မြန်မာနိုင်ငံက ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေကြောင့် ဆယ်စုနှစ်တွေအတွင်း လူပေါင်း ၂၈၀,၀၀၀ လောက် အသက်ဆုံးရှုံးရနိုင်ဟု သတိပေး

မြန်မာနိုင်ငံက ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေကြောင့် ဆယ်စုနှစ်တွေအတွင်း လူပေါင်း ၂၈၀,၀၀၀ လောက် အသက်ဆုံးရှုံးရနိုင်ဟု သတိပေး

မေ ၄ ။            ။ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်ညစ်ညမ်းစေပေမယ့်လည်း နိုင်ငံမှာ မလွဲမသွေ လိုအပ်နေတဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေ တိုးချဲ့လုပ်ကိုင်သွားမယ့် မြန်မာအစိုးရရဲ့ အစီအစဉ်တွေကြောင့် လာမယ့်ဆယ်စုနှစ်တွေမှာ လူပေါင်း ၂၈၀,၀၀၀ လောက်ထိ သေဆုံးရနိုင်တယ်ဆိုပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက မေလ ၄ ရက်မှာ သတိပေးလိုက်ပါတယ်။

ယခုဆိုရင် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်က လေထုအရည်အသွေး အညစ်ညမ်းဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံအဖြစ် ပါ၀င်နေတယ်လို့ သိရပြီး စီးပွားရေး ပိုမိုဖွင့်လှစ်လုပ်ကိုင်တာနဲ့ အလျှောက် ရှေ့ကာလမှာ လေထုညစ်ညမ်းမှုက ပိုဆိုးဖို့ပဲ ရှိနေတယ်လို့ သိရပါတယ်။

ဟားဗက်တက္ကသိုလ် နဲ့ Greenpeace အဖွဲ့တို့က ပူးတွဲလုပ်ဆောင်ခဲ့တဲ့ လေ့လာချက်သစ်တစ်ခုမှာတော့ မြန်မာအစိုးရအနေနဲ့ လက်ရှိ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ နှစ်ရုံကနေ ဆယ်ခုအထိ တိုးချဲ့မယ့် အစီအစဉ်တွေကြောင့် လူတွေ အသက်ဆုံးရှုံးမှု ပိုများလာနိုင်တယ်လို့ သတိပေးထားတာဖြစ်ပါတယ်။

အလားတူ နိုင်ငံမှာ ရှိတဲ့ မြို့ကြီး ခြောက်ခု ဆိုရင်လည်း PM10 လို့သိကြတဲ့ အန္တရာယ်ရှိ သေးငယ်တဲ့ အမှုံ ပါ၀င်မှု မြင့်မားနေလျက်ရှိပြီး ယင်းဟာ တရုတ်နိုင်ငံရဲ့ ပေကျင်းမြို့ထက်တောင် ပိုများနေတာဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

" နိုင်ငံရဲ့ အနာဂတ် စွမ်းအင်ဖူလုံဖို့အတွက် ရွေးချယ်မှုတွေလုပ်တဲ့အချိန်မှာ ဒီလို အစီအစဉ်တွေထဲမှာတော့ လူသားတွေရဲ့ ကျန်းမာရေး ပိုင်းနဲ့ပတ်သက်လို့ ထည့်မတွက်ထားပါဘူး" လို့ Greenpeace အဖွဲ့က တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Lauri Millyvirta က ပြောပါတယ်။

ယခုလို လေထုညစ်ညမ်းမှုပိုဆိုးလာနိုင်မှုက တစ်နှစ်တစ်နှစ်ကို လူပေါင်း ရ,၀၀၀ ကျော်လောက် အရွယ်မတိုင်ခင် သေဆုံးရနိုင်ပြီး စီစဉ်ထားတဲ့ ဓာတ်အားပေးစက်ရုံသစ် ရှစ်ခုနဲ့လက်ရှိ လည်ပတ်နေတဲ့ စက်ရုံနှစ်ခု တို့ရဲ့လည်ပတ်နိုင်မှု သက်တမ်း အနှစ် ၄၀ လောက်ဆိုရင်တော့ သေဆုံးနိုင်သူ ဦးရေ ၂၈၀,၀၀၀ ထိ ရှိနိုင်တယ်လို့ သတိပေးသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required