စပါးခွံများ ဖုံးအုပ်သယ်ဆောင်လာသော ပိတောက်သစ်များ ၁၂ ဘီးကားနှစ်စီးဖြင့် မူဆယ်လမ်းတွင်ဖမ်းမိ

စပါးခွံများ ဖုံးအုပ်သယ်ဆောင်လာသော ပိတောက်သစ်များ ၁၂ ဘီးကားနှစ်စီးဖြင့် မူဆယ်လမ်းတွင်ဖမ်းမိ
ဓာတ်ပုံ- ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း

ရန်ကုန်၊ မေလ ၅  ။                ။ မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးရှိ  မိုင်တိုင်အမှတ် ၂၁၉/ ၄ မန်ပြိန်းရွာ(ကွတ်ခိုင်မြို့နယ်)တွင် စပါးခွံအိတ်များ ဖုံးအုပ်လျက် ၁၂ ဘီးကားနှစ်စီးဖြင့် တရားမဝင်သယ်ဆောင်လာသည့် ပိတောက်သစ်များကို မေလ ၅ ရက်၊ မနက် ၆ နာရီကျော်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့ တာဝန်ခံ၊ အကောက်ခွန် ဦးစီးဌာနရုံးချုပ် ဒုတိယညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင်က မဇ္ဈိမသို့ ပြောသည်။

အဆိုပါ ပိတောက်သစ်များ သယ်ဆောင်လာသည့် ၁၂ ဘီးကားနှစ်စီးကို သတင်းပေးချက်အရ  ရေပူစစ်ဆေးရေးအဖွဲ့မှ သိန်းန္နီမြိ့နယ်အုပ်ချုပ်ရေးမှူး၊နယ်မြေခံရဲတပ်ဖွဲ့နှင့် ပိန်းဆာပြည်သူစစ်အဖွဲ့တို့နှင့်ပူးပေါင်း၍ ရှာဖွေဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကွတ်ခိုင်မြို့နယ်၊ မန်ပြိန်းရွာအဝင်တွင် ကားသမားနှစ်ဦးနှင့်အတူ စပါးခွံအိတ်များဖုံးအုပ်လျက် ပိတောက်သစ်များကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ မနေ့က ၅ နာရီလောက်မှာ သတင်းပေးတာပေါ့။ အဲ့ဒီသစ်ကားတွေ ၃ နာရီလောက်က  ထုံးဘိုကို ဖြတ်သွားပြီဆိုပြီတော့။ ကိုယ်တို့ တစ်ညလုံးစောင့်ဖမ်းနေတာ။ ခုမနက်မှပဲ မိတယ်" ဟု ဦးတက်ထွန်းအောင်ကပြောသည်။

အဆိုပါဖမ်းဆီးရမိသည့် ပိတောက်သစ်များကို စစ်ဆေးပြီးပါက ကွတ်ခိုင်မြို့နယ်သစ်တောဦးစီးဌာနသို့ လွဲပြောင်းပေးသွားမည်ဖြစ်ပြီး ကားသမားနှစ်ဦးနှင့် ကားများကို ကွတ်ခိုင်ရဲစခန်းသို့ လွဲပေးရန် စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။

မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးရှိ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းဂိတ်မှ နေ့စဉ် ကုန်တင်ကားပေါင်း ၅ဝဝဝမှ ၆ဝဝဝထိ ဖြတ်သန်းသွားလာနေပြီး အဆိုပါ ကားများမှ တရားမဝင် သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများ၊ မှောင်ခိုကျောက်စိမ်းများနှင့် သစ်များ၊ အရည်အသွေးမမှီသည့် စားသောက်ကုန်များ၊ အခွန်မဲ့စားသောက်ကုန်စည်များနှင့် အသုံးအဆောင်ပစ္စည်းများကို    ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့ ၁၂ ဖွဲ့မှ ဇန်နဝါလ ၁၆ ရက်မှ စတင်ကာ စစ်ဆေးဖမ်းဆီးနေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required