ကျပ် ၅၀၀ တန် အောင်ဘာလေ အရံထီလက်မှတ်များအပေါ် ၀ယ်သူများ ယုံကြည်မှုအားနည်း

ကျပ် ၅၀၀ တန် အောင်ဘာလေ အရံထီလက်မှတ်များအပေါ် ၀ယ်သူများ ယုံကြည်မှုအားနည်း

ရန်ကုန်    ဧပြီ   ၂၈ ။           ။ အကြိမ်ရေနှင့် ထီဖွင့်ရက်မပါသည့် ကျပ်ငါးရာတန် အောင်ဘာလေ အရံထီလက်မှတ်များအား ၀ယ်သူများ ယုံကြည်မှုအားနည်းနေသောကြောင့် ထီရောင်းချသူများ အခက်အခဲရှိနေကြောင်း သိရသည်။

အောင်ဘာလေသန်းဆုဌာနက ကျပ်ငါးရာတန်ထီလက်မှတ်များ စတင်ရောင်းချသည့် မတ်လမှ စတင်ပြီး အရံထီများကို ၀ယ်လိုအားပေါ်မူတည်ပြီး ထပ်မံထုတ်ဝေရောင်းချခဲ့ခြင်း ဖြစ်သည်။ သို့သော် အရံထီများ တွင် အကြိမ်ရေနှင့်ထီဖွင့်ရက် ထည့်သွင်းရိုက်နှိပ်ခြင်း မရှိခဲ့သည့်အတွက် ရောင်းချရာတွင် အခက်အခဲများရှိနေ သည်ဟု ထီရောင်းသက်တမ်း ရ နှစ်ရှိပြီဖြစ်သည့် ကိုအောင်ချစ်ခိုင်က ဆိုသည်။

"အရံထီကို ကျွန်တော့အနေနဲ့ပြောရရင် လုံးဝကိုမကြိုက်ဘူး။ အစိုးရသစ်တစ်ရပ်အနေနဲ့ ဒီဟာကိုဖျက်ပစ်မယ် ဆိုရင်လည်း သူ့အတွက် နစ်နာမှာမဟုတ်ဘူး။ ဆိုးဆိုးဝါးဝါးထိခိုက်မှာ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ ရောင်း ချသူတွေအနေနဲ့ ထီထိုးတဲ့သူတွေနဲ့ ထီရောင်းတဲ့သူတွေကို ရန်တိုက်ပေးနေသလို ဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ အရံထီတွေက အကြိမ်ရေမပါဘူး။ ထီတစ်အုပ်ထဲမှာကို ထီအရောင်နဲ့အရွယ်အစားတွေက လုံးဝကွဲနေတယ်။ ထီထိုးသူတွေက ယုံကြည်မှုအားနည်းတော့ ကျွန်တော်တို့တွေတောင် ရဲစခန်းတွေဘာတွေ လိုက်ရှင်းရတဲ့ အနေအထားမျိုးအထိ ရှိတယ်" ဟု  ကိုအောင်ချစ်ခိုင်က ပြောသည်။

အောင်ဘာလေသန်းဆုဌာနမှ အကြိမ်ရေနဲ့ထီဖွင့်ရက်များ မပါ၀င်သည့် အရံထီများနှင့်ပတ်သက်ပြီး ဧပြီလ ၄ ရက်နေ့တွင် တီဗီ နှင့်သတင်းစာများကတစ်ဆင့် ကြေညာချက်ထုတ်ပြန်ခဲ့သော်လည်း သတင်းစာမဖတ်၊ တီဗီ မကြည့်ဖြစ်သည့် ထီကံစမ်းသူတွေကြား ယုံမှားသံသယများရှိနေသည်ဟု ထီရောင်းချသူတစ်ချို့ထံမှ သိရသည်။

ပုဇွန်တောင်စျေးတွင် ၁၀ နှစ်ကျော် ထီရောင်းချနေသည့်ကိုဇော်လှိုင်ထွန်းက အရံထီစနစ်ကြောင့် မသမာ မှုများရှိနိုင်သည်ဟု ဆိုသည််။

"အလိမ်ခံလိုက်ရရင်တောင် ခံလိုက်ရတဲ့သူက သိမှာတောင်မဟုတ်ဘူး။ ဘယ်လိုမှတိုက်ကြည့်လို့ မရဘူးလေ။ အရင်လက ထွက်ပြီးသားအကြိမ်ရေဆိုတာလည်း သိနိုင်မှာမဟုတ်ဘူး။သူတို့ကြေငြာချက်ကလည်း တော်တော်နဲ့ ဖတ်ဖြစ်ချင်မှ ဖတ်ဖြစ်မှာလေ။ နယ်တွေမှာဆို ပြသနာပိုရှိနိုင်တယ်။ လိမ်တဲ့သူတွေအတွက် ပို အဆင်ပြေသလို ဖြစ်နေတယ်" ဟု ကိုဇော်လှိုင်ထွန်းက ပြောသည်။

မတ်လတွင် အရံထီ(ကက)အက္ခရာကနေ (ကဃ)အက္ခရာအထိ ရောင်းချခဲ့ပြီး ယခု ဧပြီလတွင် ၂ ကြိမ်မြောက် ကျပ်ငါးရာတန်ထီလက်မှတ်တွေကို (က)အက္ခရာကနေ(န)အထိ အက္ခရာ(၂၀)နှင့် အရံထီ(ကင)မှ (ကဏ) အက္ခရာအထိ ရောင်းချနေခြင်းဖြစ်သည််။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly