ဖာဂူဆန်ရဲ့ ၂၄ ပွဲဆက် ရှုံးပွဲမရှိစံချိန်ကို လိုက်မီခဲ့တဲ့ မော်ရင်ဟို

ဖာဂူဆန်ရဲ့ ၂၄ ပွဲဆက် ရှုံးပွဲမရှိစံချိန်ကို လိုက်မီခဲ့တဲ့ မော်ရင်ဟို

ဧပြီ ၂၈၊ အင်္ဂလန် ။          ။ အီတီဟတ်ကွင်းမှာ ကစားခဲ့တဲ့မန်စီးတီးနဲ့ပွဲမှာ ဂိုးမရှိသရေကျခဲ့တာကြောင့် မန်ယူအသင်းဟာ ပြိုင်ပွဲပေါင်းစုံမှာ ၂၄ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ကို ရယူနိုင်ခဲ့ပါတယ်။

မော်ရင်ဟိုရဲ့မန်ယူအသင်းဟာ ၂၀၁၀-၁၁ ခုနှစ်က ၂၄ ပွဲဆက်တိုက် ရှုံးပွဲမရှိကစားနိုင်ခဲ့တဲ့ နည်းပြဖာဂူဆန်ရဲ့မန်ယူအသင်းစံချိန်ကို လိုက်မီနိုင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၀-၁၁ ခုနှစ်က ၂၄ ပွဲဆက်တိုက် ရှုံးပွဲမရှိကစားနိုင်ခဲ့တဲ့ မန်ယူအသင်းက အဲ့ဒီရာသီမှာ ချန်ပီယံဖြစ်ခဲ့ပေမယ့် လက်ရှိမန်ယူအသင်းကတော့ အဆင့် ၅ မှာ ရပ်တည်လျက်ရှိနေပါတယ်။ ဖာဂူဆန်ရဲ့မန်ယူအသင်းဟာ ၂၄ ပွဲဆက် ရှုံးပွဲမရှိကစားခဲ့ရာမှာ ၁၅ ပွဲနိုင်ပြီး ၉ ပွဲသရေကျခဲ့ပါတယ်။ မော်ရင်ဟိုရဲ့မန်ယူအသင်းကတော့ ၁၃ ပွဲနိုင်ပြီး ၁၁ ပွဲသရေကျထားပါတယ်။

မန်ယူအသင်းဟာ လက်ရှိမှာ အဆင့်လေးနေရာက မန်စီးတီးနဲ့ ပွဲတူ တစ်မှတ်အကွာအနေအထားမှာ ရပ်တည်နေပြီး အဆင့်သုံးနေရာက လီဗာပူးလ်နဲ့ကတော့ ၂ မှတ်ကွာပေမယ့် တစ်ပွဲလျော့ ကစားထားပါတယ်။ ဒါကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်က မန်ယူအသင်းရဲ့လက်ထဲမှာသာ ရှိနေပါသေးတယ်။

မန်စီးတီးနဲ့ပွဲစဉ်မှာ မန်ယူအသင်းဟာ အဖက်ဖက်က အရေးနိမ့်ခဲ့ပေမယ့် သရေရလဒ်ရရှိအောင်တော့ ကစားနိုင်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာ မန်ယူကွင်းလယ်လူ ဖယ်လိုင်နီဟာ မန်စီးတီးတိုက်စစ်မှူးအဂူရိုကို ခေါင်းနဲ့တိုက်ခဲ့တာကြောင့် အနီကတ်နဲ့ထုတ်ပယ်ခံခဲ့ရပါတယ်။

ဖယ်လိုင်နီက ခေါင်းနဲ့တိုက်လိုက်ချိန်မှာ လဲကျသွားခဲ့တဲ့ အဂူရိုကို သရုပ်ဆောင်ကောင်းသူလို့ မော်ရင်ဟိုက ပြောဆိုလိုက်ပါတယ်။

‘အဲ့ဒီဖြစ်ရပ်ကို ကျွန်တော်ကြည့်မနေမိပါဘူး။ ဖြစ်နိုင်ခြေကို ကျွန်တော်ခန့်မှန်းပြောရရင်တော့ ဒါက ဆိုးရွားတဲ့ အနီကတ်ပါ။ အာဂျင်တီးနားကစားသမားရဲ့အိုက်တင်က တကယ်ကိုကောင်းပါတယ်။
ဖယ်လိုင်နီကတော့ သူက ဖယ်လိုင်နီဖြစ်နေလို့ အဲ့ဒီလို အနီကတ်ပြခံရတာလို့ ကျွန်တော့်ကို ပြောပါတယ်။

ဒိုင်လူကြီးအက်ကင်ဆန်ကတော့ သူ့အမြင်မှာ ဒါက အနီကတ်လို့ ကျွန်တော့်ကို ရှင်းပြပါတယ်။ လျှောက်လမ်းမှာ အဂူရိုကို ကျွန်တော်တွေ့တာကတော့ နှာခေါင်းအရိုးမကျိုးခဲ့သလို မျက်နှာမှာလည်း ဒဏ်ရာရထားတာမျိုးမရှိပါဘူး။ အမြဲတွေ့နေရသလိုပဲ သူ့မျက်မှာကကြည့်ကောင်းပါတယ်’ လို့မော်ရင်ဟိုက ပြောဆိုခဲ့ပါတယ်။

၂၀၁၃ ခုနှစ်က အဲဗာတန်ကနေ မန်ယူကို ရောက်ရှိလာတဲ့ ဖယ်လိုင်နီဟာ သုံးကြိမ်မြောက် အနီကတ်ပြသခံရခြင်းဖြစ်ပါတယ်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required