ပရဟိတ အနုပညာသည် ခိုင်နှင်းဝေ

04 May 2017
ပရဟိတ အနုပညာသည် ခိုင်နှင်းဝေ

အခုတစ်ခါမှာတော့ အနုပညာအလုပ်ကို လုပ်ကိုင်ရင်း တစ်ဖက်မှာလည်း ကလေးသူငယ်များကိစ္စ လူကုန်ကူးမှု တားဆီးရေးကိစ္စနဲ့ လိုအပ်တဲ့နေရာတွေမှာ ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ သရုပ်ဆောင် “ခိုင်နှင်းဝေ” ရဲ့အကြောင်းကို တင်ဆက်ပေးချင်ပါတယ်။

ခိုင်နှင်းဝေ

ရုပ်ရှင်လောကထဲကို စဝင်တာကတော့ ၁၉၉၉ ခုနှစ်လောက်က စဝင်ခဲ့တာပါ။ မြန်မာ့အသံဇာတ်ကားတွေမှာ ဒါရိုက်တာ ကိုအေးသက်တင် ဇာတ်ကားတွေနဲ့ စဝင်လာခဲ့တယ်။ အဲဒီမှာ ပရိသတ်သိသွားတာကတော့ အမကို “ဆန်ရေ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ခေါင်းဆောင်အနေနဲ့ ပါဝင်တဲ့အခါမှာ သိသွားခဲ့တာပါ။ အမကို ဆံပင်အရှည်ကြီးနဲ့ ပါးချိုင့်လေးနဲ့ ဒေါ်မြင့်မြင့်ခိုင်ရဲ့တူမဆိုပြီးတော့ စတင်ပြီးတော့ သိကြတာပါ။

မဇ္ဈိမ

ခိုင်နှင်းဝေကို ပရိသတ်က သရုပ်ဆောင်မင်းသမီးချော ရုပ်ရှင်အနုပညာသည် တစ်ယောက်အနေနဲ့ပဲ သိရှိခဲ့ကြပါတယ်။ ဒါပေမယ့် ခိုင်နှင်းဝေရဲ့ ရင်ထဲမှာ ရုပ်ရှင်အနုပညာတင်မဟုတ်ပဲ နောက်ထပ် ဝါသနာတစ်ခုကလည်း ရှိနေပါတယ်။

ခိုင်နှင်းဝေ

အမက အရင်တုန်းကတည်းက အလှူအတန်းလုပ်ရတာကိုလည်း ဝါသနာပါတယ်။ အဲတော့ အမ အမြဲတမ်းလည်း အလှူအတန်းတွေလုပ်ဖြစ်တယ်။ မိဘမဲ့ကလေးတွေကျောင်းမှာလည်း အမ လှူဖြစ်တယ်။ ပြီးခဲ့တဲ့ နှစ်နှစ်လောက်တုနး်ကဆိုရင် ရှင် ၁၀၈ ပါး ဆင်းရဲနွမ်းပါးတဲ့ကလေးတွေနဲ့ မိဘမဲ့ကလေးတွေကို အမ ရှင်ပြုပေးခဲ့တယ်။

အဲလိုမျိုးလုပ်တာကနေပြီးတော့မှ အမတို့ Facebook ကနေ Fan တွေပေါ့။ အမ ကုသိုလ်ယူတဲ့အခါမှာ အတူတူလာပြီးတော့ ယူလို့ရအောင် ဖိတ်ခေါ်ရင်းကနေ အမတို့ အဖွဲ့လေးကနေ အမ ဘာပဲသွားလှူလှူ သူတို့ နောက်ကနေ အမြဲတမ်းလိုက်ခဲ့ကြတယ်။ လိုက်တာကနေပြီးတော့မှ အမတို့ ၂၀၁၅ ခုနှစ် ဇုူလိုင်လ ၁၀ ရက်နေ့ပေါ့ အဲဒီမှာ စပြီးတော့ ဖွဲ့ဖြစ်သွားတာ။

အဲဒီတုန်းက ရေဘေးတွေဖြစ်တယ်။ ရေဘေးတွေဖြစ်တဲ့အချိန်မှာကျတော့ အမကတော့ Facebook မှာတင်လိုက်တယ်။ ဘယ်နေရာမှာတော့ ကျွန်မသွားလှူမယ် လှူချင်တဲ့သူတွေရှိလို့ရှိရင်လည်း ဆက်သွယ်ပါ သာဓုခေါ်ပါဆိုပြီးတော့ အမက ဒီအတိုင်း တင်လိုက်တယ်။ တင်လိုက်တဲ့အခါမှာ အမတို့ အနုပညာရှင်တွေက သွားလှူမယ်ဆိုတဲ့အခါကျတော့ တချို့လူတွေက လှူချင်တယ် နေရာကိုမသွားနိုင်ဘူး။ အဲလိုမျိုးတွေ အများကြီးရှိကြတာပေါ့။ အဲဒီအခါကျတော့ အမနဲ့ ဖေ့ဘုတ်မှာ ခင်တဲ့သူတွေက အမကို လာပြီးတော့ ဆက်သွယ်ကြတယ်။ အမသွားမယ်ဆိုရင် ကျွန်တော်တို့လည်း ဒါလှူချင်တယ် ဒါလေးလှူပေးပါ ကျန်တဲ့သူတွေက ဆက်သွယ် ဆက်သွယ်ရင်းနဲ့ အမအိမ်မှာ အလှူပစ္စည်းတွေက အရမ်းများသွားတယ် အလှူငွေတွေကလည်း လက်ထဲမှာ များလာတယ် အဲအခါကျတော့ ကိုယ့်မှာ ပိုပြီးတော့လည်း တာဝန်ရှိတယ်လေ ဒါဆိုလို့ရှိရင်တော့ သူများလှူတဲ့ အလှူပစ္စည်းတွေကို အမ ထိထိရောက်ရောက်ဖြစ်အောင် လှူရမယ်ဆိုတဲ့ဆန္ဒလေးနဲ့ပေါ့ အဲဒီအခါမှာ အမတို့ အသင်းအဖွဲ့ထဲက အမကို ကလေးတွေက အဲဒါဆိုလို့ရှိရင်လည်း အမ ပရဟိတအသင်း အမြဲတမ်းလှူလို့ရအောင် အမတို့ ရေဘေးရန်မှမဟုတ်ဘူး အခြားဟာတွေမှာလည်းလုပ်ရအောင် အမကလည်း အလှူအတန်းတွေလုပ်နေတာပဲ ဖွဲ့လိုုက်ပါလားဆိုပြီးတော့ အမကလည်း အဲဒီအချိန်ကနေစပြီးတော့ ပရဟိတ အသင်းလေးကို ထူထောင်ခဲ့တာပါ။

အဲလိုမျိုး လှူပေးရတဲ့အတွက် အမတို့ ပရဟိတဆိုတာက နိဗ္ဗာန်ပေါင်းကူးတံတားပေါ့။ လှူချင်တဲ့သူနဲ့ ဒုက္ခရောက်နေတဲ့သူတွေကို အမတို့က ကြားထဲကနေ ဆက်သွယ်ပေးတဲ့ ပုံစံမျိုးလေး ကိုယ့်ကိုယ်ကို သဘောထားလိုက်တယ်။ သဘောထားပြီး အဲဒီပါရမီကို ဖြည့်ပေးတယ်။ သူများအလှူကိုလည်း အမတို့က လိုက်ပြီးတော့ ကူညီပေးရတဲ့ ပီတိကလည်း အမတို့မှာ ကုသိုလ်တွေ အများကြီးရတယ်။ အဲဒီကနေစပြီးတောမှ အမတို့ လှူဖြစ်တာ။ လှူဖြစ်လာတဲ့အခါကျတော့ ပရဟိတ အသင်းလေးဆိုပြီးတော့ ခိုင်ခိုင်မာမာ ရပ်တည်လာတာပါ။

အမတို့အသင်းအဖွဲ့က အခု လက်ရှိလှုပ်ရှားနေတာဆိုရင် မိဘမဲ့ကျောင်းတွေကို တစ်လကို နှစ်ကျောင်းလောက် အမတို့ လှူပေးတယ်။ ဆေးရုံမှာ ထမင်းကျွေးမယ်ဆိုရင် အမတို့ စီစဉ်ပေးတယ်။ ပရဟိတဖြစ်တဲ့အတွက်ကြောင့် ဘယ်နေရာမှာလှူချင်တယ် အဆင်ပြေအောင်လုပ်ပေးပါ ကျွန်မတို့ကတော့ ငွေကြေး ဒီလောက်ဒီလောက်ပဲ တက်နိုင်တယ် အဲဒါဆိုရင် ကျွန်မတို့ ဖြစ်အောင်လုပ်ပေးတယ်။ အဓိကက သူတို့ လှူဖြစ်ဖို့့ပဲ။

