အဒီဘာယော၏ သွင်းဂိုးတစ်ဂိုးမှာ ပေါင် ၅ သိန်းဝန်းကျင် တန်ဖိုးရှိနေ

အဒီဘာယော၏ သွင်းဂိုးတစ်ဂိုးမှာ ပေါင် ၅ သိန်းဝန်းကျင် တန်ဖိုးရှိနေ

တိုက်စစ်မှူး အဒီဘာယော၏ သွင်းဂိုးတစ်ဂိုး တန်ဖိုးမှာ ပေါင် ၅ သိန်းခန့် တန်သည် ဟု ဒေးလီးမေးလ် သတင်းစာက ဖော်ပြလိုက်သည်။ ပရီးမီးယားလိဂ်တွင် ၁၀ နှစ်တာကာလအတွင်း သွင်းဂိုး ၉၆ ဂိုးသာသွင်းယူထားနိုင်ချိန်တွင် အဒီဘာယောမှာ လစာစုစုပေါင်း ပေါင်သန်း ၅၀ ခန့် ရရှိခဲ့ပြီး ဖြစ်သည်။

သို့ဖြစ်ရာ သွင်းဂိုးတစ်ဂိုးစီအတွက် လစာပေးရသည်ဟု တွက်မည်ဆိုလျှင် တစ်ဂိုးအတွက် ပေါင် ၅ သိန်းဝန်းကျင် တန်ဖိုးရှိနေခြင်းဖြစ်သည်။ အသက် ၃၁ နှစ်အရွယ်ရှိ အဒီဘာယော၏ အကောင်းဆုံး အချိန်များမှာ ၂၀၀၇ နှင့် ၂၀၁၀ ခန့်က ဖြစ်ပြီး သွင်းဂိုးနှင့် လစာအချိုးချကြည့်ပါက လွန်စွာမြင့်မားနေသည်ကို တွေ့ရခြင်းဖြစ်သည်။ ခြေစွမ်းတိုးလာသည်ဟု ပြောရန်ခက်သော်လည်း ၎င်း၏ လစာမှာ မပြောင်းလဲဘဲ တည်ရှိနေသည်။

အဒီဘာယောကို အက်စတွန်ဗီလာအသင်းက တစ်ရာသီ အငှားဖြင့် ခေါ်ယူရန် ကြိုးစား နေခြင်းမှာ လောင်းကစားတစ်ခု ပြုလုပ်နေခြင်းကဲ့သို့ ဖြစ်နေသည်။ ပြီးခဲ့သည့်ရာသီက ပရီးမီးယား လိဂ်တွင် လူစားဝင် ကစားသမားအဖြစ် သုံးပွဲအတွက် ၄၅ မိနစ်သာ ကစားခဲ့ရပြီး ဂိုးမသွင်းနိုင်ခဲ့သည့် အဒီဘာယောကို အက်စတွန်ဗီလာအသင်းက စပါးအသင်းထံမှ တစ်ပတ်လစာ ပေါင်တစ်သိန်း၊ တစ်နှစ် အငှားဖြင့် ခေါ်ယူရန် ကြိုးပမ်းနေသည်။

အက်စတွန်ဗီလာနည်းပြ တင်ရှားဝုဒ်သည် စပါးအသင်းကို နည်းပြစဉ်က တိုဂိုတိုက်စစ်မှူးကို ကိုင်တွယ်ခဲ့ဖူးသဖြင့် ယင်းတိုက်စစ်မှူး၏ အကောင်းဆုံးပုံစံကို ပြန်မြင်ရမည်ဟု မျှော်လင့်နေသည်။

အက်စတွန်ဗီလာအသင်း၏ အားထားရသော တိုက်စစ်မှူး ဘန်တီကီသည် လီဗာပူးလ်အသင်းသို့ ပြောင်းရွှေ့သွားပြီဖြစ်သဖြင့် လာမည့်နှစ်တွင် စပါးနှင့် စာချုပ်သက်တမ်းကုန်မည့် အဒီဘာယောကို အက်စတွန်ဗီလာအသင်းက ခေါ်ယူလိုနေခြင်းဖြစ်သည်။

ဘန်တီကီသည် ဗီလာအသင်းတွင် ပထမဆုံးရာသီ၌ ၁၉ ဂိုး သွင်းနိုင်ခဲ့သည်။ အဒီဘာယောမှာ ၂၀၀၇-၀၈ တွင် အာဆင်နယ်အတွက် ၂၄ ဂိုး သွင်းပြီးနောက်ပိုင်း ယင်းဂိုး အရေအတွက် သို့ရောက်အောင်ပြန်လည်သွင်းယူနိုင်ခြင်း မရှိတော့ပေ။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly