ကိုလံဘီယာတွင် အဆောက်အဦးပြိုကျမှုကြောင့် လူ ၅ ဦးသေဆုံး

ကိုလံဘီယာတွင် အဆောက်အဦးပြိုကျမှုကြောင့် လူ ၅ ဦးသေဆုံး

 ဧပြီ ၂၈ ၊ ဘိုဂိုတာ ။               ။ ကိုလံဘီယာနိုင်ငံ ကာတာဂီနာမြို့၌ ပြီးခဲ့သောကြာသာပတေးနေ့တွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲရှိ ခြောက်ထပ်တိုက်တစ်ခု ပြိုကျမှုကြောင့် လူ၅ဦး သေဆုံးခဲ့ပြီး ၂၃ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း မြို့တော်ဝန်ဖြစ်သူက ပြောခဲ့သည်။

“လက်ရှိအချိန်ထိတော့ ဒဏ်ရာရရှိသူ ၂၃ဦး နှင့် သေဆုံးသူ ၅ဦးရှိပြီး ကယ်ဆယ်ထားနိုင်သော ၂ ဦးမှာ ဒဏ်ရာအနာတရမရှိဘဲ ကျနော်တို့ဘက်က ကယ်ဆယ်ရေးလုပ်ငန်းများကို မနားမနေ ဆက်လက်လုပ်ဆောင် နေပါတယ်” ဟု တွစ်တာ၌ မန်နျူရယ်ဗီဆန်တီဒူကေးက ရေးသားခဲ့သည်။

အဆိုပါဖြစ်ရပ်သည် ဒေသစံတော်ချိန် မနက် ၁၁နာရီခွဲတွင် ကာရစ်ဘီယန်ဆိပ်ကမ်းမြို့ ဘလတ်စ်ဒီလီဇို အနီးအနားဝန်းကျင်ရှိ ဆောက်လုပ်ရေးလုင်ငန်းခွင်ထဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အပျက်အစီးများအောက်၌ အလုပ်သမား ၃၀ ခန့် ပိတ်မိနေကြသည်။

အလုပ်သမားတစ်ဦးဖြစ်သူ အယ်လ်ဘာတို ဆော်တီဗယ်လပ်စ်ကွက်ဇ်က  သူနှင့် သူ၏အကိုတို့သည် မတော်တဆမှုဖြစ်ပွားချိန်၌ ဒုတိယအထပ်တွင် အလုပ်လုပ်နေခဲ့ကြကြောင်း ပြောခဲ့သည်။

“အရာအားလုံး ရုတ်တရက်ဆိုသလို ဖြစ်ပွားခဲ့ပါတယ်။ ကျနော်တို့ ချက်ချင်းပဲ အောက်ကိုပြေးဆင်းခဲ့ကြပါတယ်” ဟု သူက ပြောခဲ့သည်။ “ကျနော်တို့ အုပ်ကျိုးအုပ်ပဲ့တွေကိုဖယ်ရှားပြီး အလင်းရောင်ရှိတဲ့နေရာကိုရောက်အောင် သွားနိုင်ခဲ့ကြလို့ လွတ်မြောက်ခဲ့တာပါ” ဟု သူက ဆက်ပြောခဲ့သည်။
ဒါ့အပြင် သူမြင်ရသမျှတော့ အလုပ်သမား ရဦးခန့် လွတ်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့ကြောင်း ဆော်တီက ပြောခဲ့သည်။

“ကျနော်တို့ ကယ်ဆယ်ရေးအေဂျင်စီတွေအားလုံးကို အလုပ်ပေးထားပြီး အားလုံးဟာ အခင်းဖြစ်ပွားရာနေရာမှာ တာဝန်ထမ်းဆောင်နေကြပါတယ်” ဟု ဒူကေးက ပြောခဲ့သည်။

ကာတာဂီနာရဲတပ်ဖွဲ့ကတော့ ယခုမတော်တဆဖြစ်မှုသည် အင်ဂျင်နီယာများ၏ တွက်ချက်ပုံ ညံ့ဖျင်းမှုကြောင့် ဖြစ်နိုင်ကြောင်း ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly