အာဖဂန်တာလီဘန် တို့ခေါင်းဆောင်သစ်တစ်ဦး ကိုရွေးချယ်တင်မြောက်

အာဖဂန်တာလီဘန် တို့ခေါင်းဆောင်သစ်တစ်ဦး ကိုရွေးချယ်တင်မြောက်

ပက်ရှ်ဝါ၊ ဇူလိုင် ၃၁ ။        ။ တာလီဘန်တို့သည် ကွယ်လွန်သူဦးစီးခေါင်းဆောင် မူလာအိုမာ၏ နေရာကို အစားထိုးရန် ၎င်း၏လက်ထောက်အဖြစ် ကာလရှည်လုပ်ကိုင်ခဲ့သူကို ရွေးချယ်လိုက်ပြီဟု စစ်သွေးကြွတပ်မှူးနှစ်ဦးက ဇူလိုင် ၃၀ တွင်ပြောကြားခဲ့သည်။ ထိုစဉ် တာလီဘန်နှင့် အာဖဂန်အစိုးရကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများလည်း ရွှေ့ဆိုင်းထားသည်ဟု ပါကစ္စတန်က ကြေညာခဲ့သည်။

တာလီဘန်၏ ထိပ်တန်းကိုယ်စားလှယ်များ၏ အစည်းအဝေးတစ်ခုတွင် မူလာအက်ခ်တားမိုဟာမက်မန်ဆားဝါးကို ခေါင်းဆောင်အဖြစ်ခန့်အပ်ခဲ့သည်။ ကိုယ်စားလှယ်အများအပြားမှာ ပါကစ္စတန်၏ ကွက်တားမြို့တွင် အခြေစိုက်သူများဖြစ်သည်ဟု အစည်းအဝေးတွင် ရှိနေခဲ့သည့် သတင်းရင်းမြစ်များက ပြောသည်။

"ကွက်တာပြင်ပတွင် ကျင်းပခဲ့တဲ့ အစည်းအဝေးက မူလာမန်ဆားဝါးကို တာလီဘန်ရဲ့ ခေါင်းဆောင်သစ်အဖြစ် တင်မြောက်ခဲ့ပါတယ်"ဟု ဇူလိုင် ၂၉ရက်နေ့ညကအစည်းအဝေးတွင် တပ်မှူးတစ်ဦးကပြော ကြားခဲ့သည်။ မကြာမီ ကြေညာချက်တစ်ခု ထုတ်ပြန်မည်ဟုလည်း ဆိုသည်။ အင်အားကြီးမားသော ဟက်ကာနီစစ်သွေးကြွအဖွဲ့ခေါင်းဆောင်က မန်ဆားဝါး၏ လက်ထောက်တစ်ဦးဖြစ်မည်ဟုလည်း တပ်မှူးနှစ်ဦးက ပြောကြားခဲ့သည်။

လူထုကြားတွင် တွေ့ရခဲသော မူလာအိုမာသည် အစွန်းရောက် ရှေးရိုးစွဲ အစ္စလာမ္မစ်လှုပ်ရှားမှုအဖွဲ့ကို ၁၉၉၀ပြည့်လွန်နှစ်များက တည်ထောင်ခဲ့သည့်အတွက် တာလီဘန်တို့၏ တစ်ဦးတည်းသော ဒုတိယမြောက်ခေါင်ဆောင်ဖြစ်လာမည်ဖြစ်သည်။ တာလီဘန်တို့သည် နောက်ဆုံးတွင် အာဖဂန်နစ္စတန်ကို သိမ်းပိုက်နိုင်ခဲ့ပြီး တင်းကျပ်သည့် အစ္စလာမ္မစ်ဥပဒေကို ပြဋ္ဌာန်းတော့သည်။ သို့သောလည်း ၂၀၀၁ခုနှစ်တွင် အမေရိကန်ဦးဆောင်သော စစ်ရေးစွက်ဖက်မှုက ၎င်းတို့၏ အစိုးရကို ဖြုတ်ချပစ်ခဲ့သည်။

အိုမာသေဆုံးကြောင်း တာလီဘန်ပြောခွင့်ရ ဇာဘီဟာလာမူဂျာဟစ်က ဇူလိုင် ၃၀ တွင်အတည်ပြုခဲ့သည်။ သို့သော်လည်း ၎င်းကြေညာချက်က အာဖဂန်အစိုးရက ဇူလိုင်၂၉က ပြောကြားခဲ့သကဲ့သို့ လွန်ခဲ့သည့် နှစ်နှစ်ကျော်ကသေဆုံးခြင်းထက် မကြာသေးမီကမှ သေဆုံးခြင်းဟု ရည်ညွန်းရာရောက်နေသည်။

"အချိန်အတော်ကြာတဲ့အထိ အိုမာဟာ ဝေဒနာတစ်မျိုးခံစားနေခဲ့ရပါတယ်။ နောက်ပြီးတော့ သီတင်းနှစ်ပတ်အတွင်းမှာ ပိုမိုဆိုးဝါးလာခဲ့ပြီး အဲဒီရောဂါနဲ့ပဲ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်"ဟု မူဂျာဟစ်ကဆို သည်။ တာလီဘန်တပ်မှူးများအနေဖြင့် အိုမာအတွက် ဆုတောင်းပွဲလုပ်ရန်လည်း ၎င်းက တောင်းဆိုခဲ့သည်။

အိုမာသည် ၂၀၁၃ခုနှစ် ဧပြီလက ပါကစ္စတန်ဆေးရုံတစ်ခုတွင် သေဆုံးခဲ့သည်ဟု အာဖဂန်နစ္စတန်က ပြောကြားခဲ့သည်။ သို့သော်လည်း ပါကစ္စတန်အရာရှိများက ယင်းကို အတည်မပြုခဲ့ပေ။ အိုမာသည် ၂၀၀၁ခုနှစ်ကတည်းက လူထုကြားမမြင်ရတော့ပေ။ မကြာသေးမီနှစ်များအတွင်း ၎င်းသေဆုံးကြောင်း ကောလာဟလများစွာ ပေါ်ထွက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required