၁၂ ဘီးကား ငါးစီးပြည့် အရည်အသွေးမြင့် ပိတောက်သစ်များ စံချိန်တင် ဖမ်းမိ

၁၂ ဘီးကား ငါးစီးပြည့် အရည်အသွေးမြင့် ပိတောက်သစ်များ စံချိန်တင် ဖမ်းမိ
ဓာတ်ပုံ - ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း

ရန်ကုန်၊ ဧပြီလ ၂၈ ။           ။ ၁၂ ဘီးကား ငါးစီးအပြည့်ဖြင့် တရားမဝင် သယ်ဆောင်လာသည့် အရည်အသွေးမြင့် ပိတောက်သစ်များ ကားသမားများနှင့် အတူ ယနေ့ (ဧပြီလ ၂၈ ရက်) မွန်းလွဲ ၁ နာရီတွင် မန္တလေး - မူဆယ် ပြည်ထောင်စုလမ်းမကြီးရှိ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းအနီး ၁၉၂ မိုင်မှ စံချိန်တင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သတင်းပေးချက်အရ ရေပူအမြဲတမ်း စစ်ဆေးရေးအဖွဲ့မှ လှည့်ကင်းကားသုံးစီးဖြင့် ရှာဖွေဖမ်းဆီးခဲ့ရာ ရေပူဂိတ်အနီးရှိ ၁၉၂ မိုင်၊ လားရှိုးနှင့် သိန႖ီမြို့ကြားရှိ ပန်ဖက်ရွာတွင် ရပ်တန့်ထားသော ၁၂ ဘီးကား ငါးစီးကို ကားအပြည့် အဆိုပါ ပိတောက်သစ်များ တင်ဆောင်လျက် ဖမ်းဆီးရမိခဲ့ပြီး ကားသမား ၅ ဦးနှင့်အတူ လမ်းပြတစ်ဦးကိုပါ ဖမ်းဆီးရမိခဲ့သည်။

“ ဒီကောင်တွေက ကိုယ်တို့ထက်လည်တယ်ကွ။ ကိုယ်တို့ဂိတ်မှာ ဖမ်းနေပြီ၊ တားနေပြီဆိုရင်ကားတွေနဲ့ ပြန်လှည့် သွားတယ်။ ဒီကောင်တွေ ပြန်လည့်တာတွေရှိတာသိတော့ ကိုယ်တို့ကားတစ်စီးနဲ့ ဒီလမ်းကြောင်းတွေမှာ လိုက်ဖမ်းတာ။ လိုက်ဖမ်းတော့ သတင်းအရပဲ ကားငါးစီးရလိုက်တယ်။ ဒါပါပဲ”ဟု ရေပူအမြဲ တမ်းစစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့ တာဝန်ခံ၊ အကောက်ခွန် ဦးစီးဌာနရုံးချုပ် ဒုတိယ ညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင်က ပြောသည်။

အဆိုပါဖမ်းဆီးရမိသည့် ကားသမား ၅ ဦးနှင့် လမ်းပြဖြစ်သူတစ်ဦးကို သိန႖ီမြို့နယ်ရဲစခန်းသို့ လွဲပြောင်းပေး လိုက်ပြီဖြစ်ပြီး တရားမဝင်ပိတောက်သစ်များကို လားရှိုးမြို့နယ်သစ်တောဦးစီးဌာနသို့ လာမည့် ဧပြီလ ၃ဝ ရက်တွင် လွဲပြောင်းပေးသွားမည်ဖြစ်ကြောင်းသိရသည်။

 “ ကိုယ်တို့ ဖမ်းမိသလောက်ထဲမှာတော့ ဒီလောက်သစ်တွေများတာ တစ်ခါမကြံုဖူးဘူး။ မနက်က ဖမ်းမိတဲ့ သစ် ၂တန်တောင် မချပြီးသေးဘူး။ သစ်တွေက အရမ်းများတော့ သဘက်ခါမှ သစ်တောကို ပို့မယ်”ဟု ဦးတက်ထွန်းအောင်က ဖမ်းဆီးရမိသည့် သစ်များကို ဆောင်ရွက်နေသည့်အခြေအနေကို ပြောသည်။

အဆိုပါ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းဂိတ်မှ နေ့စဉ် ကုန်တင်ကားပေါင်း ၅ဝဝဝ မှ ၆ဝဝဝ ထိ ဖြတ်သန်းသွား လာနေပြီး ဖြတ်သန်းနေသောကားများမှ တရားမဝင် သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများ၊ မှောင်ခို ကျောက်စိမ်းများနှင့် သစ်များ၊ အရည်အသွေးမမှီသည့် စားသောက်ကုန်များ၊ အခွန်မဲ့စားသောက်ကုန်စည်များ နှင့် အသုံးအဆောင်ပစ္စည်းများကို ဇန်နဝါလ ၁၆ ရက် နေ့မှ စတင်ကာ ရေပူ အမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းအဖွဲ့ ၁၂ ဖွဲ့ဖြင့် စစ်ဆေးဖမ်းဆီးနေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required