တရားမဝင်လောင်းကစားများကို ဥပဒေနှင့်ထိန်းချုပ်ပြီး ခွင့်ပြုသင့်ဟု ဝေဖန်မှုများရှိ

တရားမဝင်လောင်းကစားများကို ဥပဒေနှင့်ထိန်းချုပ်ပြီး ခွင့်ပြုသင့်ဟု ဝေဖန်မှုများရှိ

ရန်ကုန် ဧပြီ ၂၉ ။           ။ မြန်မာနိုင်ငံတွင် အင်တာနက်မှတဆင့် လောင်းကစားပြုလုပ်သည့် စီးပွားရေးလုပ်ငန်းများ သိသိသာသာ တိုးပွားနေချိန်တွင် တရားမဝင်လောင်းကစားများကို ဥပဒေ နှင့်ထိန်းချုပ် ပြီး တရားဝင်ခွင့်ပြုသင့်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်နေသည်။

ထိုသို့ဝေဖန်နေမှုအပေါ် အကယ်၍ ခွင့်ပြုပါကလည်း နိုင်ငံတော်အခွန်ငွေရရှိအောင် ဆောင်ရွက်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကဆိုသည်။

ဥပဒေနှင့်အညီ တရားဝင်ဆောင်ရွက်ခြင်းက နိုင်ငံတော်အနေဖြင့် လောင်းကစားကဏ္ဍမှအခွန်ငွေ အများအပြား ရရှိလာနိုင်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်းက ပြောသည်။ သို့သော်လောင်းကစားဥပဒေ နှင့်လည်းဆန့်ကျင်ဘက်မဖြစ်အောင် အဘက်ဘက် ညှိနှိုင်းဆောင်ရွက်သင့်သည် ဟုလည်း ဆိုသည်။

"အဓိက နံပါတ်တစ်ကတော့အခွန်အကောက်ရမှာပေါ့နော်။ တရားဝင်မှတ်ပုံတင်ရတဲ့ခါ ငွေဖြူငွေမည်းပြဿနာလေးတွေပေ့ါ။ အခုဆိုရင် ဒီလောင်းကစားဒိုင်ကြီးတွေက ဘယ်သူတွေလဲ။ ဒီငွေတွေ ဘယ်ကို စီးဆင်းနေသလဲ။ နိုင်ငံခြားကပဲ စီးဆင်းနေသလား။ အဲဒီပြဿနာလေးတွေ ရှိနေတယ်။ တရားဝင်သတ်မှတ်လိုက်တဲ့အခါကြတော့ နံပါတ်တစ် အခွန်ရလာမယ်။ နောက် ဒိုင်တွေရဲ့ငွေစီးဆင်းမှုကိုလည်းထိန်းချုပ်နိုင်မယ်။ ငွေဖြူလုပ်တဲ့ကိစ္စတွေကို လည်း ထိန်းချုပ်နိုင်မယ်။ ဆိုးကျိုးတွေကလည်း ဖြစ်လာနိုင်တယ်”ဟု ဦးရွှေလှဝင်းက သုံးသပ်သည်။

အွန်လိုင်းပေါ်မှ ဘောလုံးပွဲလောင်းသူတစ်ဦးကမူ ဘောလုံးပွဲများ အလောင်းစားပြုလုပ်ပြီးမှ ကြည့်  ခြင်းကို ပိုနှစ်သက်ကြောင်း ပြောသည်။  

'ဘောလုံးပွဲကြည့်ရှုသူ ၁၀၀% မှာ ၈၀% ကတော့ ဘောလုံးပွဲ လောင်းကြပါတယ်။ ဘောလုံးနဲ့ မပတ်သက်တဲ့သူတွေကတော့ အမြင်အမျိုးမျိုး ကွဲလွဲနိုင်ပါတယ်။ 

ကျွန်တော်တို့ဆိုရင် လောင်းကစားက ဘောလုံးတစ်ခုတည်း လုပ်ပါတယ်။ တစ်လုံး၊ နှစ်လုံးတွေ တရားဝင်ခွင့်ပြုတာမျိုး ကြတော့ စိတ်မဝင်စားသလို၊ကြိုက်လည်း မကြိုက်ဘူး။ အဲ့လိုမျိုးပါပဲ။ ဘောလုံးနဲ့ မပတ်သက်သူတွေကတော့ တရားဝင်ခွင့်ပြုခြင်းအပေါ်မှာ မကြိုက်ခြင်း ၊ကြိုက်ခြင်းတွေ ရှိမယ်။ ဒါတွေကတော ့ဖြစ်တတ်တဲ့အလေ့အထလေးတွေ” ဟု ၄င်းက သူ့အမြင်ကို ပြောသည်။

ထိုသို့ ကြိုက်နှစ်သက်သူများရှိသလို ဘောလုံးပွဲပုံမှန်လောင်းသူတစ်ဦးကမူ အင်တာနက် Online လောင်းကစားဒိုင်များ တရားဝင်ဖွင့် မပေးသင့်ကြောင်း ပြောဆိုသည်။

Online ဒိုင်များသည် ၂၄နာရီ လောင်း၍ရနေသဖြင့် အခြားအရေးပါသည်များကို စိတ်မဝင်စားတော့ဘဲ လူငယ်များလောင်းကစားနွံနစ်သွားနိုင်ပြီး Online ဒိုင်များသည် လောင်းကြေးများ လည်ပတ်ရန် အတွက် Unitများကို ပြည်ပမှ ဒေါ်လာဖြင့် ၀ယ်ယူရသောကြောင့် ပြည်ပသို့ ဒေါ်လာစီးဆင်းမှု မြင့်တက်သွားနိုင်သည်ဟုလည်း ပြောသည်။ ပြည်ပမှ ယူနစ်မဝယ်ဘဲ လုပ်ငန်းလည်ပတ်ရန် မလွယ်ကြောင်းလည်း သူက ဆိုသည်။

 ထိုသို့ အမြင်များရှိနေမှုအပေါ် မြန်မာနေရှင်နယ်လိဂ် CEO ဦးစိုးမိုးကလည်း အားကစားပြိုင်ပွဲနှင့် ပတ်သက်သည့် လောင်းကစားများကို အခြားနိုင်ငံများကဲ့သို့  တရားဝင် စည်းစနစ်တကျ ဖွင့်ပေးလျှင်  မြန့်မာ့ အားကစားလောက ဖွံ့ဖြိုးရေးကိုလည်း အထောက်ကူပြုလာနိုင်သည်ဟု ပြောသည်။  
   
'အလောင်းအစားက ခေတ်ကာလအနေနဲ့ ပြောမယ်ဆိုရင် အမျိုးမျိုးအဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါတယ်။ ကျွန်တော် စဉ်းစားမိတဲ့ Betting ကတော့ ကောင်းတဲ့ဘက်က တွေးရင်တော့ Betting က အကျိုးရှိအောင်အသုံးချလို့ရတယ်။ Negative Sense နဲ့ ပြောမယ်ဆိုရင်တော့ Betting က တစ်ခုခုကို Correcting လုပ်ဖို့ တွန်းအားပေးသယောင်ရှိတယ်။ ပြောရ ရင်တော့မီးလိုပါပဲ။ မီးကသုံးတတ်ရင်တော့ အကျိုးရှိပါတယ်” ဟု ဦးစိုးမိုးက ပြောသည်။

အမည်မဖော်လိုတဲ့ လောင်းကစားဒိုင်တစ်ဦးကမူ တရားဝင်ခွင့်ပြုလျှင် ၁၈နှစ်အောက် လောင်းကစားလုပ်သူများကို  တားဆီးနိုင်မည်ဟုလည်း ဆိုသည်။ 

ဘောလုံးပွဲဒိုင်များကို တရားဝင်ခွင့်ပြုပြီး အခြားစီးပွားရေးလုပ်ငန်းများထက် အခွန်ပိုကောက်သင့်သည်ဟု ပြောခဲ့ပြီး  မြန်မာနိုင်ငံသားများ လောင်းသည့် လောင်းကစားဝက်ဘ်ဆိုက်များက မြန်မာနိုင်ငံသားဒိုင်များ၏ မြန်မာဝက်ဘ်ဆိုက်များ ဖြစ်လျှင် နိုင်ငံတွက် အခွန်များစွာ ရှာပေးနိုင်ကြောင်း ပြောသည်။

တရားမဝင်လောင်းကစားများကို ဥပဒေနှင့်ထိန်းချုပ်ပြီး ခွင့်ပြုသင့်၊ မခွင့်ပြုသင့် ဝေဖန်မှုများရှိနေပြီး ထိုသို့ တရားဝင်ခွင့်ပြုလိုက်လျှင် လောင်းကစားကို အခြေခံသည့် လိမ်လည်မှုများ ဖြစ်လာနိုင်ကြောင်း ပြောဆိုမှုများလည်း ရှိနေသည်။ မြန်မာနိုင်ငံတွင် လက်ရှိ Online လောင်းကစားငွေကြေးလည်ပတ်မှု များကို ဘဏ်အကောင့်များမှ တဆင့် ပြုလုပ်နေကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required