ဦးကိုနီအသတ်ခံရမှု လိုပြသက်သေ စစ်ဆေးရန်ဖြစ်သော်လည်း ခွင့်တိုင်၍ ထပ်မံရုံးချိန်း

ဦးကိုနီအသတ်ခံရမှု လိုပြသက်သေ စစ်ဆေးရန်ဖြစ်သော်လည်း ခွင့်တိုင်၍ ထပ်မံရုံးချိန်း

ရန်ကုန်၊ ဧပြီလ ၂၈ ။            ။ ရှေ့နေဦးကိုနီနှင့် အငှားယာဉ်မောင်းကို နေဝင်းတို့အသတ်ခံရသည့်အမှုတွင် သေနတ်သမားကြည်လင်းနှင့် အောင်ဝင်းဇော်တို့ ပိုင်ဆိုင်သော လက်နက်မှုအတွက် လိုပြသက်သေကို စစ်ဆေးရန် ဧပြီလ ၂၈ ရက်နေ့ကို ချိန်းဆိုထားသော်လည်း ခွင့်တိုင်ကြားသဖြင့် လာမည့် မေလ ၁၂ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်ကြောင်း အင်းစိန် မြို့နယ်၊မြောက်ပိုင်းခရိုင် သတင်းနှင့်ပြန်ကြားရေး ဒုခရိုင်တရားသူကြီး(၆) ဦးခင်မောင်မြင့်က ပြောသည်။

“ အခုစစ်မယ့် လိုပြသက်သေဆိုတာက ရှာဖွေသက်သေတစ်ယောက်ပဲ။ သူက အမှုရဲ့ စာရွက်စာတမ်းတွေ သိမ်းတဲ့ ရှာဖွေသက်သေပေါ့နော်။ ဒီနေ့စစ်ဖို့ချိန်းထားတာကတော့ လက်နက်မှုနဲ့ စစ်ဖို့ချိန်းထားတယ်။ သက် သေက နာရေးကိစ္စရှိလို့ဆိုပြီးတော့ ခွင့်တင်တဲ့အတွက် မစစ်ဖြစ်တော့ဘဲ နှစ်ပတ်ထပ်ပြီးရုံးချိန်းလိုက်တယ်”ဟု ဦးခင်မောင်မြင့်က ပြောသည်။

ထိုသို့ ရက်ချိန်းကို နှစ်ပတ်ကြာ ပြန်လည်ချိန်းဆိုရခြင်းမှာ လက်နက်မှုတွင်ပါသည့် ရှာဖွေပုံစံများမှာ လူသတ်မှုမှ တွဲယူလာခြင်းဖြစ်သည့်အတွက် မူရင်းပုံစံမဟုတ်ကြောင်း၊ မူရင်းပုံစံမဟုတ်သဖြင့် သက်သေခံသွင်းရန် ခက်ခဲ သည့်အတွက် ရုံးချိန်း ရ ကြိမ်မြောက်အဖြစ် နှစ်ပတ်ကြာထပ်မံချိန်းဆိုရခြင်းဖြစ်ကြောင်း ဇေယျာဖြိုး၊ အောင်ဝင်း ဇော်နှင့် အောင်ဝင်းထွန်းတို့ဘက်မှ လိုက်ပါဆောင်ရွက်နေသည့် အထက်တန်းရှေ့နေ ဦးအောင်ခိုင်က ပြော သည်။

“ သက်သေခံသွင်းမရဘူးဆိုတာက မူရင်းနဲ့ တိုုက်ဆိုင်ပြီးမှ လုပ်ထုံးလုပ်နည်းအရ သက်သေခံသွင်းရတာကိုး။ မူရင်းအမှုတွဲက လူသတ်မှုထဲမှာပါနေတယ်။ လူသတ်မှုအမှုတွဲကြီးက အခုတိုင်းလွှတ်တော်မှာ တစ်ဖက်က ဖမ်းဝရမ်းကိစ္စနဲ့ ပတ်သက်ပြီး တက်သွားတာကို တိုင်းလွှတ်တော်မှာ ဒီနေ့ကြားနာမယ်”ဟု ဦးအောင်ခိုင်က ရှင်းပြသည်။

အဆိုပါ ပြစ်မှုကြီးအမှတ် ၄၆/၂၀၁၇ ၊ ၁၈၇၈ ခုနှစ် လက်နက်ဥပဒေပုဒ်မ ၁၉(ဃ)(စ)အမှုတွင် ကြည်လင်း နှင့် အောင်ဝင်းဇော်တို့နှစ်ဦးသာ သက်ဆိုင်သည့် စစ်ဆေးဆောင်ရွက်ခြင်းဖြစ်ကာ ယင်းလက်နက်မှုကို မတ်လ ၃ ရက်တွင် တရားစွဲတင်ခဲ့ပြီး မတ်လ ၂၄ ရက်နေ့တွင် တရားလိုပြသက်သေ မင်္ဂလာဒုံမြို့မရဲစခန်းမှူး ဒုတိယရဲမှူး မြထွန်းကျော်ကို စတင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

 ဖြစ်စဉ်မှာ ၂၀၁၇ နှစ်၊ ဇန်နဝါရီ ၂၉ ရက် ညနေ ၅ နာရီ အချိန်ခန့်တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီကို ကြည်လင်းက သေနတ်ဖြင့် အနီးကပ် လုပ်ကြံ ခဲ့ခြင်းကြောင့် ပြစ်မှုကျူးလွန်သူ ကြည်လင်းကို ဖမ်းဆီးပေးခဲ့သည့် အငှားယာဉ်မောင်း ကိုနေဝင်း ပါ သေနတ်ထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required