စပါး၏အဓိက ပစ်မှတ်မှာ ချယ်လ်ဆီးကိုကျော်ဖြတ်ပြီး ချန်ပီယံဖြစ်ရေးဟု ပိုချက်တီနိုဆို

စပါး၏အဓိက ပစ်မှတ်မှာ ချယ်လ်ဆီးကိုကျော်ဖြတ်ပြီး ချန်ပီယံဖြစ်ရေးဟု ပိုချက်တီနိုဆို

မေ ၁၊ အင်္ဂလန် ။            ။ လန်ဒန်မြို့ခံပြိုင်ဘက် အာဆင်နယ်၏အထက်တွင် ရာသီပြီးဆုံးရသည်မှာ ကောင်းမွန်သော်လည်း စပါးအသင်း၏အဓိက ရည်မှန်းချက်မှာ ချယ်လ်ဆီးအသင်းကို ကျော်ဖြတ်ပြီး ချန်ပီယံဆုရရှိရေးသာ ဖြစ်ကြောင်း စပါးနည်းပြ ပိုချက်တီနိုက ပြောဆိုလိုက်သည်။

စပါးအသင်းသည် အာဆင်နယ်အသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့်အတွက် ၎င်းတို့နှစ်သင်းကြား ရမှတ် ၁၇ မှတ်အထိကွာဟသွားခဲ့သည်။ ထို့ကြောင့် စပါးအသင်းမှာ ၁၉၉၄-၉၅ နောက်ပိုင်း အာဆင်နယ်အသင်း၏အထက်မှ ပထမဆုံးအကြိမ် ရာသီကုန်ဆုံးနိုင်တော့မည် ဖြစ်သည်။

အာဆင်နယ်နှင့်ပွဲအပြီးတွင် ပိုချက်တီနိုက ‘ကျွန်တော်တို့က ချန်ပီယံပြိုင်ပွဲ လမ်းကြောင်းပေါ်မှာ ရှိနေဆဲပါ။ လာမယ့်ဝက်စ်ဟမ်းနဲ့ပွဲမှာ ကျွန်တော်တို့နိုင်ခဲ့ရင် ချယ်လ်ဆီးနဲ့ တစ်မှတ်ပဲကွာပါတော့မယ်။ ဒါဆို ချယ်လ်ဆီးဘာဖြစ်မလဲ ကြည့်ရပါမယ်။

အီတလီနဲ့စပိန်တို့မှာဆို ချန်ပီယံလုဖက်အသင်းတွေက တစ်ချိန်တည်းကစားကြရပါတယ်။ အင်္ဂလန်မှာတော့ ပရိသတ်တွေက တီဗီကနေ တိုက်ရိုက်ကြည့်ချင်တဲ့အတွက် ကစားချိန်က ကွဲပြားပါတယ်။

ချယ်လ်ဆီးမကစားခင်မှာ ကျွန်တော်တို့က သုံးရက်စောပြီး ကစားရပါမယ်။ ဒါက အရမ်းအရေးကြီးပါတယ်။ အနိုင်ရအောင် ကြိုးစားရမှာပါ။ လေးပွဲကစားဖို့ကျန်ချိန်မှာ   လေးမှတ်ပဲကွာဟတာက   ဘောလုံးလောကမှာ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။

အာဆင်နယ်နဲ့ပွဲက အသင်းရဲ့ကစားပုံအတွက် အလွန်ဂုဏ်ယူမိပါတယ်။ ပရိသတ်တွေအတွက်လည်း အလွန်ပျော်မိပါတယ်။ ၂၂ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် အာဆင်နယ်အသင်းရဲ့ အထက်ကနေ ရာသီပြီးဆုံးရမှာက စပါးအသင်းနဲ့ ပရိသတ်တွေအတွက် အလွန်ကောင်းမွန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အလိုရှိတာက ပရီးမီးယားလိဂ်ချန်ပီယံဆုပါ။ ကျွန်တော်တို့က အာဆင်နယ်တစ်သင်းတည်းကို အနိုင်ရလိုတာမဟုတ်ပါဘူး။ ပရီးမီးယားလိဂ်က ၁၉ သင်းစလုံးကို အနိုင်ရလိုတာပါ’ ဟု ပြောဆိုခဲ့သည်။

ရည်ညွှန်း သည်ဆန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required