ပယောဂကုသည်ဟုဆိုကာ ကလေးငယ်သုံးဦး သေဆုံးစေခဲ့သောအမှု စွဲချက်တင

ပယောဂကုသည်ဟုဆိုကာ ကလေးငယ်သုံးဦး သေဆုံးစေခဲ့သောအမှု စွဲချက်တင

ရန်ကုန်၊ မေလ ၄ ။            ။ မကောင်းဆိုးဝါးများပူးကပ်နေ၍ ပယောဂကုသသည်ဟုဆိုကာ ရိုက်နှက်သဖြင့် ကလေးငယ် သုံးဦးသေဆုံးခဲ့သည့်အမှု ကျူးလွန်ခဲ့သည်ဟု ယူဆရသော ထွန်းနိုင်အား သန်လျင်မြို့၊ ရန်ကုန်တောင်ပိုင်းခရိုင်တရားရုံးမှ မေလ ၄ ရက်နေ့တွင် စွဲချက်တင်ကြောင်း ဆုံးဖြတ်လိုက်သည်။

“ လာမယ့် မေလ ၉ ရက်နေ့ကို ထပ်ပြီး ရုံးချိန်းလိုက်ပါတယ်။ အဲ့ဒီနေ့မှာ ပြန်ခေါ်သက်သေတွေဖြစ်တဲ့ တရား လိုပြသက်သေတွေကို ထပ်ပြီး စစ်ဆေးသွားမှာပေါ့။ ဒီနေ့တော့ ဒီအမှုနဲ့ ပတ်သက်ပြီး စွဲချက်တင်ကြောင်း တရားရုံးက အမိန့်ချလိုက်တယ်” ဟု သန်လျင်မြို့၊ ရန်ကုန်တောင်ပိုင်းခရိုင် မှုခင်းမှတ်တမ်းတာဝန်ခံ ရဲအုပ်မြတ်စိုးက ပြောသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ သန်လျင်မြို့နယ်ရှိ တောင်ပိုင်းခရိုင်တရားရုံး အမှုအမှတ် ရာဇဝတ်ကြီး ၇၆/၂၀၁၆ ဖြင့် ဆရာဝန်အပါအဝင် တရားလိုပြသက်သေ ၁၁ ဦးကို စစ်ဆေးခဲ့ပြီဖြစ်ပြီး ယင်းအမှုကို လူသတ်မှု၊ အ လောင်းဖျောက်ဖျက်မှု၊ နာကျင်စေမှု တို့ဖြင့် တွံတေးမြို့မရဲစခန်း ပထမသတင်းပေးတိုင်တန်းချက်မှတ်တမ်း (ပ)၆၄၂/ ၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၂၀၁/၃၂၃ ဖြင့် အမှုစစ်အရာရှိ ဒုတိယရဲမှူးကျော်နိုင်စိုးက တရားလိုအဖြစ် တရားစွဲတင်ခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်မှာ ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၁၉ ရက် ညတွင် ပယောဂဆရာဆိုသူ ထွန်းနိုင်က မကောင်းဆိုးဝါး များ နှင်ထုတ်သည်ဟုဆိုကာ တွံတေးမြို့နယ် ပသီကုန်းကျေးရွာနေ ကလေးငယ်များအား ကန်ကျောက်ခြင်း၊ လက်သီးနှင့်ထိုးခြင်း၊ ဖနောင့်ပေါက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် အသက် ၃ နှစ်အရွယ် မောင်နေလင်း(ခ) တစ်တို၊ အသက် ၂ နှစ်အရွယ် မလှနှင်းရွှေနှင့် အသက် ၈ လအရွယ် မယမင်းတို့မှာ သေဆုံးခဲ့ပြီး အသက် ၄ နှစ်အရွယ် မသင်းသင်းစိုးမှာ ဖူးရောင်ညိုမဲဒဏ်ရာများရရှိခဲ့သည်။

ပြစ်မှုကျူးလွန်သူဟု ယူဆရသူ အသက် ၃ဝ အရွယ် ထွန်းနိုင်အား တွံတေးမြို့မရဲစခန်းမှ (ပ)၆၄၂/၁၆၊ ရာဇသတ် ကြီးပုဒ်မ ၃၀၂၊ ၃၂၅ ၊ ၂၀၁ ဖြင့် အမှုဖွင့်ဖမ်းဆီးခဲ့ပြီး လက်ရှိတွင် သန်လျင်မြို့၊ ရန်ကုန်တောင်ပိုင်းခရိုင်တရား ရုံးတွင် တရားစွဲဆို စစ်ဆေးနေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required