အညာဒေသ နွားနို့ခဲအဆိမ့်ချက်

အညာဒေသ နွားနို့ခဲအဆိမ့်ချက်

မင်္ဂလာပါ

ဒီတစ်ပတ်တော့ အညာဒေသစာလေးဖြစ်တဲ့ နွားနို့ခဲအဆိမ့်ချက်လေး ချက်စားရအောင်။ နွားနို့ခဲက အညာဒေသမှာတော့ ပေါပေါများများ ရနိုင်ပြီး ဟင်းအဖြစ် ချက်စားနိုင်သလို ဆီနဲ့ ကြော်ပြီး ရေနွေးကြမ်းလေးနဲ့ စားကြသူတွေလည်း ရှိပါတယ်။

နွားနို့ခဲ အဆိမ့်ချက် ချက်တော့မယ်ဆိုရင် လိုအပ်တာတွေကတော့

နွားနို့ခဲ ၂၅သား

ကိုင်းခရမ်းချဉ်သီး ၃လုံး

ဆီ အနည်းငယ်

ငရုတ်အရောင်တင် အပုမှုန့် အနည်းငယ်

ကြက်သွန်ဖြူ အနည်းငယ်

ကြက်သွန်နီ အနည်းငယ်

ငရုတ်သီးစိမ်း အနည်းငယ်

ကြက်သွန်မြိတ် အနည်းငယ်တို့ပဲဖြစ်ပါတယ်။ 

ကြက်သွန်ဖြူနီနဲ့ အရောင်မှုန့်တို့ကို ညက်နေအောင် ထောင်းပါ။ ပြီးရင် ဆီသတ်ပါ။ အရောင်လှပြီး မွှေးလာရင် ခရမ်းချဉ်သီးထည့်ပြီး ညက်သွားတဲ့ အထိမွှေပေးပါ။ အနံ့မွှေးအောင် ငရုတ်သီးစိမ်းလေးတွေကိုလည်း ထည့်ပြီးဆီသတ်ပေးပါ။ ခရမ်းချဉ်သီး ညက်သွားရင်တော့ အရသာအတွက် ဆားအနည်းငယ်ထည့်ပါ။ 

ပြီးရင်တော့ အနေတော်တုံးထားပြီး ဆားဆနွင်းလူးထားတဲ့ နို့ခဲလေးတွေကို ထည့်ပြီး မကျေအောင် ဂရုစိုက်ပြီး အနှစ်နဲ့ သမသွားအောင်မွှေပေးပါ။ 

 နွားနို့ခဲက ကျက်ပြီးသားမို့ ချက်တဲ့အခါ ရေမထည့်ရပါဘူး ။ ဆီလေး အနှစ်လေးနဲ့သာ အရသာဝင်အောင် ချက်ရပါတယ်။ အိုးမကပ်စေဖို့လည်း ဂရုစိုက်ရမှာပါ။ 

၁၀မိနစ်လောက်နေရင်တော့ နွားနို့ခဲထဲ ခရမ်းချဉ်သီးဟင်းအနှစ်တွေ ၀င်ပြီမို့ ကြက်သွန်မြိတ်ကလေး အုပ်ပြီးရင် ရပါပြီ။ 

နွားနို့ခဲ အရသာဆိမ့်ဆိမ့်လေးကို အချဉ်ဓာတ်ပါတဲ့ ကိုင်းခရမ်းချဉ်သီးအနှစ်လေးနဲ့ ချက်ထားတာမို့ စားပြီး အီလည်လည်မဖြစ်စေပါဘူး ။ အဆိမ့် မကြိုက်ဘူး အစပ်ကြိုက်သူဆိုရင်တော့ ငရုတ်သီးစိမ်းလေးထောင်းပြီး ချက်လို့ ရပါသေးတယ်။ ဒီအစီအစဉ်ကို စနေနေ့ ညနေတိုင်း တင်ဆက်ပေးမှာဖြစ်တာမို့ တနင်္ဂနွေနေ့ အားလပ်ရက်မှာ တပျော်တစ်ပါး ချက်ပြုတ်စားနိုင်ကြပါပြီ။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required