မော်ဒယ် ရွှေမြင့်မိုရ်အပါ သုံးဦးအပြင် မူးယစ်ဆေးဝါးလာရောက်ပို့ဆောင်သူပါ ထပ်မံဖမ်းဆီးရမိ

မော်ဒယ် ရွှေမြင့်မိုရ်အပါ သုံးဦးအပြင် မူးယစ်ဆေးဝါးလာရောက်ပို့ဆောင်သူပါ ထပ်မံဖမ်းဆီးရမိ
ရွှေမြင့်မိုရ်ဖေ့ဘွတ်ခ် 

ရန်ကုန်၊ ဧပြီလ ၂၉ ။              ။ မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့် ဖမ်းဆီးခံထားရသော မော်ဒယ်သရုပ်ဆောင် ရွှေမြင့်မိုရ်အပါအဝင်သုံးဦးအပြင် မူးယစ်ဆေးဝါးလာရောက်ပို့ဆောင်သူကိုပါ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း တာမွေမြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိက မဇ္စျိမသို့ ဧပြီလ ၂၉ ရက်တွင်ပြောသည်။

"မူးယစ်ဆေးဝါးရောင်းဝယ်သူက သူတို့သုံးဖို့အတွက် လာလာပို့ပေးတဲ့သူပေါ့။ လာပို့တဲ့လူကိုစောင့်ပြီးတော့ ဖမ်းလိုက်တာ ဒါပဲ။ အခုတော့ လာပို့တဲ့သူကို သပ်သပ်တစ်မှုဖွင့်တယ်။ ကျန်တဲ့သုံးယောက်ကို တစ်မှုဖွင့်တယ်”ဟု အဆိုပါအရာရှိက ပြောသည်။

ဖြစ်စဉ်မှာ ဧပြီလ ၂၇ ရက်နေ့ ည ၉ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ နတ်ချောင်း ရပ်ကွက်၊ သမိန်ဗရမ်းလမ်းရှိ မော်ဒယ် ရွှေမြင့်မိုရ်နေထိုင်ရာ တိုက်ခန်းသို့ သတင်းအရ မူးယစ်ရဲတပ်ဖွဲ့မှ မူးယစ် ဆေးဝါးရှာဖွေခွင့် ဝရမ်းအမှတ်(၂၂/၂ဝ၁၇) ဖြင့် ဝင်ရောက်ရှာဖွေခဲ့ရာ မော်ဒယ် ရွှေမြင့်မိုရ်အပါအဝင် မောင်ပြေငြိမ်း(ခ)ပြေငြိမ်းနှင့် ကိုဇော်(ခ) ဇေယျာဖြိုးမောင် နှင့်အတူ မော်ဒယ်ရွှေမြင့် မိုရ်အိပ်ခန်း ကြမ်းပြင်ပေါ်မှ ကေ်ာဘူးဖြင့်ထည့်ထားသည့် တန်ဖိုးကျပ် (၁၅ဝဝဝ) ရှိ WY စာတမ်းပါစိတ်ကြွရူးသွပ်ဆေးပြား (၆) ပြားနှင့် စိတ်ကြွဆေးပြားရူရန် ပြင်ဆင် ထားသည့်ဆက်စပ်ပစ္စည်းများ၊ မူးယစ်ဆေးဝါးရောင်းဝယ်ရာတွင် အသုံးပြုသည့် ဆမ်ဆောင်းဖုန်းတစ်လုံး၊ MI ဖုန်းအမျိုးအစား နှစ်လုံးကို ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ရမိသည်။

အဆိုပါပစ္စည်းများရှာဖွေပုံစံဖြင့်သိမ်းဆည်းနေစဉ် ည ၁၁ နာရီအချိန်တွင် မော်ဒယ် ရွှေမြင့်မိုရ်၏ ဆမ်ဆောင်းဖုန်းသို့ မူးယစ်ဆေးဝါးလာရောက်ပို့ဆောင်သူက ဆက်သွယ်လာသဖြင့် မူးယစ်ရဲတပ်ဖွဲ့မှ အသွင်ယူ၍ စောင့်ဖမ်းခဲ့ရာ ည ၁၁ နာရီခွဲတွင် မျိုးမြင့်ဦး(ခ) မျိုးကြီးဆိုသူက အငှားယာဉ်ဖြင့် မော်ဒယ်ရွှေမြင့်မိုရ်အိမ်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

မူးယစ်ရဲတပ်ဖွဲ့မှ ၄င်းကို သက်သေများရှေ့တွင် ရှာဖွေစစ်ဆေးခဲ့ရာ တန်ဖိုးကျပ် ၆၇၅ဝဝ ရှိ WY ဆေးပြား ၂၇ ပြားနှင့် မူးယစ်ဆေးဝါးရောင်းဝယ်ရာတွင်အသုံးပြုသည့် OPPO အမျိုးအစားဖုန်းတို့ကို ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးသုံးစွဲသူ မော်ဒယ်သရုပ်ဆောင် ရွှေမြင့်မိုရ်အပါအဝင် သုံးဦးကို တာမွေမြို့မရဲစခန်းတွင် မယ (ပ) ၁၉/ ၂၀၁၇၊ မူးစိတ်ပုဒ်မ ၁၅/ ၁၆(ဂ)/ ၂၁ ဖြင့် အမှုဖွင့်ထားပြီး မူးယစ်ဆေးဝါးလာရောက်ပို့ဆောင်သူဖြစ်သည့် မျိုးမြင့်ဦး(ခ) မျိုးကြီးဆိုသူကို မယ (ပ) ၁၉/ ၂၀၁၇၊ မူးစိတ်ပုဒ်မ ၁၅/ ၁၆(ဂ)/ ၂၁ ဖြင့် သီးခြားအမှုဖွင့်ထားကာ စစ်ဆေးနေပြီ ဖြစ်ကြောင်း တာမွေမြို့မရဲစခန်းမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly