ရခိုင်ပြည်နယ်အရေး ကုလ စုံစမ်းရေးအဖွဲ့ စေလွှတ်စုံစမ်းမယ့်ကိစ္စ ဒေါ်အောင်ဆန်းစုကြည် ပယ်ချ

ရခိုင်ပြည်နယ်အရေး ကုလ စုံစမ်းရေးအဖွဲ့ စေလွှတ်စုံစမ်းမယ့်ကိစ္စ ဒေါ်အောင်ဆန်းစုကြည် ပယ်ချ

မေ ၃ ။             ။ ရခိုင်ပြည်နယ်မှာ လူနည်းစု ဘင်္ဂါလီ မွတ်ဆလင်တို့အပေါ် လုံခြံုရေးတပ်ဖွဲ့တွေက လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုတွေ ရှိထားခဲ့တယ်ဆိုတဲ့ စွဲချက်တွေကို စုံစမ်းစစ်ဆေးမယ့် ကုလ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က လက်မခံဘဲ ပယ်ချသွားခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ မွတ်ဆလင်တွေအပေါ် သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှုနဲ့ ညှင်းပန်းနှိပ်စက်မှု စတဲ့ ကျူးလွန်မှုတွေ ရှိထားကြောင်း စွပ်စွဲပြောဆိုချက်တွေ ထွက်ပေါ်ထားခဲ့ပြီး ယင်းစွဲချက်တွေကို စုံစမ်းသွားဖို့အတွက် မြန်မာနိုင်ငံဆီကို နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခု စေလွှတ်သွားရေး ကုလသမဂ္ဂက ပြီးခဲ့တဲ့ မတ်လ က သဘောတူထားခဲ့တာဖြစ်ပါတယ်။

" ကျွန်မတို့ ဒီကိစ္စကို သဘောမတူပါဘူး" လို့ ဘယ်လ်ဂျီယံ နိုင်ငံ ဘရက်ဆဲလ်မြို့မှာ ရောက်ရှိနေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ယမန်နေ့က   ဒေါ်အောင်ဆန်းစုကြည်ဟာ အီးယူ ထိပ်တန်းသံတမန် Federic Mogherini တို့ ပူးတွဲပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ အထက်ပါအတိုင်း ပြောကြားသွားတာဖြစ်ပါတယ်။

" ကုလသမဂ္ဂရဲ့ ခုဆုံးဖြတ်ချက်ကို ကျွန်မတို့ဘက်က မထောက်ခံနိုင်ပါဘူး၊ ဒီလို စုံစမ်းရေးအဖွဲ့လွှတ် စစ်မယ့်ကိစ္စဟာ တကယ့် လက်တွေ့မြေပြင်မှာ အမှန်တကယ်ဖြစ်နေတဲ့အခြေအနေနဲ့ သင့်တော်ကိုက်ညီနိုင်လိမ့်မယ်လို့ ကျွန်မတို့ မထင်ပါဘူး" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ရခိုင်ဒေသအတွက် တကယ့်လက်တွေ့လိုအပ်နေတဲ့ အခြေအနေနဲ့ ကိုက်ညီမယ့် အကြံပေးချက်တွေကိုတော့ ကျွန်မတို့ နိုင်ငံက ၀မ်းမြောက်ဝမ်းသာ လက်ခံသွားမှာပါ လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

" ဒါပေမယ့် ခု ကုလ ဆုံးဖြတ်ချက်မျိုးဆိုတာက ရခိုင်ပြည်နယ်တွင်းက လူမျိုးစု နှစ်စုအကြား ပိုပြီး သဘောကွဲသွားစေနိုင်တဲ့အတွက် ကျွန်မတို့ လက်မခံနိုင်တာဖြစ်ပါတယ်၊ ခုချိန်မှာ ဖြစ်နေတဲ့ပြဿနာတွေကို ဒီနည်းနဲ့ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး" လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required