ကိုရီးယားကျွန်းဆွယ်ကို ဗုံးကြဲလေယာဉ်တွေစေလွှတ်မှု နျူကလီးယားစစ် မဖြစ်ဖြစ်အောင် အမေရိကန်တို့ တွန်းပို့နေဟု မြောက်ကိုရီးယား ပြော

ကိုရီးယားကျွန်းဆွယ်ကို ဗုံးကြဲလေယာဉ်တွေစေလွှတ်မှု နျူကလီးယားစစ် မဖြစ်ဖြစ်အောင် အမေရိကန်တို့ တွန်းပို့နေဟု မြောက်ကိုရီးယား ပြော

မေ ၂ ။              ။ တင်းမာမှုတွေ ရှိနေတဲ့ ကိုရီးယားကျွန်းဆွယ်ဒေသကို အမေရိကန်တို့ရဲ့ B-1 မဟာဗျူဟာ ဗုံးကြဲလေယာဉ် နှစ်စင်း ရောက်ရှိလာမှုအပေါ် မြောက်ကိုရီးယားတို့ဘက်က ပြင်းပြင်းထန်ထန် ပြစ်တင်သွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဗုံးကြဲလေယာဉ်တွေကတော့ ယင်းဒေသမှာ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ရေးတွေမှာ ပူးပေါင်းပါ၀င်ဖို့ တာဝန်နဲ့ ရောက်လာတာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါပေမယ့် ယင်းဒေသဆီကို အမေရိကန်တို့ဘက်က လေယာဉ်တင်သင်္ဘောဦးဆောင်တဲ့ ရေတပ်အုပ်စု၊ နျူကလီးယား ရေငုပ်သင်္ဘော တို့ကို စေလွှတ်ထားခဲ့ပြီး တင်းမာမှုတွေ မြင့်တက်သထက် မြင့်တက်နေချိန်မှာပဲ ယခုလို နောက်ထပ် မဟာဗျူဟာကျ ဗုံးကြဲလေယာဉ်တွေပါ ထပ်မံစေလွှတ်လိုက်ခြင်းက မြောက်ကိုရီးယားတို့အပေါ် အင်အားထပ်မံပြသလိုက်တဲ့သဘောဖြစ်တယ်လို့လည်း ယူဆနေကြပါတယ်။

ဒါပေမယ့်လည်း ယခုလို ဒေသတွင်းကို ဗုံးကြဲလေယာဉ်နှစ်စင်း စေလွှတ်မှုနဲ့အတူ အမေရိကန်တို့အနေနဲ့ ဒေသတွင်း နျူစစ်ပွဲ မဖြစ်ဖြစ်အောင် တွန်းပို့နေသလို ဖြစ်နေခဲ့ပြီဆိုပြီး မြောက်ကိုရီးယားတို့ဘက်က စွပ်စွဲသွားပါတယ်။

အသံထက်မြန်တဲ့ အဆိုပါ B-1B Lancer ဗုံးကြဲလေယာဉ်နှစ်စင်းကိုတော့ မြောက်ကိုရီးယားတို့ရဲ့ နျူကလီးယားကြိုးပမ်းချက်တွေ ဆက်တိုက်ရှိနေတဲ့ ကိုရီးယားကျွန်းဆွယ်ဒေသတွင်းမှာ ပြီးခဲ့တဲ့ မေလ ၁ ရက်ကမှ တပ်ဖြန့်ချထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တစ်ချိန်တည်းမှာလည်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ၎င်းအနေနဲ့ လက်ရှိတင်းမာနေတဲ့ကြားကပဲ အခြေအနေပေးလာရင် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျံုအန်းနဲ့ တွေ့ဆုံလိုတယ်လို့လည်း ပြောကြားခဲ့ကြောင်း သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required