ဟုမ္မလင်းမြို့တွင် နိုင်ငံရေးပါတီတစ်ခုနှင့် မြေနေရာအငြင်းပွားကာ ကုန်တင်ကုန်ချ လုပ်သားများ ဆန္ဒပြ

ဟုမ္မလင်းမြို့တွင် နိုင်ငံရေးပါတီတစ်ခုနှင့် မြေနေရာအငြင်းပွားကာ ကုန်တင်ကုန်ချ လုပ်သားများ ဆန္ဒပြ

ဟုမ္မလင်း၊ မေ ၃ ။                   ။ ကုန်တင်ကုန်ချအလုပ်သမားအဖွဲ့အစည်းအမည်ဖြင့် ချထားပေးခဲ့သည့် မြေငှားဂရမ်အား ဟုမ္မလင်းမြို့နယ်၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှ မတရားသဖြင့် အမည်ပြောင်းရယူထားသည်ဟုဆိုကာ ကုန်တင်၊ ကုန်ချလုပ်သားများက မေလ ၃ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၌ ဆန္ဒပြတောင်းဆိုကြသည်။

ဟုမ္မလင်းမြို့ရှိ မြို့မဆိပ်ကမ်းကုန်တင်ကုန်ချ အလုပ်သမားအဖွဲ့အစည်းအမည်ဖြင့် ယခင်ပြည်သူ့ကောင်စီလက်ထက်၌ ပြည်တွင်းအခွန်များဦးစီးဌာနမှ ချထားပေးခဲ့ခြင်းဖြစ်ပြီး ဂရမ်သက်တမ်းကိုလည်း ၁၉၈၈ခုနှစ်မှ ၁၉၉၈အထိ နှစ်တိုအဖြစ်ချပေးခဲ့ခြင်းဖြစ်သည်။

ထိုသို့နှစ်တိုဂရမ်သက်တမ်းဖြင့် ချထားပေးခဲ့သည့် မြေနေရာအား ၁၉၉၃ခုနှစ်တွင် ဟုမ္မလင်းမြို့နယ် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီပိုင်အဖြစ် ဂရမ်မြေလွှဲပြောင်းရယူခဲ့ခြင်းကို ကုန်တင်ကုန်ချလုပ်သားများက မကျေနပ်သောကြောင့် ဆန္ဒပြခြင်းဖြစ်သည်ဟု ကုန်တင်ကုန်ချလုပ်သားများက ဆိုသည်။

ဟုမ္မလင်းမြို့နယ် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှ အတွင်းရေးမှူး ဦးအောင်ညွှန့်က "ဆန္ဒပြတာကတော့ ဘာမှပြောစရာမလိုပါဘူး။ ဒီနေရာနဲ့ရုံးဟာ ကျွန်တော်တို့တရားဝင်ဂရမ်ရရှိထားပါတယ်။"ဟုပြောသည်။

ထိုသို့ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှ ဂရမ်ပေါက်ရယူထားခြင်းကို ၂၀၁၆ခုနှစ်မှသာ ကုန်တင်ကုန်ချလုပ်သားများက သိရှိခဲ့ခြင်းဖြစ်ပြီး ထိုသို့သိရှိစဉ်ကတည်းက ကန့်ကွက်ခဲ့ခြင်းများ ပြုလုပ်ခဲ့သည်ဟုလည်း ဆန္ဒပြ လုပ်သားများကဆိုသည်။

ဆန္ဒပြလုပ်သားများသည် "အလုပ်သမားအဖွဲ့စည်းပိုင်မြေနှင့် အဆောက်အဦးပြန်လည်ရရှိရေး၊ အလုပ်သမားအဖွဲ့စည်းပိုင်မြေနှင့် အဆောက်အဦး အမြန်လွှဲပြောင်းပေးရေး၊ အလုပ်သမားအဖွဲ့အစည်းအား နည်းမျိုးစုံဖြင့် အနိုင်ကျင့်လုပ်ဆောင်နေမှု ချက်ခြင်းရပ်၊ အလုပ်သမားပိုင်အဖွဲ့အစည်းမြေနှင့်အဆောက်အဦးကို တရားမဝင်လွှဲပြောင်းရယူထားသူများကို ထိရောက်စွာအရေးယူပေးရေးနှင့်နိုင်ငံရးပါတီအမည်ခံ အပိုင်စီးရန် ကြံစည်လုပ်ကိုင်သူအား အမြန်ဖော်ထုတ်အရေးယူပေးရေး စသည့်တို့ကို ကြွေးကြော်တောင်းဆိုကြသည်။

ဆန္ဒပြပွဲဦးဆောင်သူများအနက် တစ်ဦးဖြစ်သူ မြို့မကုန်တင်ကုန်ချအဖွဲ့အတွင်းရေးမှူး ဦးမျိုးသန့်က "တစည ပါတီက ကျွန်တော်တို့ ရုံးလေးကို ဂရမ်ဖောက်ယူလိုက်တော့ ကျွန်တော်တို့ အလုပ်သမားတွေမှာ နားစရာလည်းမရှိသလို ကုန်ပစ္စည်းထားဖို့လည်းမရှိဘူး။အခု နေပူပူမှာ ဘယ်မှနားစရာမရှိဘူး။ ကျွန်တော်တို့ရုံးကို ကျွန်တော်တို့ပြန်လိုချင်တယ်။"ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required