ပရဟိတလုပ်တယ်ဆိုတာကလည်း တကယ်ဝါသနာပါမှ စိတ်ရင်းပါမှ လုပ်ဖြစ်တာပါ။ ဘယ်လိုခေါ်မလဲ သွားလှူမယ်ဆိုရင်လည်း အမတို့က မင်းသမီးဖြစ်တဲ့အတွက်ကြောင့် မင်းသမီးလို နေလို့ထိုင်လို့မရဘူး။ အနေဆင်းရဲတယ်။ အမတို့ အဲဒီတုန်းကဆိုရင် ရေဘေးသွားလှူတယ် ဟင်္သာတဘက်မှာဆိုရင် စက်လှေပျက်သွားတယ် စက်လှေပေါ်မှာ တစ်ညအိပ်ခဲ့ရတယ်။ အဲလိုမျိုးတွေ အနေဆင်းရဲမယ် အစားဆင်းရဲမယ် ကြံုတဲ့နေရာမှာ စားရတယ်။ အဲဒီလိုဟာမျိုးက တော်ရုံတန်ရုံစိတ်ဓာတ်နဲ့ ရေရှည်ရပ်တည်ဖို့ဆို့တာက မလွယ်ပါဘူး။ မင်းသမီးဖြစ်တဲ့အတွက်ကြောင့်မိုလို့ မင်းသမိးဆိုတာက နုနုရွရွလေးပဲနေလာခဲ့တာဆိုတော့ ဒါမျိုးနဲ့က သိပ်အဆင်မပြေဘူး။ ဒါပေမယ့် အမက အဲဒီလိုလုပ်ရတာကို ပျော်တယ်။ အမတို့အသင်းအဖွဲ့က အကြီးကြီးမဟုတ်တဲ့အတွက်ကြောင့်မိုလို့ ကိုဝေဠုကျော်ဖောင်ဒေးရှင်းတို့ ကိုပြေတီဦးဖောင်ဒေးရှင်းတို့လို အမတို့မှာ ငွေကြေးအင်အား မရှိဘူး။ အမတို့မှာ လှူလာတဲ့ အလှူငွေတွေနဲ တစ်ဖက်ကို အဆင်ပြေအောင်လုပ်ပေးတယ်။

အမတို့မှာ ပိုက်ဆံရယ်ဆိုတာက အများကြီးူမရှိဘူး။ မရှိတဲ့အတွက်ကြောင့်မိုလို့ ဒီအသင်းအဖွဲ့ကိုလည်း ဘယ်လောက်ထိ ကြီးမားသွးားရမယ် ဘယ်လိုခေါ်မလဲ အသင်းအဖွဲ့အနေနဲ့ ကားတွေဘယ်လောက်ရှိရမယ်ဆိုပြီးတော့ အဲလိုမျိုး ချဲ့ဖို့လည်း အမတို့မှာ အင်အားမရှိပါဘူး။ အဲဒါကြောင့်မို့ လောဘမရှိတဲ့အတွက်ကြောင့်မိုလို့ အမတို့ကို အကူအညီလာတောင်းတဲ့သူမှန်သမျှကို အမတို့ အဆင်ပြေအောင်ကူညီပေးတယ်။ လုပ်နိုင်သလောက်ကိုလည်း လုပ်မယ်။ လူအားပဲတတ်နိုင်တတ်နိုင် ငွေအားပဲတတ်နိုင်တတ်နိုင် ဘယ်နေရာမှာမဆို ပရဟိတစိတ်ဖြစ်တဲ့အတွက်ကြောင့်မိုလို့ ဒုက္ခရောက်နေတဲ့သူတွေ့လို့ရှိရင် အကူအညီပေးမှာပဲ။

မဇ္ဈိမ

ဒီလိုမျိုး ပရဟိတအလုပ်တွေလုပ်ရင်း အလှူအတန်းတွေလုပ်ရင်းနဲ့ ခိုင်နှင်းဝေကို ကလေးသူငယ်များအဖွဲ့အတွက် လှုပ်ရှားနေတဲ့ ယူနိုက်တက်အက်ဆိုတဲ့ အဖွဲ့က ချိတ်ဆက်မိသွားပြီး ကလေးတွေအပေါ်ကို ချစ်တတ်တဲ့သူမကို သူတို့အဖွဲ့ရဲ့ သံတမန်အဖြစ် ခန့်အပ်ခဲ့ပါတယ်။

ခိုင်နှင်းဝေ

အမကို သူတို့က ၂၀၁၅ ခုနှစ် ၁၂ လပိုင်း ၁၁ ရက်နေ့မှာ တက်ရောက်ပါဆိုပြီးတော့ ဖိတ်ကြားခဲ့တယ်။ အဲဒီအချိန်မှာ သူတို့က အမရဲ့လုပ်ဆောင်ချက်တွေကို ကြည့်လိုက်တဲ့အချိန်မှာ အမကလည်း မိဘမဲ့ကလေးတွေကို လိုက်လှူတာတွေများတယ်။ ကလေးတွေအတွက်ကိုပဲ ဦးတည်ခဲ့တယ်။ အဲဒီအတွက်ကြောင့်မို့ သူတို့ကလည်း ကလေးသူငယ် လူကုန်ကူးမှု တားဆီးရေးမှာ အမကို သံတမံအဖြစ် လုပ်ပေးနိုင်မလား ဘာတွေလုပ်ပေးရမလဲဆိုရင် အမက သူတို့ဟောပြောမယ့်နေရာတွေမှာ လိုက်ပြီေးတာ့ ဟောပြောပေးရမယ် ဘာပဲဖြစ်ဖြစ် ဟောပြောတဲ့နေရာမှာဆိုလို့ရှိရင် သရုပ်ဆောင်မင်းသမီးတစ်ယောက် ပါလာတယ်ဆိုရင် ပြည်သူလူထုနားထဲကို ပိုဝင်မယ် ပြဇာတ်တိုလေးတွေ လိုက်ကပေးတယ်။ အနယ်နယ်အရပ်ရပ်ကို လိုက်သွားပြီးတော့မှ ရှူတင်ရှိရင်လည်း ဖျက်ပြီးတော့ လိုက်ပြီး ကူညီပေးတယ်။ အဲဒီကနေစပြီးတော့မှ အမကို ယူနိုက်တက် အက်ကနေ အမ လက်တွဲဖြစ်သွားတာပါ။

မဇ္ဈိမ

နောက်ပိုင်းမှာလည်း ကလေးသူငယ်အရေးနဲ့ပက်သက်ပြီးတော့ ပိုမိုတက်ကြွစွာနဲ့ လှုပ်ရှားဖြစ်နေပါတော့တယ်။ ရုပ်ရှင်ရိုက်တာရော ပရဟိတလုပ်တာရော ဒီလိုဝါသနာနှစ်ခုကို ပေါင်းစပ်လှုပ်ရှားဖို့ဆိုတာက တကယ်တော့ မလွယ်ကူလှပါဘူး။ ဒါပေမယ့် ဒီအခက်ခဲတွေကို လုပ်ဖော်ကိုင်ဖက်တွေရဲ့ နားလည်မှုနဲ့ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

ခိုင်နှင်းဝေ

နှစ်ဖက်စလုံးကလည်း နားလည်ကြပါတယ်။ အခု ဥပမာ အမက ရုပ်ရှင်ရိုက်ရှိတယ် ဒီဘက်မှာလည်း အလှူတစ်ခုရှိလာတယ်ဆိုရင် အလှူရှင်ကိုတော့ ရက်ရွေ့တာမျိုးမဟုတ်ပဲနဲ့ အမမှာ အသင်းအဖွဲ့ကကလေးအကုန်လုံးက အမမပါပေမယ့်လည်း သူတို့က လိုုက်လုပ်ပေးတယ်။ လိုက်လုပ်ပေးတဲ့အတွက်ကြောင့်မိုလို့ ကိုယ်က မျက်နှာလွှဲလို့ရတယ်ပေါ့။ အမ ရုပ်ရှင်ရိုက်တာနဲ့ တိုက်လာပြီဆိုရင် နားလည်အောင်လို့ ပြောတယ်။ ဖျက်လိုက်တာမျိုးမဟုတ်ပဲနဲ့ တစ်ရက်နှစ်ရက် ရက်ရွေ့လိုက်တာတို့ပေါ့ အဆင်ပြေပါတယ်။ နှစ်ဖက်စလုံး။

မဇ္ဈိမ

လောကသဘာဝအတိုင်းပါပဲ ကလေးတွေအပေါ်မှာ စောင့်ရှောက်နေတဲ့ သူမကို ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်းနဲ့ ဝေဖန်သူတွေကလည်း ရှိနေပါတယ်။

ခိုင်နှင်းဝေ

ဝေဖန်တဲ့သူတွေက ပြောကြတယ်။ သူကိုယ်တိုင်က ကလေးမရှိပဲနဲ့ ကလေးတွေကို ဘယ်လိုစောင့်ရှောက်မလဲ မဆိုင်ပါဘူး ကလေးတွေအများကြီးရှိပြီးတော့ ကလေးကို မစောင့်ရှောက်တက်တဲ့သူတွေ အများကြီးပါပဲ။ အဲတော့ လောကမှာက ဘယ်လိုခေါ်မလဲ အမ ကလေးတွေကို ဘာဖြစ်လို့စောင့်ရှောက်သလဲ မိဘမဲ့ကလေးတွေကို ဘယ်လိုဖြစ်လို့ စောင့်ရှောက်သလဲဆိုရင် အမကိုယ်တိုင်ကလည်း Broken Family ဖြစ်ခဲ့တယ်။ အမအဖေနဲ့အမေကလည်း ကွဲခဲ့တယ်။ ကွဲခဲ့တဲ့အခါကျတော့ အဲဒီရဲ့ခံစားချက်ကို အမ နားလည်တယ်။ နားလည်တော့ ကလေးတွေကို မိဘမဲ့ကလေးတွေရဲ့ သိမ်ငယ်တဲ့စိတ်ကလေးကို အမ တက်နိုင်သလောက်လေး ငယ်ငယ်ကလေးတည်းက အမမွေးနေ့တွေဆိုလို့ရှိရင်လည်း ကျောင်းတွေမှာ သွားလှူပေးခဲ့တယ်။ အဲဒီလိုမျိုးကနေ အမ လုပ်လာခဲ့တာ။ လုပ်လာခဲ့ရာကနေပြီးတော့ အမ ပရဟိတလုပ်တဲ့အခါမှာလည်း ကလေးတေ၊ွအတွက်ကို ပိုပြီးတော့ ဦးစားပေးခဲ့တယ်။ အဲဒီကနေစပြီးတော့ ယူနိုက်တက်အက်ကနေပြီးတော့ အမကို ကမ်းလှမ်းလာခဲ့ခြင်းဖြစ်တယ်။ အဲဒီအတွက်ကြောင့်မိုလို့ ကလေးတွေအများကြီးကို စောင့်ရှောက်နိုင်တော့ ကိုယ့်မှာ ကလေးတွေအများကြီး ရှိတယ်လို့ခံစားရတယ်။ အဲလိုမျိုး ရည်ရွယ်ချက်လည်းပါတယ်။ နောက် မိဘမဲ့ကလေးတွေကို ကိုယ်ချင်းစာတဲ့စိတ်လည်း ပါပါတယ်။

မဇ္ဈိမ

ဒီလို ကလေးသူငယ်တွေ အကူအညီလိုနေသူတွေကို ပရဟိတ အသင်းဖွဲ့ပြီးတော့ ကူညီပေးနေတဲ့ ခိုင်နှင်းဝေကို ဒီနှစ် ၂၀၁၇ ရဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ မြန်မာ့အသိုက်အဝန်းထဲမှ အမျိုးသမီးများ ရုပ်သံကနေပြီးတော့ နှစ်စဉ်ရွေးချယ်ခဲ့တဲ့ မြန်မာပြည်ရဲ့ ထူးချွန်ထက်မြတ်တဲ့ အမျိုးသမီး ၈ ဦးမှာ တစ်ဦးအဖြစ် ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly