စိုက်ပျိုးစရိတ် မြင့်တက်လာ၍ ပဲစိုက်တောင်သူများ စိုက်ပျိုးမှုနည်းလာ

စိုက်ပျိုးစရိတ် မြင့်တက်လာ၍ ပဲစိုက်တောင်သူများ စိုက်ပျိုးမှုနည်းလာ
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ /  ဝင်းခြံကျေးရွာ၊ပုသိမ်ကြီးကွင်းတွင် နွေထယ်ရေးသတ်နေသည်ကို ဧပြီလ ၃၀ ရက်က တွေ့ရစဉ်)
 

မန္တလေး၊မေ ၄ ။                 ။ ပုသိမ်ကြီးမြို့နယ်၊ရေဝင်ကျေးရွာများမှ ပဲစိုက်တောင်သူတွေ စိုက်ပျိုးစရိတ်ကြီးမြင့်လာခြင်းကြောင့် စိုက်ပျိုးသူနည်းလာသည်ဟု ပဲစိုက်တောင်သူများက မဇ္ဈိမကို ပြောသည်။

မန္တလေးတိုင်းဒေသကြီး၊ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ရေဝင်ကျေးရွာများဖြစ်သည့် ဝင်းခြံကျေးရွာ၊ ပုဂံတပ်ကျေးရွာ၊ကင်းကျေးရွာနှင့်အာလောင်ကျေးရွာ စသည့်ကျေးရွာများတွင် စိုက်ပျိုးစရိတ် ကြီးမြင့် လာခြင်းကြောင့် ပဲစိုက်ပျိုးရန်အတွက်အခက်အခဲများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

"စိုက်ပျိုးစရိတ်ကသာ တစ်နှစ်ပြီးတစ်နှစ်တက်နေတယ်။ထွက်ကုန် ကောက်စျေးက မြင့်မလာဘူး။အဲဒီလိုတွေကြောင့် တောင်သူတွေအရှုံးပေါ်နေတယ်"ဟု ဝင်းခြံကျေးရွာမှပဲစိုက်တောင်သူ ဦးမျိုးအောင်က ပြောသည်။

အဆိုပါရေဝင်ကျေးရွာများသည် တစ်နှစ်တွင် တစ်ရာသီသာစိုက်ပျိုးရပြီး ပဲရင်းနှင့်ပဲဲပုတ်သာ အဓိကစိုက်ပျိုးနေခြင်းဖြစ်သည်။

"ရေဝင်အရပ်ဆိုတော့ တစ်သီးပဲ။အခုနွေထယ်ရေးသတ်နေတယ်။ မိဘလက်ငုတ်လက်ရင်းမို့ လုပ်နေရတယ်။ ပင်ပန်းသလောက်အကျိုးမဖြစ်ဘူး"ဟု အာလောင်ကျေးရွာမှ ဦးမျိုးသူက ပြောသည်။

ပဲမျိုးစေ့ တစ်တင်းကို ၂၅၀၀၀ကျပ်၊ နွားတစ်ရှဉ်းကို ၆၀၀၀ကျပ်၊ ကောက်စိုက် တစ်ဦး ၄၅၀၀ကျပ်တို့ဖြစ်ပြီး တစ်ဧက စိုက်ပျိုးလျှင် ပဲမျိုးစေ့ တစ်တင်း၊နွား ၄ရှဉ်း၊ ကောက်စိုက်သမ ၁၃ ဦးတို့ ငှားရမ်း လုပ်ကိုင်ရပြီး ရိတ်သိမ်းစရိတ်မှာလည်း တစ်ဧကကို ၅၀၀၀၀ကျပ်ပေးရကာ တစ်ဧကကို တင်း ၂၀သာ ထွက်သည်ဟု ပဲစိုက်တောင်သူတစ်ချို့ကဆိုသည်။

"ပြီးခဲ့တဲ့နှစ်တွေက မျိုးတစ်တင်းမှ ရထောင်၊၈ထောင်ပဲရှိတယ်။ ကောက်စိုက်သမတစ်ဦး ၂ထောင်၊၃ထောင်ပဲပေးရတယ်။ နွားငှားခကလည်းတက်တယ်။ရိတ်သိမ်းစရိတ်က မနှစ်က ၁၈၀၀၀ကျပ်ပဲ ရှိသေးတယ်။ ဒီနှစ်ဆို ၅သောင်းအထိပေးရတယ်။အဲလိုကျတော့ တောင်သူက မကျန်တော့ဘူး။ နှစ်ဧက စိုက်မှ တစ်ဧကအတွက်ကျန်တယ်။အဲဒီကျတော့ တစ်ချို့က အပင်ပန်းခံပြီး စိုက်မနေကြတော့ဘူး" ဟု ဝင်းခြံကျေးရွာမှ ဦးမော်ကပြောသည်။

တစ်ဧကစိုက်ပျိုးစရိတ်မှာ တစ်သိန်းကျော်နေပြီး တစ်ဧကကို တင်း ၂၀ထွက်ကြောင်း သိရသည်။

"ကျွန်တော်တို့တောင်သူတွေဆီကနေ ပွဲရုံတွေ၊ပွဲစားတွေကောက်တာက တစ်ဧက ကိုးထောင်၊တစ်သောင်းပဲ။ သူတို့ပြန်ရောင်း လေးငါးခြောက်သောင်း။ကျွန်တော်တို့က စျေးလည်းမျှစေချင်တယ်"ဟု ပဲစိုက်တောင်သူ ဦးခင်မောင်မြင့်ကပြောသည်။

ပဲစိုက်တောင်သူများကို စိုက်/ဘဏ်မှ တစ်ဧက တစ်သောင်းနှုန်းချေးငွေထုတ်ပေးခြင်းမှာလည်း နည်းပါကြောင်း ၊ ပိုမိုတိုးမြှင့်ထုတ်ပေးစေချင်ကြောင်း ပဲစိုက်တောင်သူတစ်ချို့ကဆိုသည်။

ပဲစိုက်တောင်သူ ဒေါ်မြဝင်းက "ချေးထုတ်ပေးတာတော့ ကျေးဇူးတင်တယ်။ ဒါပေမယ့် တစ်သောင်းဆိုတာ စိုက်ဖို့ပျိုးဖို့ဆိုရင် မျိုးဖိုးတောင်မရှိပါဘူး။ခေတ်နဲ့အညီ ချေးငွေလည်း တိုးပေးစေချင်တယ်" ဟု   ပြောသည်။

လက်ရှိ ရေဝင်ကျေးရွာများတွင် ပဲစိုက်တောင်သူ ၁၀ ဦးလျှင် ၃ ဦးလောက်သာ စိုက်ပျိုးလုပ်ကိုင်တော့သည်ဟု ဝင်းခြံကျေးရွာ ဒေသခံများကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required