆုံး မောင်နှမနှစ်ယောက်ပေါင်းပြီး အောက်ထပ်မှာ Mobile Shop အပေါ်ထပ်မှာ အပေါ်ပိုင်းမှာ Emily Shop လေး လုပ်ဖြစ်တဲ့ သဘောပါ” ဟု ပြောသည်။

အဆိုတော် အိမ့်ချစ်အနေဖြင့် Emily Shopကို နောက်ပိုင်းတွင် ဝယ်ယူသည့် လွယ်ကူနိုင်သည့် နေရာများတွင် ဆိုင်ခွဲသစ်များ ဖွင့်လှစ်သွားရန်လည်း စီစဉ်ထားပြီး လက်ရှိမှာတော့၊ ဦးချစ်မောင်လမ်းတွင် ပထမဆုံး ဖွင့်လှစ်ရောင်းချပေးခြင်း ဖြစ်သည်။

ဒီဇိုင်းပိုင်းနှင့် ပတ်သက်ပြီး ၎င်းကိုယ်တိုင်ထုတ်လုပ်ရောင်းချခြင်းဖြစ်သည့်အတွက် ကိုယ်ပိုင် စိတ်ကြိုက်ဒီဇိုင်းများကို ဦးစားပေးထုတ်လုပ်ဖြစ်ပြီး ပစ္စည်းအရည်အသွေးပိုင်းကို ပြည်တွင်းမှာ ကိုယ်တိုင်ချုပ်ပြီး ရောင်းချသလို ပြည်ပမှလည်းမှာယူပြီး ရောင်းချပေးထားသည်။

Emily Shop တွင် အမျိုးသမီးငယ်လေးတွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ရောင်းချပေးသလို နောက်ပိုင်းတွင် ကလေးများအတွက်အပြင် ခန္ဓာကိုယ်ဝသူများအတွက်လည်း ဝတ်နိုင်မည့် ဒီဇိုင်းများကိုပါ ရည်ရွယ်ထုတ်လုပ်ရောင်းချသွားမည်ဟု သိရသည်။

လက်ရှိ အဝတ်အထည် ဈေးနှုန်းပိုင်းကို ၂သောင်းအောက် သတ်မှတ်ပြီး ရောင်းချပေးထားကာ ဈေးနှုန်းနည်းပြီး ကွာလတီကောင်းသည့် အရာမျိုးကို ဝတ်ချင်သူများ နှင့် ဈေးနှုန်းများပြီး ကွာလတီကောင်းကောင်း သပ်သပ်ရပ်ရပ် ဝတ်ချင်သူများအတွက်ကိုလည်း မျှပြီး ရောင်းချပေးသွားမည်ဖြစ်သည်။

အဆိုတော် အိမ့်ချစ်သည် ၎င်း၏ Emily Shop တွင် ရာသီဥတု နှင့် လိုက်လျောညီထွေဖြစ်မည့် အဝတ်အထည်များကို ထုတ်လုပ်ရောင်းချပေးသွားမည်ဖြစ်ကာ အဝတ်အထည်အပြင် အိတ်၊ ဖိနပ်၊ ဖန်စီပစ္စည်းအမျိုးမျိုးကိုလည်း ထုတ်လုပ်ရောင်းချရန် စီစဉ်ထားသည်။

ဆိုင်ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် စတင်ဖွင့်လှစ်သည့် မေလ ၄ရက်မှ ၇ရက်အထိ ၄ရက်တိုင်တိုင် ဆိုင်တွင် လာရောက်ဝယ်ယူအားပေးသည့် Customer များကို မည်သည့် ပစ္စည်းဝယ်ဝယ် ၅၀%အထူးလျော့ဈေးဖြင့် ရောင်းချပေးသွားမည်ဟု သိရသည်။

စီးပွားရေးလုပ်ငန်း အပြင် အနုပညာလှုပ်ရှားမှုအနေဖြင့် ၎င်း၏ တတိယမြောက် တစ်ကိုယ်တော် တေးအယ်ဘမ်ဖြစ်သည့် အိမ့်ချစ်ဟုခေါ်သည် တေးအယ်ဘမ်ကို လက်ရှိတွင် MTV ရိုက်ကူးလျက် ရှိပြီး နောက်နှစ်တွင် ထွက်ရှိနိုင်ရန် စီစဉ်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly