သပိတ်မျှောပွဲမှာ ပျော်ရွှင်ဖွယ်ရာ မြို့ထားဝယ်မှာ အပိုင်း(၂)

29 April 2017
သပိတ်မျှောပွဲမှာ ပျော်ရွှင်ဖွယ်ရာ မြို့ထားဝယ်မှာ အပိုင်း(၂)

ဝါလကင်းလို့ သီတင်းကျွတ်အချိန်ရောက်ရင် မြန်မာနိုင်ငံ အနှံ့အပြားမှာ သူ့အရပ်နဲ့ သူ့ဓလေ့ဆိုသလို ရိုးရာပွဲတွေ ရှိနေပါတယ်။

အခု ထားဝယ်မြို့မှာလည်း ရိုးရာအစဉ်အလာအတိုင်း မီးထွန်းပွဲတစ်ခုကို ကျင်းပမှာပါ။ ဒါကတော့ ထားဝယ်ရိုးရာ သပိတ်မျှောပွဲပါ။ ကမ်းရိုးတန်းဒေသ၊ ပင်လယ်ပြင်နဲ့ ထိစပ်နေတဲ့ဒေသရဲ့ ရိုးရာပွဲတော်တစ်ခုပါ။

အိုးလုပ်ရပ်တဲ့ ဒီရပ်ကွက်က ထားဝယ်မြို့ထဲမှာပဲ ရှိပါတယ်။ ရှေးအစဉ်အဆက်ကတည်းက အိုးလုပ်ငန်းနဲ့ အသက်မွေးခဲ့တာဖြစ်တာကြောင့် အိုးလုပ်ရပ် ဆိုပြီးတော့ အမည်တွင်လာတာပါ။ ရပ်ကွက်ထဲဝင်လာရင်ပဲ မြေသားရောင် သပိတ်ပုံစံတွေကို နေရောင်အောက်မှာ အစီအရီ တွေ့ရပါတယ်။

ဒေသအခေါ် အိုးလုပ်ရုံက တာဝန်ရှိသူနဲ့ စကားပြောကြည့်ပါတယ်။

အမရေ မင်္ဂလာပါ။

ဟုတ် မင်္ဂလာပါ ညီမလေး။

အမတို့ အခုဆိုရင် သပိတ်မျှောပွဲကလည်း နီးပြီဆိုတော့လေ သပိတ်တွေကို နေတွေလည်း လှန်းထားတာတွေ့တယ်။ အခုက သီတင်းကျွတ်ပြီဆိုတော့ ဘယ်အချိန်လောက်ကနေ စပြီးတော့ လုပ်တာလဲ။ လပြည့်နေ့ဆိုရင် ပွဲဆို်တော့လေ။

ဝါဆိုလလောက်ကနေ စပြီးတော့ လုပ်ပါတယ်။

ဒါဆိုရင် လေးလလောက် သပိတ်တွေကို လုပ်နေကြတာပေါ့။ အဲဒီအခါကျတော့ ဒီရာသီတစ်ရာသီအတွက်ရော အမတို့ အိုးလုပ်တဲ့ အလုပ်ရုံတစ်ခုကနေ အိုးတွေ ခန့်မှန်း ဘယ်လောက်လောက် အခု မီးမျှောပွဲရာသီအတွက် ထုတ်လုပ်ပေးတာလည်းမသိဘူး။

ခန့်မှန်းခြေဆိုရင် ၂၀၀၀-၃၀၀၀ လောက်တော့ ရှိပါတယ်။

ဒီအိုးလုပ်ရုံတွေက သင်္ကြန်နားနီးရင် အတာအိုးတွေကိုလုပ်ကြပြီးတော့ သီတင်းကျွတ်ဆိုရင်တော့ အခုလို သပိတ်တွေကို လုပ်ကြပါတယ်။ ဆီမီးခွက် ကစားစရာအရုပ်တွေ စုဗူး၊ ပန်းအိုး၊ ရိုးရာအိုးတွေလို မြေထည်ပစ္စည်းတွေကိုလည်း လုပ်ကြပါတယ်။

အခုဆိုလို့ရှိရင် ထားဝယ် သပိတ်မျှောပွဲမှာ မျှောမယ့် သပိတ်လေးတွေရဲ့ ပြုလုပ်ပုံအဆင့်ဆင့်ကို လာပြီးတော့ လေ့လာခဲ့ကြတယ်။

ဒီသပိတ်လေးတွေ လုပ်ဖို့အတွက် အဓိက ကုန်ကြမ်းဖြစ်တဲ့ ရွှံ့ကိုတော့ လယ်ကွင်းတွေကနေ တူးဖော်ရတယ်တဲ့။ လယ်ကွင်းကရတဲ့ရွှံ့တွေကို ပုံထားတယ် ပြီးလို့ရှိရင်တော့ သဲနဲ့ ထပ်ပြီးတော့ ရောပြီးတော့ နယ်ရပါတယ်တဲ့။ ပြီးတော့မှ ကိုယ်လိုချင်တဲ့ပုံကို အိုးလှည့်တဲ့စက်လေးမှာ လက်လှည့်တဲ့ သစ်သားပြားလေးမှာ သပိတ်ပုံလေးတွေ ဖော်ရတယ်။ ပြီးလို့ရှိရင် နေလှန်းရပါတယ်။ ပြီးရင်တော့ လက်နဲ့လှည့်ထားတဲ့ သပိတ်က အသားထူတဲ့အတွက် ရေမြုပ်သွားနိုင်တယ် ဒါကြောင့်မို့ အိုးရဲ့ အသားလေးတွေ ပါးသွားအောင် နေလှန်းလို့ပြီးတဲ့အချိန်မှာ ဂဲလုံးလေးတွေနဲ့ အတွင်းသားနံရံကို ချဲ့ထုတ်ပါတယ်။ အဲတော့ အိုးရဲ့ အသားနံရံလေးတွေက ပိုပြီးတော့ ပါးသွားတယ်။ နောက်တစ်ခါကျတော့ အိုးက သိပ်သွားအောင် ရိုက်တဲ့ဒုတ်တံနဲ့ အိုးကို ရိုက်ပါတယ်တဲ့။ ပြီးရင်တော့ မီးဖုတ်လိုက်မယ်ဆိုရင်တော့ နောက်ဆုံး မြေအိုးအနေအထားလေးကို ရောက်လာပါတယ်။ မီးဖုတ်ပြီးပြီဆိုတာနဲ့ သပိတ် အမဲရောင်လေးဖြစ်အောင် ဆေးအမဲလေး ဆိုးပါတယ်တဲ့။ ပြီးရင် လေသလက်ခံထားပြီးရင်တော့ မီးမျှောပွဲမှာ အသုံးပြုမယ့် သပိတ်လေးကို ရပါပြီတဲ့။

ဒီသပိတ်မျှောပွဲဟာ ဒေသခံတွေရဲ့ ထင်ရှားတဲ့ အစဉ်အလာတစ်ခုဖြစ်သလို အသက်မွေးမှုကိုလည်း အပြန်အလှန် ထိန်းကျောင်းပေးနေတဲ့ ပွဲတော်တစ်ခု ဖြစ်ပါတယ်။

ထားဝယ်မှာ မြို့ပေါ်ရပ်ကွက် ၁၅ ရပ်ကွက်ရှိပြီးတော့ သပိတ်မျှောပွဲလုပ်တဲ့နေရာကတော့ ၅ နေရာရှိပါတယ်။ အဲဒိအထဲမှာ ဒေါင်းလုတံငါရပ်ကွက်ကတော့ အစည်ကားဆုံးနေရာတစ်လို့ ဆိုပါတယ်။

ကိုစိုးထိုက်(ရပ်ကွက်အုပ်ချုပ်ရေးမှူး)

ဒေါင်းလုတံငါရပ်ကွက်

ဒေါငး်လုတံငါရပ်ကွက်ကတော့ အစည်ကားဆုံးနေရာတစ်ခုဖြစ်ပါတယ်။ အစဉ်အဆက်မပြတ် သပိတ်မျှောပွဲ ကျင်းပလာတဲ့ ရပ်ကွက်ဖြစ်တဲ့အတွက် ကျွန်တော်တို့ရပ်ကွက်ကတော့ နှစ်တိုင်းနှစ်တိုင်း သူများရပ်ကွက်နဲ့မတူပဲနဲ့ နှစ်တိုင်း ဝန်ကြီးချုပ်အဆက်ဆက်တွေမှာလည်း ကျွန်တော်တို့ မျှောပါတယ်။ သပိတ်မျှောတဲ့အခါက လူနဲ့သွားမျှောရင် အန္တရာယ်ရှိပါတယ်ခင်ဗျာ။ အခုနောက်ပိုင်း စက်ယန္တယားနဲ့ ပူးဇော်ပြီးတော့ မျှောလိုက်ရင် အန္တရာယ်လည်းကင်းပါတယ်ခင်ဗျာ။

သပိတ်မျှောပွဲကို သီတင်းကျွတ်လပြည့်နေ့ စဝင်လာတဲ့အချိန် နံနက် ၁ နာရီလောက်ကတည်းက စပြီးတော့ မျှောကြပါတယ်။ ဒါကြောင့် ညမှောင်မှောင်ထဲမှာ အန္တရာယ်မဖြစ်ရလေအောင် ရေဆင်းဆိပ်တွေကို အခုလိုမျိုး ဆင်ကြရပါတယ်။

ဒေါငး်လုတံငါရပ်ကွက်ရဲ့ သပိတ်မျှောပွဲကတော့ ခေတ်နဲ့အညီ ပြောင်းလဲမှုတွေကို မြင်တွေ့ရပါတယ်။ နောက်ထပ်ရပ်ကွက်တစ်ခုဖြစ်တဲ့ ထင်ဟောင်းရပ်ကွက်မှာတော့ ရိုးရာပိုဆန်တယ်လို့ ဒေသခံတွေက ပြောပြကြပါတယ်။ ဒါကြောင့် ထင်ဟောင်းရပ်ကွက်ကို သွားကြဦးမှာပါ။ ပုံမှန်မျှောနေတဲ့သပိတ်တွေက မြေသားနဲ့ပြုလုပ်တာဖြစ်ပေမယ့် ဒီသပိတ်အကြီးကြီးကိုတော့ ကွန်ကရစ်နဲဲ့ ပြုလုပ်ထားတာပါ။

စုစည်းမှုအင်အားကိုလည်း ပြသတာလို့ ဆိုပါတယ်။ ဒီရေဆိပ်ကတော့ သပိတ်တွေကို လက်နဲ့မျှောကြတာပါ။ ဒီလိုလက်နဲ့မျှောတာကတော့ ရှေးတုန်းကတည်းက လက်နဲ့မျှောတဲ့ပုံစံလို့ ဆိုပါတယ်။

ဒီညကတော့ ထားဝယ်သားတို့ မအိပ်တဲ့ညတဲ့။ ထားဝယ်မြို့တစ်မြို့လုံးလည်း လှုပ်လှုပ်ရွရွ ဖြစ်နေပါတယ်။ ကျွန်မတို့တစ်ဖွဲ့လုံးလည်း ထားဝယ်မြို့ရဲ့ မီးမျှောပွဲညကို ထားဝယ်သားတွေနဲ့အတူတူ ဖြတ်သန်းကြမှာပါ။ မိုးဖွဲဖွဲရွာနေပေမယ့် သပိတ်မျှောပွဲအတွက် ထားဝယ်သားတွေကတော့ ကလေးလူကြီးမကျန် တက်တက်ကြွကြွဖြစ်နေကြပါတယ်။ ည ၁၂ နာရီကျော်လာတော့ မိုးကလည်း စဲသွားပါပြီ။ ထားဝယ်မြစ်ဆိပ်တွေမှာလည်း သပိတ်မျှောဖို့ အဆင်သင့်ဖြစ်နေကြပါပြီ။

မပန်းအိအိသော်

(Best House) ထားဝယ်။

ဟုတ်ကဲ့ပါ။ သီတင်းကျွတ်တန်ဆောင်တိုင်ကတော့လေ ထားဝယ်သူ ထားဝယ်သားတိုင်းကတော့ ထားဝယ်မြို့ကိုပဲ ပြန်လာချင်ကြတယ်။ ရိုးသားစွာပြောမယ်ဆိုုရင်လည်း ညီမကလည်း ဒီသီတင်းကျွတ်လထဲမှာမွေးတာ။ နှစ်တိုင်း သီတင်းကျွတ် တန်ဆောင်တိုင်ဆိုရင်တော့ နယ်ကိုပဲ ပြန်လာဖြစ်တယ်။ ပြီးတော့ ဒီလိုမျိုး အစဉ်အလာလေးတွေလည်းရှိတယ် သပိတ်မျှောပွဲတော်ကလည်း အမြဲတမ်းကျင်းပတာဖြစ်တဲ့အတွက်ကြောင့်ပါ။

ထားဝယ်ရိုးရာ သပိတ်မျှောပွဲကို ည ၁၂ နာရီကျော်ကတည်းကစလို့ တဖွဲဖွဲနဲ့ သပိတ်တွေကို မျှော်လာခဲ့ကြတာဟာ မနက်လေးနာရီလောက်မှာတော့ အစည်ကားဆုံးပဲဖြစ်ပါတယ်။ ခေတ်နဲ့အညီ ပြောင်းလဲလာတဲ့ ဒေါင်းလုတံငါရပ်ကွက်မှာတော့ ရိုးရာသပိတ်မျှောပွဲ ဖွင့်ပွဲကို ပြုလုပ်နေကြပါပြီ။

ရိုးရာဆန်နေသေးတဲ့ ထင်ဟောင်းရပ်ကွက်မှာလည်း ရပ်ကွက်ကို လှည့်နေတဲ့သပိတ်ကြီး ပြန်ရောက်လာပါပြီ။ ဒီသပိတ်ကြီးကို ဝါးဖောင်နဲ့တင်ပြီး ထားဝယ်မြစ်ဝအထိ စက်လှေနဲ့ ဆွဲသွားကြမှာပါ။ ထားဝယ်ရိုးရာ သပိတ်မျှောပွဲကတော့ သီတင်းကျွတ်လပြည့် နံနက်စောစော ဝေလီဝေလင်းအချိန်မှာပဲ ပြီးဆုံးသွားခဲ့ပါပြီ။

အပိုင်း (၁) ကို အောက်ပါလင့်တွင်ဖတ်ရှု့နိုင်ပါသည် -http://www.mizzimaburmese.com/article/25524

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly