Ooredoo Enjoy the Internet

Shop.com.mm

မြန်မာနိုင်ငံရဲ့ မီဒီယာလွတ်လပ်ခွင့်အပေါ် အမေရိကန်သံအမတ်ကြီးရဲ့ ဆွေးနွေးပြောကြားချက်များ

.

မေလ ၃ ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ မတိုင်ခင် မြန်မာနိုင်ငံနဲ့ ကမ္ဘာတစ်ဝှမ်းက သတင်းမီဒီယာလွတ်လပ်ခွင့် အခြေအနေတွေနဲ့ပတ်သက်လို့ အမေရိကန်ရဲ့ သဘောထား ဘယ်လိုရှိတယ်ဆိုတာ သိရဖို့ ယခုအပတ်အတွင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel ကို မဇျွိမက တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ အမေရိကန်တို့အနေနဲ့ ကမ္ဘာတစ်ဝှမ်း သတင်းမီဒီယာလွတ်လပ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်တို့အပေါ် ယခင် အချိန်ကာလကြာကတည်းက အားပေးထောက်ခံထားခဲ့ပေမယ့်လည်း အစိုးရတစ်ရပ်အပြောင်းအလဲနဲ့အတူ သမ္မတ ဒေါ်နယ်ထရမ့် တက်လာချိန်မှာတော့ အမေရိကန်ပြည်တွင်းက သတင်းမီဒီယာတွေနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်စရာတွေ မြင်တွေ့နေရသလို ကမ္ဘာတစ်ဝှမ်းက သတင်းမီဒီယာလွတ်လပ်ခွင့် အပေါ်မှာလည်း အမေရိကန်အစိုးရရဲ့ လက်ရှိ ရပ်တည်ချက်အပေါ်မှာ မသေချာမရေရာတဲ့အခြေအနေတွေ ရှိနေခဲ့ပါတယ်။

အောက်ပါ အင်တာဗျူးကတော့ သတင်းမီဒီယာလွတ်လပ်ခွင့်အပေါ် အမေရိကန်သံအမတ်ကြီးရဲ့ ထင်မြင်ချက်နဲ့ပတ်သက်လို့ မဇျွိမ မီဒီယာမှ အယ်ဒီတာချုပ် ဦးစိုးမြင့်က   တွေ့ဆုံမေးမြန်းထားတာဖြစ်ပါတယ်။

မေလ ၃ ရက်ဟာ ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ ဖြစ်တယ်၊ ထုတ်ပြန်ထားတဲ့ အစီရင်ခံစာ၊ ထုတ်ပြန်ချက်တွေအားလုံးကို ကြည့်မယ်ဆိုရင် နိုင်ငံတစ်ချို့မှာသာမက ကမ္ဘာ့နေရာ တော်တော်များများမှာ သတင်းမီဒီယာလွတ်လပ်ခွင့်ပိုင်း ကျဆင်းနေပြီး စိုးရိမ်ဖွယ်ရာအခြေအနေတွေကို မြင်တွေ့နေရတယ်၊ အဲဒီတော့ ဒီလို ထုတ်ပြန်ချက်တွေအပေါ်မှာ သံအမတ်ကြီးရဲ့ ထင်မြင်ယူဆချက်တွေက ဘာများဖြစ်မလဲ?

ကောင်းပါပြီ၊ ပထမဆုံးအနေနဲ့ ဒီလိုမျိုး ထုတ်ပြန်ချက်တွေက အရေးပါတယ်လို့ ကျွန်တော် ထင်ပါတယ်၊ ဒါတွေကို ကျွန်တော်တို့ အလေးထားရမှာဖြစ်တယ်။ ဂျာနယ်လစ်တွေအတွက် လွတ်လပ်မှု ရှိဖို့၊ လွတ်လပ်ခွင့် ရဖို့အတွက်ကတော့ ဒါဟာ အမြဲ အကျပ်အတည်းတစ်ခု ဖြစ်နေတယ်၊ တိုက်ပွဲတစ်ခု ဖြစ်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါကြောင့် ဒီလို ထုတ်ပြန်ချက် (အစီရင်ခံစာ) တွေ မြင်ရတာ၊ အပြန်အလှန်ဆွေးနွေးမှုတွေ လုပ်တာ၊ သတင်းမီဒီယာလွတ်လပ်ခွင့် ဆက်ပြီးခိုင်မာအားကောင်းနေစေဖို့ ကျွန်တော်တို့အားလုံး လုပ်နိုင်တဲ့အရာတွေကို လုပ်တာတွေက ပြည်သူတွေအတွက် အကျိုးပြု အသုံးဝင်မယ်လို့ ကျွန်တော် ထင်ပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ရော ဘယ်လိုမြင်ပါသလဲ၊ မြန်မာနိုင်ငံက သတင်းမီဒီယာလွတ်လပ်ခွင့် အခြေအနေနဲ့ပတ်သက်လို့ ကျွန်တော်တို့ မဆွေးနွေးခင် နိုင်ငံမှာ သတင်းမီဒီယာနဲ့ပတ်သက်လို့ သံအမတ်ကြီးဘက်က ဘာတွေ မျှော်လင့်ထားသလဲ ဆိုတာကို ကျွန်တော် စသိချင်ပါတယ်။

မြန်မာနိုင်ငံက သတင်းမီဒီယာနဲ့ပတ်သက်လို့ကတော့ ကိုယ့်နိုင်ငံအတွက် ရည်မှန်းချက်ပန်းတိုင်တွေ သတ်မှတ်ဖို့က မြန်မာပြည်သူတွေပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ ဒါပေမယ့်လည်း မြန်မာပြည်သူတွေရဲ့ မိတ်ဆွေတစ်ဦးအနေနဲ့ ပြောရရင်တော့ တကယ့်ကို လွတ်လပ်ပြီး ရှင်သန်တက်ကြွနေတဲ့ မီဒီယာတစ်ခု ကို ကျွန်တော်တို့တွေ့မြင်လိုပါတယ်၊ ဒီလိုမှလည်း မြန်မာပြည်သူတွေအနေနဲ့ ကောင်းမွန်ပြီး ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက်တွေကို ရရှိနိုင်မှာ ဖြစ်သလို သူတို့ အဲဒီလိုသတင်းအချက်အလက်တွေ ဘယ်လိုနေရာတွေကနေ ရနိုင်သလဲ ဆိုတဲ့အပေါ်မှာလည်း သူတို့ဆီမှာ ရွေးချယ်စရာတစ်ခု ရှိလာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော် ထင်ပါတယ်၊ မီဒီယာလွတ်လပ်ခွင့် ဆိုတာက ဒီမိုကရေစီရဲ့ အခြေခံကျတဲ့ ဒေါက်တိုင်တစ်ခု ဖြစ်ပြီး မြန်မာရဲ့ ဒီမိုကရေစီ အောင်မြင်မှုအတွက် လိုအပ်တယ်လို့ ထင်ပါတယ်။

ကျွန်တော် ဒါကို မေးရတာက ဘာလို့လဲဆိုတော့ ၀ါရှင်တန်အစိုးရ အဆက်ဆက်ကတည်းက ကမ္ဘာတစ်လွှားက သတင်းမီဒီယာလွတ်လပ်ခွင့်အပေါ်မှာ ခိုင်ခိုင်မာမာ ထောက်ခံထားခဲ့တာကြောင့်ပါ။ သံအမတ်ကြီးတို့ နိုင်ငံမှာ ခုဆိုရင်လည်း သမ္မတ ဒေါ်နယ်ထရမ့် ဦးဆောင်တဲ့ အစိုးရသစ်တစ်ရပ် ရှိနေတယ်၊ အမေရိကန်အစိုးရသစ် ကတော့ မီဒီယာတွေအပေါ် အပြိုင်အဆိုင် ဆက်ဆံရေးမျိုးနဲ့ ရှုမြင်ထားတယ်။ ဒါကြောင့်မို့ တစ်ခြားနိုင်ငံတွေက သတင်းမီဒီယာလွတ်လပ်ခွင့်အပေါ် ၀ါရှင်တန်အစိုးရရဲ့ ထောက်ခံမှုပိုင်းမှာ အပြောင်းအလဲ တစ်ခု၊ ဒါမှမဟုတ် အရွေ့တစ်ခု ရှိလာမယ်လို့ ထင်မိပါသလား၊ ပြီးတော့ ပြည်တွင်းမှာလဲ မီဒီယာနဲ့ ဆက်ဆံရေးပိုင်းနဲ့ မူဝါဒပိုင်း ပြောင်းလဲမယ်လို့ ထင်မိပါသလား?

ဟုတ်ကဲ့၊ ကျွန်တော် ပြောနိုင်တာကတော့ မြန်မာနိုင်ငံက ရော၊ ကမ္ဘာတစ်ဝှမ်းက မီဒီယာလွတ်လပ်ခွင့်အပေါ်မှာ ကျွန်တော်တို့ရဲ့ အားပေးထောက်ခံမှုက အလွန့်အလွန်ကို ခိုင်မာနေတယ်ဆိုတာပါပဲ။ ကျွန်တော်တို့ နိုင်ငံမှာရော၊ နိုင်ငံတကာမှာပါ သတင်းမီဒီယာလွတ်လပ်ခွင့်က အရေးပါပါတယ်၊ အရမ်းကို အရေးကြီးတယ်လို့ ကျွန်တော် ဆက်လက်ယုံကြည်ထားဆဲပါ။ ဒါကြောင့် ဒါဟာ ပြောင်းလဲမသွားပါဘူး။

ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ခဲ့တာကို သံအမတ်ကြီး မြင်ခဲ့မှာပါ၊ ခုဆိုရင် ကျွန်တော်တို့ဆီမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရသစ်တစ်ရပ်ရှိနေပြီ၊ ဆယ်စုနှစ်များစွာကြာခဲ့တဲ့ စစ်အုပ်ချုပ်ရေး ကုန်ဆုံးပြီးတော့ ခုဆို သမ္မတကြီး ဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်တဲ့ ပထမဆုံး အရပ်သားအစိုးရတစ်ရပ် ရှိနေပြီ။  ဒီအချိန်မှာ အရင်အစိုးရနဲ့ နှိုင်းယှဉ်ပြီး ခုအစိုးရသစ်လက်ထက်မှာလည်း မီဒီယာလွတ်လပ်ခွင့်နဲ့ပတ်သက်လို့ သိပ်ပြီး တိုးတက်မှု မရှိသေးဘူးဆိုပြီး ပြောနေကြတာတွေ ရှိပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ တစ်နှစ်အတွင်းမှာပေါ့။ ဒီလိုပြောဆိုချက်တွေက ပြည်တွင်းကရော နိုင်ငံတကာအသိုင်းအ၀ိုင်းကပါ ထွက်လာတာဖြစ်ပါတယ်။ ဒါကြောင့် အရင်အစိုးရကနေ ခုလက်ရှိအစိုးရသစ်ကို ပြောင်းလဲခဲ့မှုအပေါ် သံအမတ်ကြီး ဘယ်လိုမျိုးများ ထင်မြင်ပါသလဲ?

ဟုတ်ကဲ့၊ ပထမဆုံးကျွန်တော် ပြောချင်တာကတော့ ဒီမှာ ဖြစ်နေတဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ပတ်သက်လို့ ကျွန်တော် ကြည့်တဲ့အခါမှာ ကျွန်တော် ဒီနိုင်ငံကို လွန်ခဲ့တဲ့ ဆယ်နှစ်အကြာလောက်က   ရောက်လာခဲ့တဲ့အချိန်နဲ့ ယှဉ်ကြည့်မယ်ဆိုရင်တော့ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ ရှိထားတာကို တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်လို့လည်း လူတိုင်း သဘောတူလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် အဲဒီလို တိုးတက်မှုတွေဟာ ဖြောင့်ဖြောင့်တန်းတန်း ဆက်ရှိမနေခဲ့ဘူး၊ ဒါပေမယ့်လည်း ဆက်လက်ပေါ်လွင်နေဆဲ ဖြစ်တယ်။ ရှေ့တိုးနောက်ဆုတ် လှမ်းစရာ ခြေလှမ်းတွေ ရှိနေပါတယ်။

NLD ခေါင်းဆောင်ပိုင်းနဲ့ ကျွန်တော် ဆွေးနွေးခဲ့ထားသမျှ ပြောရရင်လည်း သူတို့ဟာ သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ပတ်သက်လို့ ခိုင်ခိုင်မာမာ အားပေးလုပ်ကိုင်နေပါတယ်ဆိုပြီး အလေးအနက်ထား ပြောကြားထားတာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း တစ်ဘက်မှာလည်း လုပ်စရာတွေက အများကြီး ကျန်နေသေးတယ်ဆိုတာကိုလည်း ကျွန်တော် လက်ခံပါတယ်။ သတင်းမီဒီယာလွတ်လပ်ခွင့်အပေါ်မှာ ကန့်သတ်ချက်တစ်ချို့ ရှိနေဆဲဖြစ်ပါတယ်။ ဒါကိုလည်း အစိုးရဘက်က ကိုင်တွယ်ဖြေရှင်းနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်၊ ဆယ်သွယ်ရေးဥပဒေ ၆၆ (ဃ) အပါအ၀င်ပေါ့၊ ဒီ ဥပဒေကတော့ သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ဖော်ထုတ်ခွင့်အပေါ် ထိခိုက်စေလျက်ရှိတယ်လို့ ကျွန်တော် မြင်ပါတယ်။

သံအမတ်ကြီးအနေနဲ့ ဒီ သတင်းစကားကို ပါးပေးလို့ ရနိုင်မလား၊ ဥပမာ ပြောရရင် ၆၆(ဃ) နဲ့ပတ်သက်လို့ အစိုးရကို ပြောတယ်ဆိုတာမျိုးပေါ့။

ဟုတ်ကဲ့၊ ကိစ္စရပ် တော်တော်များများနဲ့ပတ်သက်လို့ အစိုးရနဲ့ ကျွန်တော် ပြောခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ မိတ်ဆွေသူငယ်ချင်းတစ်ယောက်လိုပဲ ပွင့်ပွင့်လင်းလင်း ပြောပါတယ်၊ ဒီလိုကိစ္စတွေမှာလည်း မိတ်ဆွေလိုပဲ ပြောပါတယ်။

မြန်မာနိုင်ငံက သတင်းသမားတွေအနေနဲ့ ပြောရရင် ကျွန်တော်တို့မှာ တွေ့ကြုံနေရတဲ့ အဓိကပြဿနာနှစ်ခု ရှိနေပါတယ်။ တစ်ခုကတော့ ပဋိပက္ခတိုက်ပွဲတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့ ရေးသားဖော်ပြရတဲ့အချိန်ဖြစ်ပြီးတော့ နောက်တစ်ခုကတော့ ရခိုင်ပြည်နယ်က အခြေအနေတွေ အထူးသဖြင့် " ဘင်္ဂါလီ " တွေနဲ့ ပတ်သက်လို့ ဖော်ပြရတဲ့အချိန်တို့ ဖြစ်ပါတယ်။ ဒါကြောင့် ဒါတွေဟာ ကျွန်တော်တို့ တစ်နေ့ပြီး တစ်နေ့ တွေ့ကြုံနေရတဲ့ ဖိအားတွေနဲ့ အမှန်တရားတွေ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ သံအမတ်ကြီးဘက်ကရော ဘယ်လိုမြင်ပါသလဲ? ဒီလို အထူးကိစ္စရပ်တွေကို ဖော်ပြရတဲ့အခါမှာ မီဒီယာနဲ့ ဂျာနယ်လစ်တွေရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်လို့ ဘယ်လိုမြင်ပါသလဲ?

ဟုတ်ကဲ့၊ ကျွန်တော်ထင်ပါတယ်၊ အချိန်တိုင်း ခင်ဗျားတို့ဆီမှာ ပဋိပက္ခ ပြဿနာတွေရှိနေမယ်လို့၊ ဒီတော့ သတင်းသမားတွေအတွက်လည်း အဲဒီမှာ ၀င်ပြီး ပါဝင်ပတ်သက်ရတာ တော်တော်လေးကို ရှုပ်ထွေးပါတယ်။ ဒီပဋိပက္ခဖြစ်စဉ်တွေအပေါ်မှာ သတင်းမီဒီယာတွေ တတ်နိုင်သလောက် ထိတွေ့ရယူဖော်ပြခွင့်ရဖို့က အရမ်းကို အရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်၊ ဒါမှလည်း ရခိုင်ပြည်နယ်ကပဲ ဖြစ်ဖြစ် ဒါမှမဟုတ် အရှေ့မြောက်ခြမ်းမှာပဲဖြစ်ဖြစ် ရှိနေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်လို့ ပြည်သူတွေအနေနဲ့ တိကျမှန်ကန်တဲ့သတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီ ရကြမှာဖြစ်ပါတယ်။  ဒါကြောင့်လည်း အဲဒါဟာ အရမ်းအရေးကြီးတယ်လို့ ကျွန်တော်တို့ ထင်မြင်ထားပါတယ်။  အစိုးရရော၊ သက်ဆိုင်ရာတာဝန်ရှိသူတွေရော၊ သတင်းမီဒီယာသမားတွေရော ဒီလိုအခြေအနေတွေမှာ အတူတကွ အကောင်းဆုံး လက်တွဲလုပ်ကိုင်သွားနိုင်မယ်လို့လည်း ကျွန်တော် မျှော်လင့်မိပါတယ်။ အစိုးရဆိုတာက မီဒီယာကို ထိန်းချုပ်ရမှာမဟုတ်ပါဘူး။ လွတ်လပ်စွာ ရေးသားဖော်ပြခွင့် ပေးရမှာဖြစ်ပါတယ်။

ဥပမာအနေနဲ့ ပဋိပက္ခတိုက်ပွဲတွေ ဖြစ်နေတဲ့ ဒေသတွေလိုမျိုးမှာဆိုရင်  မြန်မာ့တပ်မတော်နဲ့အတူ တွဲလုပ်ရမယ့်ကိစ္စတွေ ရှိနေပါတယ်။ မီဒီယာအပေါ် သူတို့ဘယ်လို မြင်ထားသလဲ၊ အခြေအနေတွေအပေါ်မှာ သူတို့ဘယ်လိုမြင်သလဲဆိုတာ သိရဖို့အတွက် လုပ်စရာတွေ ရှိပါတယ်။ ဒါကြောင့် တပ်မတော် ခေါင်းဆောင်ပိုင်းနဲ့ သံအမတ်ကြီးတို့ တွေ့ဆုံခဲ့ရာမှာ ဒီလိုကိစ္စတွေနဲ့ပတ်သက်လို့ ဘယ်လိုမျိုး ဆွေးနွေးမှုတွေ ရှိခဲ့ပါသလဲ?

ဒီကိစ္စတွေနဲ့ပတ်သက်လို့ တပ်မတော်ခေါင်းဆောင်တွေနဲ့ ကျွန်တော် ပြောဆိုဆွေးနွေးခဲ့တာတွေ ရှိပါတယ်၊ တပ်မတော်အနေနဲ့ သတင်းသမားတွေ သတင်းရယူဖော်ပြခွင့် ရရှိနိုင်ဖို့ ပံ့ပိုးပေးနိုင်အောင် ဘယ်လိုမျိုး လက်တွဲလုပ်ဆောင်မလဲဆိုတာနဲ့ပတ်သက်လို့လည်း တစ်ချို့တစ်လေ ဆွေးနွေးခဲ့ပါတယ်။ သူတို့နဲ့ ဒီလိုမျိုး ဆွေးနွေးမှုတွေ ဆက်လုပ်သွားဦးမှာပါ။ နောက်ဆိုရင်တော့ တပ်မတော်အနေနဲ့လည်း ဂျာနယ်လစ်တွေနဲ့ အတူလက်တွဲလုပ်ကိုင်ဖို့ ဆန္ဒရှိတဲ့ ချဉ်းကပ်မှုပုံစံဘက်ကို အလိုက်သင့်ပြောင်းလဲလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။

အမေရိကန်-မြန်မာ ဆက်ဆံရေးနဲ့ပတ်သက်ပြီး ဆွေးနွေးမယ်ဆိုရင်လည်း ဒါနဲ့ပတ်သက်လို့ ရေးသားဖော်ပြနေကြတဲ့ သတင်းတွေ ရှိထားခဲ့ပါတယ်။ တစ်ချို့ကိုလည်း ကျွန်တော်တို့   ဖော်ပြရေးသားခဲ့ပါတယ်။ လက်ရှိ မြန်မာအစိုးရနဲ့ အနောက်အုပ်စု အထူးသဖြင့် အမေရိကန်တို့အကြား ဆက်ဆံရေးက ခုနောက်ပိုင်းနှစ်ထဲမှာ ကိစ္စတစ်ချို့တစ်လေကြောင့် တုန့်ဆိုင်းနေတယ်ဆိုပြီးတော့ပေါ့။ အမေရိကန်-မြန်မာ တို့အကြား လက်ရှိ ရှိနေတဲ့ ဆက်ဆံရေးအခြေအနေနဲ့ပတ်သက်လို့ သံအမတ်ကြီးဘက်က ပြောပြပေးနိုင်မလား၊

ဟုတ်ကဲ့။ ကျွန်တော်ပြောချင်တာက အမေရိကန်-မြန်မာ အကြား ဆက်ဆံရေးက အရမ်းကို ခိုင်မာအားကောင်းနေပါတယ်။ ယခုနောက်ပိုင်းနှစ်ထဲမှာ သိသိသာသာကို တိုးတက်ထားခဲ့ပါတယ်။ မနှစ်တုန်းကဆိုရင်လည်း အမေရိကန်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုတစ်ခုကို ကျွန်တော်တို့ ကြေညာနိုင်ခဲ့တယ်၊ ဒါဟာ ရှေ့ကိုလှမ်းတက်လိုက်နိုင်တဲ့ ခြေလှမ်းကြီးတစ်ခုပါ။ နယ်ပယ်ကဏ္ဍစုံနီးပါးတိုင်းမှာ ကျွန်တော်တို့ အကြား ဆက်ဆံမှုပိုင်းမှာ ချဲ့ထွင်ထားနိုင်ခဲ့တယ်။ စီးပွားရေး၊ ဒီပလိုမေစီ၊ စတဲ့ကဏ္ဍတွေအပါအ၀င်ပေါ့။ နောက်ပြီး ကျန်းမာရေး၊ ပညာရေးဆိုင်ရာတို့မှာလဲ အတူတကွ လုပ်ကိုင်နေကြတယ်၊ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ စေတနာ့ဝန်ထမ်းတွေ ရှိနေတယ်၊ ဒီအပိုင်းမှာလည်း ချဲ့ထွင်ထားနိုင်ခဲ့တယ်၊ တကယ်ကျတော့ ခုချိန်က အရမ်းကို ကောင်းမွန် ပွင့်လင်းတဲ့ ဆက်ဆံရေးတစ်ခုပဲဖြစ်ပါတယ်၊ ခုတစ်ပတ်ဆိုရင်လည်း ၀ါရှင်တန်မှာ လုပ်မယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံမယ့်အစည်းအဝေးမှာ မြန်မာဘက်က အမျိုးသားလုံးခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် တက်မယ်။ ပြည်ထဲရေး ဒုဝန်ကြီးလည်း ၀ါရှင်တန်မှာ အစည်းအဝေးတွေ တက်ဖို့ရှိမယ်၊ ဒါ့အပြင် အစိုးရ၊ ပါလီမန်နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်ပါတဲ့အဖွဲ့တစ်ခုလည်း Washington မှာ ဖက်ဒရယ်လစ်ဇင်အကြောင်း ပြောကြမယ်၊ ဒါ တစ်ပတ်ထဲမှာပဲ ဖြစ်နေတာပါ။ ပြီးခဲ့တဲ့လအနည်းငယ်က ကျွန်တော် ၀ါရှင်တန်ကို   ပြန်ရောက်ချိန်တုန်းကဆိုရင် အမေရိကန်အစိုးရသစ်ဘက်က မြန်မာရဲ့ ပြုပြင်ပြောင်းလဲဖို့အားထုတ်မှုတွေကို ဆက်ပြီး ခိုင်ခိုင်မာမာ အားပေးနေတယ်ဆိုတဲ့အကြောင်းရော၊ ဆက်ဆံရေးပိုင်းကို ဆက်လက်တည်ဆောက်နေတယ်ဆိုတာကိုရော ရှင်းရှင်းလင်းလင်း ပြသထားတာကို တွေ့ခဲ့ရပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့ ခုလိုမျိုး ကောင်းမွန်တဲ့ ဆက်ဆံရေးအခြေအနေ ရှိနေတာနဲ့ ပတ်သက်လို့ ကျွန်တော် အရမ်းကို ကျေနပ်အားရမိပါတယ်။

ဝါရှင်တန်အစည်းအဝေးမှာ ကျွန်တော်တို့ မြန်မာအစိုးရရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် တက်မယ်ဆိုတာ ကြားရတာ တော်တော်လေးကို စိတ်ဝင်စားစရာပါ၊ ဒီတော့ အစည်းအဝေးမှာ ဘာတွေ ဆွေးနွေးသွားနိုင်ပါသလဲ၊ အထူးသဖြင့် လုံခြုံရေးပိုင်းမျိုးကို ဆွေးနွေးနိုင်ပါသလား?

ဟုတ်ကဲ့၊ အခုဆိုရင်တော့ အာဆီယံနိုင်ငံအားလုံးက နိုင်ငံခြားရေးဝန်ကြီးတွေကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ဧည့်ခံတွေ့ဆုံမယ့်အစည်းအဝေးကိုတော့ မြန်မာအစိုးရရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်က အစိုးရကိုယ်စားပြု တက်ရောက်မယ်၊ ဒီနေရာမှာ မြန်မာအစိုးရဘက်က ကြည့်ပြီး ကျွန်တော် မပြောချင်ပါဘူး၊ ဒါပေမယ့် ကျွန်တော်ထင်ပါတယ်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ဥရောပခရီး သွားနေတော့ ဒီအချိန်မှာ ခု အစည်းအဝေးတက်ဖို့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်က အသင့်တော်ဆုံး ပုဂ္ဂိုလ်ဖြစ်တယ်လို့ အစိုးရက ဆုံးဖြတ်ခဲ့တာပါ။ ဒါကြောင့် အာဆီယံနဲ့ အမေရိကန်အကြား ဆွေးနွေးမှုပဲ ဖြစ်လာမှာပဲ ဖြစ်ပါတယ်၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တို့ ဘာအကြောင်းအရာတွေ အဓိက ဆွေးနွေးသွားမလဲ ဆိုတာကိုတော့ ကျွန်တော် မသိပါဘူး။ သူ့မှာ နောက်ထပ် တစ်ခြားအစည်းအဝေးတွေ ရှိသေးလားဆိုတာလဲ မသိပါဘူး။ ဒါပေမယ့် ဒါဟာ ပုံမှန်ဆက်ဆံရေးအတိုင်းပဲ ရှိနေပြီး ဒီဆွေးနွေးမှုတွေဟာ ပုံမှန်လိုပဲ ရှိလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။

လုံခြုံရေးပိုင်းနဲ့ပတ်သက်လို့ ကျွန်တော်တို့ ပြောဆိုဆွေးနွေးတဲ့အခါမှာ ငြိမ်းချမ်းရေးကိစ္စကလည်း ကျွန်တော်ဆွေးနွေးလိုတဲ့ ကိစ္စရပ်တစ်ခုလည်း ဖြစ်တယ်၊ ခုအနေအထားအရ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ၂၁ ရာစု ပင်လုံညီလာခံကို လုပ်နေတယ်၊ အတက်အကျတစ်ချို့ရှိခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် သံအမတ်ကြီး ဘယ်လိုမြင်ပါသလဲ?

ကျွန်တော်တို့က မြန်မာ့ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ကတော့ ခိုင်ခိုင်မာမာ ထောက်ခံထားသူတွေဖြစ်ပါတယ်၊ ကမ္ဘာပေါ်က နိုင်ငံတိုင်းမဆို ငြိမ်းချမ်းရေး လိုပါတယ်၊ ဒါမှလည်း သာယာဝပြောမှု ရမှာဖြစ်ပါတယ်၊ ဒါကြောင့် ကျွန်တော်တို့လည်း ငြိမ်းချမ်းရေးကို မြင်ချင်ပါတယ်၊ ခုချိန်မှာ ဒါဟာ တော်တော်လေးကို ခက်ခဲနေတယ်ဆိုတာလည်း သိပါတယ်၊ ဘာလို့လဲဆိုတော့ ဒီထဲမှာ ပါဝင်တဲ့ အဖွဲ့တွေ အများကြီး ပါဝင်နေပြီး ယခင်သမိုင်းကြောင်းတစ်လျှောက်တည်းကလည်း ပဋိပက္ခတွေ ရှိနေခဲ့တာကြောင့် ငြိမ်းချမ်းရေးရဖို့ မလွယ်ကူနိုင်ဖြစ်နေတာပါ၊ ဒါပေမယ့် ခုချိန်မှာ မြန်မာနိုင်ငံအတွက် အခွင့်အရေးတစ်ခု ရှိနေပြီလို့ ထင်ပါတယ်၊ တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်မှာ လက်မှတ်ထိုးတဲ့အဖွဲ့တွေ တော်တော်များများ ရှိခဲ့တာက အရေးပါတဲ့ ခြေလှမ်းတစ်ခုပါ။ ဒါပေမယ့် ဒါဟာ ခြေလှမ်းတစ်ခုသာ ဖြစ်ပါတယ်၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကြီးတစ်ခုဆီ ရောက်ဖို့ လိုသလို ဒီအတွက်လည်း အချိန်ယူကောင်းယူရနိုင်ပါတယ်။ ဒါပေမယ့် ထပ်ပြောရရင်   မြန်မာအစိုးရအတွက် အခွင့်အရေးကြီးတစ်ရပ်ရှိနေပါတယ်။ ဒါကြောင့် တပ်မတော်၊ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့တိုင်း ကျွန်တော် ကတော့ သူတို့ရဲ့လက်ရှိကြိုးပမ်းမှုတွေကို နှစ်ဆပို အားထုတ်ဖို့ တိုက်တွန်းခဲ့ပါတယ်၊ ငြိမ်းချမ်းရေးအတွက် အကြီးဆုံးအဆင့်ကို တက်လှမ်းနိုင်ဖို့ ဒီအခွင့်အရေးကို လက်လွှတ်မခံသင့်ပါဘူး။

ပြီးခဲ့တဲ့လတွေအတွင်း တရုတ်တို့အနေနဲ့ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်တက်ကြွကြွ ရှိခဲ့ပြီး ပြောဆိုဆွေးနွေးတာမျိုးတွေ လုပ်ခဲ့တယ်၊ ဒီလိုငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲမှာ ရှိနေတဲ့ အဲဒီလို ရှုပ်ထွေးတဲ့ ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် အမေရိကန်နဲ့ တရုတ်တို့အကြား ဆွေးနွေးတာမျိုးရော ရှိပါသလား?

သေချာတာပေါ့၊ နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ ကျွန်တော်ပြောထားတာကတော့ ဒီနိုင်ငံက ငြိမ်းချမ်းရေးရတာ မြင်ချင်တယ်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ဖို့ကိုပဲ တွေ့ချင်တယ်ဆိုတာပါပဲ၊ ကျွန်တော်တို့အကြား ပုံမှန်လိုလို ပြောဖြစ်ပါတယ်၊ တရုတ်အစိုးရ တာဝန်ရှိသူတွေနဲ့လည်း ပုံမှန်အတိုင်း ပြောဆိုဆွေးနွေးဖြစ်ပါတယ်၊ တရုတ်အစိုးရ ဘက်က ကျွန်တော် မပြောချင်ပါဘူး၊ ဒါပေမယ့် အတိုင်းအတာတစ်ခုအရတော့ တရုတ်တို့အနေနဲ့ မြန်မာရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်သူအားလုံး ရှေ့ဆက်သွားနိုင်ဖို့ တွန်းအားပေးနေနိုင်တယ်လို့ ထင်ပါတယ်၊ ဒါဟာ တကယ့်ကို အကူအညီဖြစ်တယ်လို့လည်း ထင်ပါတယ်၊ ဒါကြောင့် မြန်မာရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ နိုင်ငံတကာအစိုးရတွေအားလုံး တတ်နိုင်သလောက် အားပေးကူညီတာကို ကျွန်တော်တို့ဘက်က တွေ့မြင်လိုပါတယ်။

ခုချိန်မှာ မြောက်ကိုရီးယားကလည်း နိုင်ငံတကာမှာ အရမ်းအရေးကြီးတဲ့ကိစ္စတစ်ခု ဖြစ်နေပါတယ်၊ အဲဒီတော့ ဒေသတွင်း ပဋိပက္ခတစ်ခုများ ဖြစ်လာဖို့ ရှိနိုင်ပါသလား?

မြောက်ကိုရီးယားအရေးက စိုးရိမ်စရာပါ၊ သူတို့ရဲ့ လုပ်ဆောင်ချက်တွေက ပြီးခဲ့တဲ့နှစ်တွေကတည်းက စိုးရိမ်စရာကောင်းခဲ့ပါတယ်၊ ခုဆိုရင် ပိုလို့တောင် စိုးရိမ်လာရပါတယ်၊ ဘာလို့ဆိုတော့ အမေရိကန်အပါအ၀င် ဒေသတစ်ခုလုံးကို ခြိမ်းခြောက်နိုင်တဲ့ လက်နက်တွေ၊ ဒုံးတွေကို ဆက်ပြီးစမ်းနေလို့ဖြစ်ပါတယ်၊ ဒါကြောင့်မို့ မြောက်ကိုရီးယားအစိုးရကို အပြုသဘောဆောင် ကောင်းတဲ့ လမ်းကြောင်းဆီ ရောက်လာအောင် သိမ်းသွင်းဆွဲခေါ်နိုင်ဖို့ ကျွန်တော်တို့ အားလုံးလက်တွဲလုပ်ဆောင်ဖို့ လိုပါတယ်၊ ဒါဟာ တကယ့်ကို ကျပ်တည်းတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်၊ ဒီနေရာမှာ အမေရိကန်အပါအ၀င် ဒေသတွင်းအစိုးရအားလုံး ၀ိုင်းပြီး ကြိးစား အဖြေရှာသွားရမှာဖြစ်ပါတယ်။

ဒီလိုအခြေအနေမှာ ကုလ လုံခြုံရေးကောင်စီရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်လို့ သံအမတ်ကြီးက ဘယ်လိုထင်မြင်ပါသလဲ?

လုံခြုံရေးကောင်စီကတော့ မြောက်ကိုရီးယားအရေးနဲ့ပတ်သက်လို့ တက်ကြွပြီး တော်တော်လေးကို စုစုစည်းစည်း ညီညီညွတ်ညွတ် လုပ်ဆောင်ထားတယ်လို့ ထင်ပါတယ်၊ မြောက်ကိုရီးယားတို့အပေါ်   နောက်ထပ် စီးပွားရေးပိတ်ဆို့မှုတွေချဖို့ အကြိမ်တော်တော်များများ ဘုံသဘောတူညီချက် ရထားခဲ့ပါတယ်၊ နောက်ပြီး ခုလို မနှစ်မြို့စရာလုပ်ရပ်တွေကနေ ရှောင်ကြဉ်နေဖို့ လိုတယ်ဆိုတာကိုလည်း မြောက်ကိုရီးယားအစိုးရ သိအောင် အကြောင်းကြားစကားပါးနိုင်ဖို့လည်း လုပ်ဆောင်ထားခဲ့ပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ကတော့ လုံခြုံရေးကောင်စီနဲ့ရော တစ်ခြား လက်တွဲဘက်တွေနဲ့ပါ ဆက်လက်ပူးပေါင်းပြီး ဒီပြဿနာကို ကိုင်တွယ်ဖို့ ကြိုးစားသွားမှာပါ။

သမ္မတ ဒေါ်နယ်ထရမ့် ပြောထားတာတစ်ခုရှိတယ်၊ သူ့အနေနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ တွေ့ချင်တယ်တဲ့၊ ဒါကြောင့် မကြာခင် ကာလတစ်ခုမှာ အဲဒီလိုမျိုး ထူးခြားမယ့် တွေ့ဆုံမှုမျိုးများ တွေ့မြင်ရဖို့ ရှိပါသလား?

