မကွေးတိုင်း ပျောက်ဆုံး ရန်ပုံငွေ ရ ဘီလီယံအနက် ထက်ဝက်ခန့် အရစ်ကျပြန်ရမည်

မကွေးတိုင်း ပျောက်ဆုံး ရန်ပုံငွေ ရ ဘီလီယံအနက် ထက်ဝက်ခန့် အရစ်ကျပြန်ရမည်

ရန်ကုန်၊ ဧပြီ ၂၈ ။             ။ အလွဲသုံးစားလုပ် ပျောက်ဆုံးနေသော မကွေးတိုင်းဒေသ ရေနံလက်ယက်တွင်းမှရရှိသည့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ရ ဘီလီယံအနက် ၃ ဘီလီယံကျော် ပြန်ရတော့မည်ဖြစ်ကြောင်း မကွေးတိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

ယခင် မကွေးတိုင်းဒေသကြီ ၀န်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေနှင့် ရွှေသုခ အသေစား ငွေရေးကြေးရေးလုပ်ငန်း ဥက္ကဋ္ဌ ဦးကြည်ထွန်းတို့က အဆိုပါ ၃.၂၉ ဘီလီယံကျပ်ကို ဇူလှိုင်လနောက်ဆုံးပတ်မတိုင်မီ မကွေးတိုင်းအစိုးရအဖွဲ့ကို ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း ဧပြီ ၂၇ တွင် စာပေးပို့အကြောင်းကြားခဲ့သည်ဟု လက်ရှိ မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက မဇ္စျိမသို့ အတည်ပြုပြောသည်။

“ ပြည်ထာင်စုအစိုးရ ညွှန်ကြားတဲ့အတိုင်း ၃ ဘီလီယံကျော်ကျော်ပေါ့ ။ ၃.၂ ဘီလီယမ် သန်းသုံးထောင့်နှစ်ရာလောက်ရှိမယ် ပြန်ပေးမှာ ” ဟု ၄င်းကဆိုသည်။

ရွှေသုခ အသေးစားငွေရေးကြေးရေးလုပ်ငန်းသို့ လွှဲပြောင်းပေးခဲ့သည့် ၁.၅၇ ဘီလီယံကျော်အနက် ငွေကျပ် သိန်း ၅၀၀၀ အား မေလပထမ ပတ်အတွင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကို ပထမအရစ်အနေဖြင့် ပေးသွင်းသွားမည်ဖြစ်ပြီး ကျန်ရှိငွေများကို လုပ်ငန်းလည်ပတ်လျှက် ရှိသောကြောင့် ပြန်လည် ကောက်ခံပြီးနောက် ၂၀၁၇ ဇူလှိုင်လ နောက်ဆုံးပတ်မတိုင်မီ ပေးသွင်းသွားမည်ဖြစ်ကြောင်း ယခင်ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေက တိုင်းအစိုးရထံ ပေးပို့သည့် စာအရ သိရသည်။

ပြည်ခိုင်ဖြိုးအစိုးရသို့ လှူဒါန်းခဲ့သည့် ငွေကျပ် ၁.၇ ဘီလီယမ်ကိုလည်း ရွှေသုခ အသေးစား ငွေရေးကြေးရေး ဥက္ကဋ္ဌ ဦးကြည်ထွန်း ကိုယ်စားလှယ်အဖြစ် ၂၀၁၇ ဇူလှိုင်လ နောက်ဆုံးပတ် မတိုင်မီ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကို ပေးသွင်းသွားမည်ဖြစ်သည်။

ထို့ကြောင့် မကွေးတိုင်းဒေသ ရေနံလက်ယက်တွင်းမှရရှိသည့် ပျောက်ဆုံးဒေသရံပုံငွေ ရ ဘီလီယံအနက် ၃ ဘီလီယံကျော်ပြန်ရတော့မည်ဖြစ်ပြီး ၄ ဘီလီယံကျော်ကျော်မှာ ပျောက်ဆုံးနေဆဲဖြစ်သည်။
 
 “ ကျန်တဲ့ ၄ဘီလီယံကျော်ကျော်က ဘယ်လိုသူတို့သုံးသလဲ ။ သုံးတာကို ပြည်ထောင်စုက လက်ခံသလား ။ အဲ့ဒါတော့ မသိဘူးဗျ။ ပြည်ထောင်စုအစိုးရကို ဒါနဲ့ပတ်သက်ပြီးတော့ စုံစမ်းစစ်ဆေးဖို့ ကျွန်တော်တို့က မေတ္တာရပ်တော့ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက တွေ့ရှိ တဲ့ ရ.၄၅၉ ဘီလီယံ ရှိပါတယ် ဆိုတဲ့အစီရင်ခံစာကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကမသိဘူးဗျ။ ဘာတွေပါတယ်ဆိုတာမသိဘူး ။ အဲ့တော့ကျန်တဲ့ ၄ ဘီလီယံကျော်ကျော်သုံးတာကို ပြည်ထောင်စုအစိုးရက ဒါကိုလက်ခံသလား။ လက်မခံသလား ကျွန်တော်လည်း မပြောတတ်ဘူးပေါ့နော်”ဟု ၀န်ကြီးချူပ် ဒေါက်တာအောင်မိုးညိုက ဧပြီလ ၂၈ ရက်တွင် မဇ္စျိမသို့ ပြောသည်။

မကွေးတိုင်းအစိုးရအဖွဲ့အနေဖြင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန(စစစ) ထံမှအစီခံစာကို မသိရှိရကြောင်း ၀န်ကြီးချုပ်ပြောကြားချက်အရသိရသည်။

မကွေးတိုင်းဒေသကြီးတွင် ရေနံလက်ယက်တွင်းမှ ရရှိသည့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ရ ဘီလီယံအနက်  ပြည်ခိုင်ဖြိုးပါတီသို့ လှူခဲ့သည့် ငွေကျပ် ၁.၇ ဘီလီယံ၊ ရွှေသုခအသေးစား ငွေရေးကြေးရေးလုပ်ငန်းသို့ ငွေကျပ် ၁. ၅၇ဘီလီယံ လွှဲပြောင်းပေးခဲ့သည်ကို ပြည်ထဲရေးဝန်ကြီးဌာနမှ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စစစ) က အစီရင်ခံစာ တင်ပြခဲ့ခြင်း ဖြစ်သည်။

မကွေးတိုင်းတွင် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ရ. ၄၅၉ ဘီလီယံကျော် ကို ယခုအစိုးရထံ လွှဲပြောင်းပေးအပ်ရန် နှင့် လွှဲပြောင်းပေးအပ်ခြင်းမပြုပါက တည်ဆဲဥပဒေအရ အရေးယူမည်ဟု နိင်ငံတော်သမ္မတရုံးက ညွှန်ကြားချက်ပေးပို့ခဲ့ကြောင်း ဧပြီ(၂၅) ရက်က လုပ်သည့် သတင်းစာရှင်း လင်းပွဲတွင်မကွေးတိုင်းဝန်ကြီးချုပ်က ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly