ကျောက်ဖြူမှ ရခိုင်ဒုက္ခသည်စခန်းကို ရုပ်သိမ်းပြီး ပြန်လည်နေရာချပေး

ကျောက်ဖြူမှ ရခိုင်ဒုက္ခသည်စခန်းကို ရုပ်သိမ်းပြီး ပြန်လည်နေရာချပေး

စစ်တွေ၊ ဧပြီ ၂၈။             ။ လူ့အသိုက်အဝန်းနှစ်ခုကြားတွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများကြောင့် ဒုက္ခသည်စခန်းတွင် ၅ နှစ်ကြာ တိမ်းရှောင် နေထိုင်ခဲ့ရသော ကျောက်ဖြူမြို့နယ်မှ ရခိုင်တိုင်းရင်းသားဒုက္ခသည်စခန်းကို ရုပ်သိမ်းပြီး ပြန်လည်နေရာချထားရေးအစီစဉ်ကို အစိုးရမှ စတင်ဆောင်ရွက်လျက်ရှိသည်။

ရခိုင်တိုင်းရင်းသား လူဦးရေ ၃၁၈ စု (အိမ်ထောင်စု ၆၅) နေထိုင်လျက်ရှိသည့် ကျောက်ဖြူမြို့နယ်မှ ကညင်ချောင်းကယ်ဆယ်ရေးစခန်း (ဒုက္ခသည်စခန်း) အား ယမန်နေ့ ဧပြီ ၂၇ ရက်နေ့က စတင်ကာ ရုပ်သိမ်းခဲ့ခြင်း ဖြစ်သလို့ ဒုက္ခသည်များအား ပြင်ဖြူမော်ကျေးရွာသို့ အစိုးရအစီအစဉ်ဖြင့် ပြန်လည် နေရာချပေးနေခြင်း ဖြစ်သည်။

“ မနေ့ကတော့ ၁၄ အိမ် ပြောင်းပြီးသွားတယ်၊ ဒီနေ့နဲ့ပေါင်းမယ်ဆိုတော့ အိမ် ၅၀ လောက်ကို ပြောင်းပြီးသွားပြီ။ ပြောင်းတာကတော့ ဒီရက်အပိုင်းအတွင်းမှာတော့ပြီးမှာပါ၊ သူတို့ကို နေအိမ်တွေရော၊ ရေရော၊ မီးရော အစစအရာရာ အဆင်ပြေအောင် စီစဉ်ပြီးမှ ပြောင်းတာဖြစ်တယ်” ဟု ကျောက်ဖြူ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီလင်းက ပြောသည်။

မူလက ဧပြီလ ၂၉ ရက်နေ့မှ စတင်ကာ  မတ်လ ၅ ရက်နေ့အထိ ပြောင်းရွေ့ပေးနိုင်ရန် စီစဉ်ခဲ့သော်လည်း တစ်ချို့ မိသားစုဝင်များမှာ ပြောင်းရွေ့ရန်အတွက် ဆန္ဒပြင်းပြနေကြသည့်အတွက် ယခုကဲ့သို့ အချိန်စော၍ ပြောင်းရွှေ့နေရာချပေးခဲ့ခြင်း ဖြစ်သည်။

“သူတို့က စခန်းမှာနေတယ်ဆိုတော့ စခန်းရဲ့သဘောအရ အကန့်အသတ်တွေရှိတယ်၊ ပြီးရင်အားလုံးကလည်း လူမှုဘဝ အခြေအနေကလည်း တဲတန်းလျားထဲမှာဆိုတော့ ထရံလေးတစ်ခုသာ ဆီးထားတာ ဖြစ်တဲ့အတွက် မိသားစုတစ်ခုနဲ့ တစ်ခုကြားမှာ မကြားကောင်းတဲ့အသံတွေလည်း ကြား၊  ကြားနိုင်တဲ့အသံတွေ ကြားဆိုတော့ သူတို့ကလည်း ပြောင်းရွေ့စေချင်တယ်ပေါ့”ဟု ဦးညီညီလင်းက ပြောသည်။

ဒုက္ခသည်စခန်းမှ ပြောင်းရွှေ့နေရာချပေးခြင်းခံရသော ရခိုင်တိုင်းရင်းသားမိသားစုများအား အိမ်ထောင်စု တစ်ခုလျှင် ကျပ်ငွေ ၄ သိန်းနှင့် တည်ဆောက်ပြီး အိမ်ရာမြေတစ်ကွက်စီကို အစိုးရမှ ပေးအပ်ခဲ့သည်။

ယခုလို စီစဉ်မှုသည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ မတ်လအတွင်းက ထုတ်ပြန်ခဲ့သည့် ကြားဖြတ်အစီရင်ခံစာအရ ရခိုင်ပြည်နယ်အတွင်းမှ ဒုက္ခသည်စခန်း (၃) ခုကို ဖျက်သိမ်းပြီး မူလနေရပ်တွင် နေရာပြန်လည် ချပေးထားရန် အကြံပြုတိုက်တွန်းချက်အား အစိုးရမှ ပထမဦးဆုံးအနေဖြင့် စတင် အကောင်ထည်ဖော်ခဲ့ခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required