ဒါက သမ္မတက သူကိုယ်တိုင် ပြောထားတဲ့ ကိစ္စဖြစ်လို့ ဒါကို ကျွန်တော် ထပ်ဖြည့်ပြောဖို့ မသင့်တော်ဘူးလို့ ကျွန်တော်ထင်ပါတယ်၊ ဒါကိုတော့ မပြောဘဲ ထားရပါလိမ့်မယ်။

လွတ်လပ်စွာ ထုတ်ဖော်ခွင့် နဲ့ပတ်သက်လို့ သံအမတ်ကြီးရဲ့ လက်ရှိ ထင်မြင်ချက်ကို ပြောပြပါဦး။

ကျွန်တော်ထင်ပါတယ်၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့် စတဲ့အခွင့်အရေးတွေအပါအ၀င် ကမ္ဘာလုံးဆိုင်ရာ  စံနှုန်း၊ အခွင့်အရေးတွေ တိတိကျကျ ရှိနေတာကို နိုင်ငံတကာက သဘောတူထားပြီး ဖြစ်ပါတယ်၊ ဒါတွေဟာ အမေရိကန်ရဲ့ စံနှုန်း ဒါမှမဟုတ် မူဝါဒ သက်သက်ပဲ မဟုတ်ပါဘူး၊ ဒါပေမယ့်လည်း ဒါတွေဟာ ကျွန်တော်တို့အတွက် အရမ်းကို အရေးကြီးလှပါတယ်၊ ယခု မျက်မှောက်ခေတ် လူ့အဖွဲ့အစည်းရဲ့ အောင်မြင်မှုအတွက် ဒါတွေက အရေးကြီးတယ်လို့ ကျွန်တော် မြင်ပါတယ်၊ ဒါမှလည်း လူသားအားလုံးအနေနဲ့ သူတို့ရဲ့ လွတ်လပ်ခွင့်တွေကို ခံစားရရှိနိုင်ကြမှာ ဖြစ်လို့ပါ။ နိုင်ငံအားလုံးက နိုင်ငံသားတွေအနေနဲ့လည်း သူတို့ကိုယ်သူတို့ သင်ကြားနိုင်ဖို့၊ ကောင်းမွန်တဲ့ သတင်းအချက်အလက်တွေရနိုင်မယ့် သတင်းရင်းမြစ်တွေကို ရရှိဖို့အတွက်ဆိုရင် သူတို့လုပ်နိုင်သလောက်လုပ်ရမှာဖြစ်ပြီး ဒီ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ဆိုတာက အသုံးမ၀င်ဘူး အကျိုးမပြုဘူးလို့တော့ ဆိုလိုလို့ မရနိုင်ပါဘူး။

ခုချိန်မှာ မီဒီယာ သတင်းရင်းမြစ်တွေ အများအပြား ထွက်ပေါ်လာနေတာက ဘယ်လိုပဲဖြစ်ဖြစ် အရမ်းကောင်းတဲ့ကိစ္စပါ။ သတင်းကြည့်သူတွေပဲဖြစ်ဖြစ် ၊ သတင်းစာ ဖတ်သူပဲဖြစ်ဖြစ် ဒါမှမဟုတ် အွန်လိုင်းကနေ သတင်းဖတ်သူတွေပဲဖြစ်ဖြစ် အားလုံးသော စာဖတ်သူတွေအနေနနဲ့ သူတို့လုပ်ရမယ့် အနည်းငယ်သော ကိစ္စက သူတို့ဟာမှန်ကန်တဲ့ သတင်းအချက်အလက်တွေ အမြဲရနေရမယ်ဆိုတဲ့ကိစ္စပဲ ဖြစ်ပါတယ်။ ဒါကလည်း လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ပြောင်းလဲသွားစေနိုင်လိမ့်မယ်လို့တော့လည်း ကျွန်တော်မထင်ပါဘူး။ ဘာလို့လဲဆိုတော့ ပြဿနာက ခင်ဗျားအနေနဲ့ ဒီလွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို စပြီး ကန့်သတ်လိုက်တာနဲ့ ခင်ဗျား ဘယ်နေရာမှာ ရပ်ဆိုင်းမှာလဲ? နောက်ပြီး ဒါကို ကန့်သတ်ချုပ်ချယ်ဖို့ ဘယ်သူတွေမှာ အခွင့်ရနေတာလဲ? ဆိုတာပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော့်အမြင်ကတော့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ဆိုတာက ကျယ်ပြန့်နိုင်သလောက် ကျယ်ပြန့်နိုင်ဖို့ အရမ်းအရေးကြီးတယ်လို့ ထင်ပါတယ်။

လွတ်လပ်စွာ ထုတ်ဖော်ခွင့်နဲ့ ပတ်သက်လို့ ပြဿနာတစ်ချို့ရှိနေပါတယ်၊ ဥပမာအနေနဲ့ မြန်မာနိုင်ငံမှာလည်း ကျွန်တော်တို့ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုဖြစ်တဲ့ Hate Speech ဆိုတာမျိုးပေါ့။ ဒီအပေါ်မှာရော သံအမတ်ကြီး ဘယ်လိုများ ထင်မြင်ယူဆပါသလဲ?

ဒါကလည်း အမေရိကန်အပါအ၀င် နိုင်ငံတော်တော်များများ တွေ့ကြုံရင်ဆိုင်နေရတဲ့ ပြဿနာတစ်ခုပါ။ ဒီနေရာမှာ လူတိုင်း အမေရိကန်ရဲ့ ချဉ်းကပ်လုပ်ဆောင်ပုံအတိုင်း လိုက်လုပ်သင့်တယ်လို့ ကျွန်တော် မပြောလိုပါဘူး။ ကျွန်တော့်အမြင်ကတော့ Hate Speech ဆိုတာက တကယ့်ဆိုးရွားတဲ့ ပြဿနာတစ်ရပ်ပါ။  တတ်စွမ်းနိုင်သလောက် ဒါကို တစ်ခြားသူတွေက ပိုပြီး အပြုသဘောဆောင်တဲ့ စကားတွေနဲ့ တားဆီးတုန့်ပြန်သင့်ပါတယ်။ Hate Speech ကို ကန့်သတ်မယ့် ဘယ်လိုဥပဒေလုပ်ဆောင်ချက်မျိုးဖြစ်ဖြစ် အတတ်နိုင်ဆုံး ထိန်းချုပ်လုပ်ဆောင်သင့်ပါတယ်။ တစ်နည်းအားဖြင့် ဆိုရရင်တော့ လူ့အဖွဲ့အစည်းတိုင်း ဒါနဲ့ပတ်သက်တဲ့ သဘောထားရပ်တည်ချက်ကို ဆုံးဖြတ်ရလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ အရေးကြီးတာက အခြေခံကျတဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ထိန်းချုပ်ဖို့အတွက် ဒီ Hate Speech ကို အသုံးမချသင့်ပါဘူး။

USAID ဆိုရင်လည်း မြန်မာနိုင်ငံက မီဒီယာ အုပ်စုတွေကို အရင်ကာလတွေတုန်းက ထောက်ပံ့ပေးခဲ့တယ်ပေါ့လေ၊ ခုကျတော့ ဒီလိုထောက်ပံ့မှုတွေကို လျှော့ချလိုက်နိုင်တယ် ဆိုပြီး စိုးရိမ်ပူပန်မှုတွေ ရှိနေရပါတယ်၊ အဲဒီလိုရော ဖြစ်လာနိုင်ပါသလား?

ဟုတ်ပါတယ်၊ ကျွန်တော်တို့ဟာ အရင်နှစ်တွေတော်တော်များများတုန်းက မြန်မာနိုင်ငံက နေရာဒေသအသီးသီးမှာ အကူအညီပေးရေးလုပ်ငန်းတွေအပေါ် ကျွန်တော်တို့ အာရုံစိုက်ခဲ့ပါတယ်၊ ပြုပြင်ပြောင်းလဲရေးအားထုတ်မှုတွေကို ပါဝင်ကူညီပေးဖို့၊ စီးပွားရေးပိုင်းအပေါ် ကူညီပေးဖို့ လုပ်ဆောင်ခဲ့ပါတယ်။ ဒီလိုအကူအညီတွေထဲက တစ်ခုအနေနဲ့ လွတ်လပ်ပြီး လုပ်နိုင်စွမ်းရှိ အားကောင်းတဲ့ မီဒီယာကို ထောက်ပံ့မှု လည်း ပါပါတယ်။ ဒီလို အားထုတ်မှုတွေ ဆက်လက်ရှိနေလိမ့်မယ်လို့လည်း ကျွန်တော် သေချာပေါက် မျှော်လင့်ပါတယ်။ နှစ်စဉ်နှစ်တိုင်း၊ အစိုးရသစ်တစ်ရပ်တက်လာတိုင်း ဘတ်ဂျက်အသုံးစရိတ် ပြဿနာကတော့ အမြဲရှိပါတယ်။ ဘယ်တုန်းကမှ နေရာကဏ္ဍစုံအားလုံးကို သွားဖို့ ဘတ်ဂျက်ငွေ အလုံအလောက် မရှိခဲ့ဘူးပါဘူး ၊ ဒါကြောင့်လည်း ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်အဆိုပြုချက်တွေ ကွန်ဂရက်က အတည်ပြုလက်စသတ်ပြီးချိန်ထိ ကျွန်တော်တို့ စောင့်ကြည့်ရပါမယ်။ တိတိကျကျတော့ ကျွန်တော် ခန့်မှန်းလို့ ရနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်ပြောနိုင်တာကတော့ ကျွန်တော်တို့ ရဲ့မျှော်မှန်းချက်၊ ရည်ရွယ်ချက်ထဲမှာ ကျွန်တော်တို့ တတ်စွမ်းသလောက် ဆက်ပြီး ကူညီထောက်ပံ့မယ်ဆိုတာပဲ ရှိတယ် ဆိုတာပါပဲ။

သံအမတ်ကြီးအနေနဲ့ တစ်ခြားဘာများ ထပ်ပြီး ဖြည့်ပြောချင်ပါသေးသလဲ?

ကျွန်တော် အဓိကပြောချင်တဲ့ အကြောင်းအရာကတော့ အမေရိကန်အစိုးရသစ် အနေနဲ့ မြန်မာနိုင်ငံသာမကဘဲ အာဆီယံ၊အရှေ့တောင်အာရှဒေသနဲ့ ဆက်လက်ချိတ်ဆက်ဆောင်ရွက်သွားဖို့ ရှိတယ်ဆိုတာ ထပ်လောင်း အာမခံတယ်ဆိုတာပါပဲ။ ဒုသမ္မတ ပန့်စ် ရဲ့ အင်ဒိုနီးရှားခရီးစဉ်မှာ လည်း ဒီလိုပဲ ကတိပြုသွားပါတယ်။ အမေရိကန်သမ္မတအနေနဲ့ လည်း အရှေ့အာရှ ထိပ်သီးအစည်းအဝေး၊ အာဆီယံအစည်းအဝေးနဲ့ APEC အစည်းအဝေးတွေ တက်ဖို့ ယခုနှစ်နှောင်းပိုင်းမှာ ဗီယက်နမ်နဲ့ ဖိလစ်ပိုင် တို့ သွားဖို့ရှိနေပါတယ်။ ဒါကြောင့်  မြန်မာအပါအ၀င် ဒီဒေသတစ်ခုလုံးကို ကျွန်တော်တို့နိုင်ငံဘက်က ဆက်ပြီး ခိုင်ခိုင်မာမာ ချိတ်ဆက်ဆက်ဆံသွားမယ့် အခြေအနေတွေကိုပဲ မြင်နေရတယ်လို့ ကျွန်တော်ထင်ပါတယ်။