မြောက်ကိုရီးယားအရေး အလွန်စိုးရိမ်စရာကောင်းနေပြီဟု အာဆီယံ ထုတ်ပြန်

မြောက်ကိုရီးယားအရေး အလွန်စိုးရိမ်စရာကောင်းနေပြီဟု အာဆီယံ ထုတ်ပြန်

ဧပြီ ၂၈ ။             ။ မြောက်ကိုရီးယားတို့ရဲ့ နျူကလီးယားစမ်းသပ်မှု၊ ပဲ့ထိန်းဒုံး စမ်းသပ်ပစ်လွှတ်မှုတွေကြောင့် ယခုဆိုရင် အခြေအနေတွေဟာ တော်တော်လေးကို စိုးရိမ်စရာ ကောင်းတဲ့ အခြေအနေကို ရောက်နေပြီဖြစ်ကြောင်း အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ အာဆီယံက ဧပြီ ၂၈ ရက်မှာပဲ ထုတ်ပြန်လိုက်ပါတယ်။

ယင်းမတိုင်မီလေးကမှပဲ ပြံုးယမ်းအာဏာပိုင်တွေဘက်က လက်ရှိအမေရိကန်နဲ့ တင်းမာနေတဲ့အခြေအနေမှာ ၎င်းတို့ဘက်ကို ထောက်ခံပေးဖို့ အာဆီယံအဖွဲ့ကို တိုက်တွန်းပန်ကြားခဲ့ပေမယ့်လည်း ဆယ်နိုင်ငံအုပ်စုအဖွဲ့ကတော့ ယခုလို သဘောထားကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ကြံုတောင့်ကြံုခဲ ဖြစ်တဲ့ လုပ်ဆောင်ချက်တစ်ခုအဖြစ် မြောက်ကိုရီးယားနိုင်ငံခြားရေး ၀န်ကြီး ရီယုံဟို ဟာ အာဆီယံအဖွဲ့ဆီကို အကြောင်းကြားစာရေးပို့ခဲ့တယ်လို့ သိရပြီး ယင်းစာထဲမှာတော့ လက်ရှိ အမေရိကန်နဲ့ အခြေအတင်ဖြစ်နေတဲ့အချိန်ကာလမှာ ၎င်းတို့ နိုင်ငံဘက်ကို ထောက်ခံအားပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း သောကြာနေ့က မနီလာမှာ အာဆီယံအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ကျင်းပပြီး ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ရာမှာတော့ မြောက်ကိုရီးယားတို့အပေါ် နျူကလီးယားနဲ့ ပဲ့ထိန်းစမ်းသပ်မှုအစီအစဉ်တွေနဲ့ပတ်သက်လို့ ဝေဖန်ထားတာ တွေ့ရပါတယ်။

" လက်ရှိ ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ အရှိန်မြင့်လာတာနဲ့ပတ်သက်လို့ အလွန်စိုးရိမ်မိကြောင်း အာဆီယံက ထုတ်ပြန်ပြောကြားလိုပါတယ်၊ ၂၀၁၆ က မြောက်ကိုရီးယားရဲ့ နျူကလီးယားစမ်းသပ်မှုနှစ်ခုနဲဲ့ နောက်ဆက်တွဲဒုံးကျည်စမ်းသပ်မှုတွေကြောင့် အခြေအနေက စိုးရိမ်နေရပါတယ်" လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လက်ရှိ ကိုရီးယားကျွန်းဆွယ်က မတည်ငြိမ်မှုတွေကြောင့် ဒေသတွင်းနဲ့ ဒေသပြင်ပကို ကျော်ပြီး သက်ရောက်မှုတွေ ရှိလာနိုင်မယ့်အပေါ် အာဆီယံဘက်က သတိရှိရှိစောင့်ကြည့်နေကြောင်းလည်း ထုတ်ပြန်သွားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly