ပုဒ်မ ၆၆(ဃ)တွင် အာမခံ ရရန် ပြည်ထောင်စုရှေ့နေချုပ်ရုံး အကြံပြုထား

ပုဒ်မ ၆၆(ဃ)တွင် အာမခံ ရရန် ပြည်ထောင်စုရှေ့နေချုပ်ရုံး အကြံပြုထား

နေပြည်တော်၊ မေ၊၄ ။            ။ ပြန်လည် ပြင်ဆင်ထားသည့် ဆက်သွယ်ရေးဥပဒေကြမ်းတွင် အဆိုပါ ဥပဒေဖြင့် တရားစွဲဆိုခံရပါက အာမခံရရှိစေရန် အကြံပြုထားသည်ဟု ပြည်ထောင်စုရှေ့နေချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်က ပြောကြားသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုရှေ့နေချုပ်ရုံးထံသို့ ဆက်သွယ်ရေးဥပဒေကြမ်းအား တင်ပြထားခြင်းဖြစ်ပြီး အဆိုပါ ဥပဒေကြမ်းပါ ပုဒ်မ ၆၆(ဃ)တွင် အာမခံရရှိရန် အကြံပြုထားခြင်း ဖြစ်သည်။

“ဒါကတော့ ဥပဒေကြမ်းပဲရှိသေးတယ်။ သူတို့ရဲ့ဥပဒေကြမ်းတင်ပြချက်အပေါ်မှာ ကျွန်မတို့ စိစစ်အကြံပြုတယ်။ စိစစ်အကြံပြုတဲ့အခါမှာ အာမခံပေးရမယ်ဆိုတဲ့အချက်အနေနဲ့   ပြင်ဆင်ထားတယ်။ ပြင်ဆင်ထားတယ်ဆိုတာက အတည်မပြုသေးဘူး” ဟု ဒေါ်နုနုယဉ်က ဆိုသည်။

မေလ ၄ရက်နေ့က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်သော နိုင်ငံတော် အစိုးရ၏ တစ်နှစ်တာကာလ အတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သတ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

၄င်း ၆၆(ဃ) အပေါ် အကြံြ့ပုရာတွင် ထိုဥပဒေသည် ယခင်ကတည်းက ရဲအရေးပိုင်ခွင့်ရှိသည်ဖြစ်ပြီး ယခုအကြံပြုရာတွင်လည်း ရဲအရေးပိုင်ခွင့်ရှိမည် ဖြစ်ပြီး တစ်ချို့ အမှုများတွင် တရားစွဲသည့် အခါမျိုးတွင် တရားစွဲဆိုသည့်အခါ ကြိုတင်ခွင့်ပြုချက် ယူရန်သတ်မှတ်၍ အချို့အမှုများတွင်တော့ ကြိုတင်ခွင့်ပြုချက်မယူရန်သတ်မှတ်ထားပြီး၊ ရာဇဝတ်ကျင့်ထုံးအရ အာမခံပေးရမယ့် ဥပဒေ အနေဖြင့် သတ်မှတ်ထားကြောင်း ၄င်းကဆိုသည်။

ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) တွင် ဆက်သွယ်ရေး ကွန်ရက်တစ်ခုခုကို အသုံးပြုပြီး ပုဂ္ဂိုလ် တဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း(သို့မဟုတ်) ခြိမ်းခြောက်ခြင်းလုပ်သူများကို အရေးယူရန် ပြဌာန်းထားသည်။

ဥပဒေတွင် ယင်းပုဒ်မသည် အာမခံ မရနိုင်ကြောင်း ဖော်ပြထားသေးသည်။ ထိုပုဒ်မအတွက် ပြစ်ဒဏ် သတ်မှတ်ချက်သည် သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခံရမည် ဖြစ်ကြောင်း ပြဌာန်းထားသည်။ လက်ရှိတွင် ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲခံရသည့် အမှုပေါင်း(၅၄)မှုရှိသည်ဟု ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသနအဖွဲ့က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly