ဆိုမာလီယာ၌ အလွန်စိုးရိမ်ရသည့် အာဟာရချို့တဲ့သော ကလေးငယ် ၁.၄သန်းခန့်ရှိကြောင်း ကုလပြောကြား

ဆိုမာလီယာ၌ အလွန်စိုးရိမ်ရသည့် အာဟာရချို့တဲ့သော ကလေးငယ် ၁.၄သန်းခန့်ရှိကြောင်း ကုလပြောကြား

 မေ ၃ ။                   ။ မိုးခေါင်ရေရှားမှုနှင့် ငတ်မွတ်ဘေးကြံုတွေ့နေရသော ဆိုမာလီယာနိုင်ငံ၌ ယခုနှစ်တွင် အလွန်စိုးရိမ်ရသည့် အာဟာရချို့တဲ့သော ကလေးငယ် ၁.၄သန်းခန့်ရှိပြီး မနှစ်ကထက် ၅၀ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ကမ္ဘာ့ကုလသမဂ္ဂမှ ပြီးခဲ့သော အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့သည်။

ထိုထဲကမှ ကလေးသူငယ် ၂၇၅၀၀၀ ခန့်သည် ပြင်းထန်သော အာဟာရချို့တဲ့မှုကြောင့် အလွယ်တကူသေဆုံး သွားနိုင်ကြောင်း ကုလသမဂ္ဂ ကလေးသူငယ်အေဂျင်စီမှ သတိပေးခဲ့သည်။

အလွန်စိုးရိမ်ရသည့် အာဟာရချို့တဲ့မှုသည် ထင်သာမြင်သာအရှိဆုံးနှင့် အပြင်းထန်ဆုံးဖြစ်ပြီး ဝေဒနာသည်များ သည် အရိုးပေါ်အရေတင်ဖြစ်ခြင်း၊ အားအင်ချည့်နဲ့ခြင်းတို့ကို ခံစားနေရကာ အသက်ရှင်ကျန်ရစ်ရန်အတွက် အရေးပေါ်ကုသမှုများ လိုအပ်နေကြောင်း သိရသည်။

ဝေဒနာခံစားနေရသော ကလေးငယ်များသည် ကာလဝမ်းရောဂါ သို့မဟုတ် ၀မ်းလျှောခြင်းနှင့် ၀က်သက်ပေါက် ခြင်းတို့ကြောင့် သေဆုံးရန် ကိုးဆမြင့်တက်လာကြောင်း ယူနီဆက်ဖ်မှ ပြောရေးဆိုခွင့်ရှိသူ မာရီရှီမာကာဒိုက ဂျနီဗာမြို့၌ ပြောခဲ့သည်။

“အာဟာရပြတ်လပ်ခြင်းနှင့် ရောဂါဘယဖြစ်ပွားခြင်းတို့အပြင် အတင်းအကြပ် အိုးအိမ်စွန့်ခွာခိုင်းခြင်းတို့ကြောင့် ကလေးသူငယ်များ သေဆုံးမှုမြင့်တက်လာပါတယ်” ဟု သူမက ပြောခဲ့ပြီး အာဟာရချို့တဲ့ခြင်း နှင့် ရေဓာတ် ကုန်ခမ်းခြင်းတို့ကြောင့် ၀မ်းရောဂါဖြစ်ပွားပါက နာရီပိုင်းအတွင်း သေဆုံးနိုင်ကြောင်း သူမက ထောက်ပြခဲ့သည်။

ဆိုမာလီယာနိုင်ငံ၌ မိုးခေါင်ရေရှားမှုသည် ကာလဝမ်းရောဂါနှင့် အလွန်ပြင်းထန်သော ၀မ်းလျှောခြင်းတို့ကို ဖြစ်ပွားစေနိုင်ပြီး လူပေါင်းရာနှင့်ချီ၍လည်း ထိုအဖြစ်အပျက်ကြောင့် သေဆုံးပြီးဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းက ပြီးခဲ့သောလတွင် သတိပေးခဲ့သည်။

ဆိုမာလီယာနိုင်ငံတွင် ၂၅ နှစ်ကြာခန့် ပြည်တွင်းစစ်ဖြစ်ပွားနေခြင်းနှင့် ပရမ်းပတာအခြေအနေများကြောင့် ငတ်မွတ်ဘေး တတိယအကြိမ် ဖြစ်ပွားနေကြောင်းလည်း သိရသည်။

လွန်ခဲ့သော ၂၀၁၁ ခုနှစ်ကလည်း ငတ်မွတ်ဘေးကြောင့် ဆိုမာလီယာ၌ လူပေါင်း ၂၆၀၀၀၀ ခန့် သေဆုံးခဲ့ရပြီး ထိုထဲမှတဝက်သည် အသက် ၅ နှစ်အောက် ကလေးငယ်များဖြစ်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့မှ ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required