လူမဆန်သော ဆရာတစ်ဦးကြောင့် ပါးရွဲ့သွားခဲ့သော ထိုင်းကျောင်းသူလေး ယခုအခါ ပြန်လည်ပြံုးပြနိုင်

လူမဆန်သော ဆရာတစ်ဦးကြောင့် ပါးရွဲ့သွားခဲ့သော ထိုင်းကျောင်းသူလေး ယခုအခါ ပြန်လည်ပြံုးပြနိုင်

 မေ ၃ ။                     ။ ထိုင်းကျောင်းသူလေး နာယူဒီးဂျော့ဆန်သီယာအတွက် သူမပြန်လည် ပြံုးနိုင်ပါ့မလားဆိုသော အတွေးဝင် လာသည့် အခိုက်အတန့်များရှိခဲ့သည်။

အဆိုပါ ထိုင်းကျောင်းသူလေးသည် ပြီးခဲ့သောနှစ်တွင် ဆရာဖြစ်သူက သူမ၏ဦးခေါင်းအား မတ်ခွက်ဖြင့် ပစ်ပေါက်ခြင်းကို ခံခဲ့ရသောကြောင့် ပါးရွဲ့သွားခဲ့ပြီး မျက်နှာပုံစံပျက်ခဲ့ရသည်။

အင်တာနက်ပေါ်၌ လျင်မြန်စွာပြန့်နှ့ံသွားပြီး နိုင်ငံ၏ ပညာရေးစနစ်နှင့် ပက်သက်၍ အငြင်းအခုံများကို ဖြစ်ပေါ် စေခဲ့သော အဆိုပါတိုက်ခိုက်မှုကြောင့် သူမ၏မျက်နှာတစ်ခြမ်း အောက်သို့ ညွတ်ကျသွားခဲ့ပြီး သူမ၏ ဘယ်ဘက်မျက်လုံးကို ပိတ်၍မရနိုင်အောင်အထိ ဖြစ်ပွားခဲ့ရသည်။

“ကျမရဲ့ မျက်နှာကို ပြန်မြင်လိုက်ရတဲ့အချိန်မှာ ကျမဘယ်လိုမှ လက်မခံနိုင်ခဲ့ပါဘူး” ဟု အသက် ၁၈ အရွယ်ရှိ ပြီဖြစ်သည့် ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ခိုရတ်ခရိုင်မှ အဆိုပါကျောင်းသူလေးက   ပြောခဲ့သည်။

နာယူဒီးတွင် လေယာဉ်မယ်ဖြစ်ချင်သည့် အိပ်မက်တစ်ခု အမြဲတမ်းရှိခဲ့သော်လည်း ထိုကဲ့သို့ဖြစ်ပွားခဲ့မှုကြောင့် လေကြောင်းလိုင်းများက သူမကို အလုပ်ပေးရန်အခွင့်အရေး အနည်းငယ်သာ ရှိတော့သည်။

သို့သော်လည်း သူစိမ်းများ၏ ထောက်ပံ့မှုကြောင့် စျေးကြီးသော ဆေးဝါးကုသမှုများနှင့် နေ့စဉ်လေ့ကျင့်ခန်းများ ကို ပြုလုပ်ခဲ့သောကြောင့် သူမသည် ယခုအခါ ပြန်လည် ပြံုးလာနိုင်ပြီဖြစ်သည်။

သူမ၏ ဘယ်ဘက်ပါးတွင် ဆိုင်းတွမှုဖြစ်နေသည့် အရိပ်အယောင်များကြောင့် “ကျမ ၁၀၀ ရာခိုင်နှုန်း အပြည့် အဝ ပုံမှန်အတိုင်းတော့ ပြန်ဖြစ်မှာမဟုတ်တော့ပါဘူး” ဟု သူမက ပြောခဲ့သည်။ “ဒါပေမယ့် အခုလက်ရှိ ကျမ စွမ်းဆောင်ထားနိုင်တဲ့အရာ အတွက်တော့ ကျမကျေနပ်မိပါတယ်။ အနည်းဆုံးတော့ ကျမပြန်လည် ပြံုးပြနိုင်ပါ ပြီ” ဟု သူမက ဆက်ပြောခဲ့သည်။

သူမ၏ကျောင်းမှ တာဝန်ရှိသူများက ဆရာဖြစ်သူသည် နာယူဒီးကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ကြောင်း ၀န်ခံခဲ့သော်လည်း တိုက်ခိုက်ခံရမှုအပြီး နောက်တစ်နေ့တွင် ဖြစ်ပွားခဲ့သော ပါးတခြမ်းရွဲ့စောင်းသွားခဲ့မှုသည် ခွက်ကြောင့်ဖြစ်ခဲ့သလားဆိုတာကို အငြင်းပွားလျက်ရှိသည်။

ထိုကျောင်းမှ ဒါရိုက်တာဖြစ်သူက သူတို့သည် နာယူဒီး၏ မိသားစုအား ဘတ် ၅သောင်းခန့် လျော်ကြေးပေးခဲ့ ကြောင်းနှင့် အဆိုပါကျောင်းဆရာကိုလည်း အခြားကျောင်းသို့   ပြောင်းရွှေ့လိုက်ကြောင်း   ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly