ပါလက်စတိုင်း ချီတက်ဆန္ဒပြသူများနှင့် အစ္စရေးတပ်များကြား ထိပ်တိုက်တွေ့မှုများဖြစ်ပွား

ပါလက်စတိုင်း ချီတက်ဆန္ဒပြသူများနှင့် အစ္စရေးတပ်များကြား ထိပ်တိုက်တွေ့မှုများဖြစ်ပွား

ဂျေရုဆလင်၊ ဧပြီ ၂၈ ။              ။ ရက်ပေါင်း ၁၂ တိုင်ပြည့်မြောက်ခဲ့ပြီဖြစ်သော အစာငတ်ခံဆန္ဒပြနေသည့် ဖမ်းဆီးထိန်းသိမ်းခံအကျဉ်းသားများနှင့် တစ်စိတ်တည်းတစ်ဝမ်းတည်းဖြစ်ကြောင်း ပြသသည်ပါလက်စတိုင်းချီတက်ဆန္ဒပြသူများနှင့် အစ္စရေးတပ်ဖွဲ့များကြား အနောက်ဖက်ကမ်းတစ်လျှောက် ထိပ်တိုက်တွေ့မှုများက ဧပြီ ၂၈ ရက်တွင် ဖြစ်ပွားပေါ်ပေါက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်က ဖော်ပြသည်။

ပါလက်စတိုင်းများက အနောက်ဖက်ကမ်းရှိ မြို့များ၊ ကျေးရွာများ အများအပြားတွင် စခန်းစိုက်ကာ သောကြာနေ့ ဘာသာရေးဝတ်ပြုဆုတောင်းမှု ပြုလုပ်ခဲ့ပြီးနောက် အနီးနားရှိ စစ်တပ်စစ်ဆေးရေးဂိတ်များသို့ ချီတက်ကြရာမှ အစ္စရေးစစ်သားများနှင့် ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားခြင်းဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်က ဖာတက်ရှ်လှုပ်ရှားရေးအဖွဲ့က ယနေ့ ဧပြီ ၂၈ ရက်သည် ပုန်ကန်မှုနေ့ရက်ဖြစ်ကြောင်း ကြေညာထားခဲ့ကာ မိမိတို့၏ ကိုယ်ပိုင်မြေပေါ် ကျုးကျော်ထားသူများကို ရင်ဆိုင်ထိပ်တိုက်တွေ့ကြရန် ပါလက်စတိုင်းပြည်သူများအား တိုက်တွန်းထုတ်ပြန်ထားခဲ့သည်။ 

အစ္စရေးထောင်များတွင် အစာငတ်ခံကာ ဆန္ဒပြနေသည့် ပါလက်စတိုင်းအကျဉ်းသား ၁၈၀၀ နီးပါးအတွက် သွေးစည်းကြောင်းကို ပြသကြရန် တိုက်တွန်းခဲ့သည်။

ချီတက်ဆန္ဒပြမှုများတွင် ထိပ်တိုက်တွေ့ကြရာ၌ ကျောက်တုံးကျော်ခဲများဖြင့် ပစ်ပေါက်တိုက်ခိုက်ကြသော ပါလက်စတိုင်းဆန္ဒပြသူများကို အစ္စရေးစစ်သားများက မျက်ရည်ယိုဗုံးများ ပစ်လွှတ်ပြီး ရော်ဘာစွပ်စတီးလ်ကျည်ဆန်များဖြင့် ပစ်ခတ်နှိမ်နင်းသည်။

မျက်ရည်ယိုဗုံးငွေ့ ရှုရှိုက်မိသည့် ဝေဒနာဒဏ်ကို အမျိုးသမီးနှင့် ကလေးများအပါအဝင် ပါလက်စတိုင်း ဆယ်ဦးကျော်ထက်မနည်း ဝေဒနာခံစားခဲ့ရသည်။

အစ္စရေးအကျဉ်းဦးစီးဌာနက ဖမ်းဆီးထိန်းသိမ်းထားသူများကို နှိပ်စက်မှု၊ မဖွယ်မရာဆက်ဆံမှုနှင့် ဆေးဝါးကုသမှု မရှိခြင်းများအပြင် အစ္စရေး၏ စစ်ဆေးတရားရုံးတင်ခြင်းမရှိဘဲ ဖမ်းဆီးထိန်းသိမ်းသည့် မူဝါဒပေါ်လစီကို ဆန့်ကျင်ပြီး ဖာတက်ရှ်လှုပ်ရှားမှုအဖွဲ့မှ အကြီးတန်းတာဝန်ရှိသူ မာဝန်က ဦးဆောင်ပြီး ထိန်းသိမ်းခံအကျဉ်းသား ၁၈၀၀ နီးပါးက ဧပြီ ၁၇ ရက်က စတင်ကာ အစာငတ်ခံဆန္ဒပြနေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required