မကွေးရှိ ကျူးကျော်များ ဖယ်ရှားရေးလုပ်ဆောင်မည်ဖြစ်၍ နေထိုင်သူများ အခက်အခဲရှိ

မကွေးရှိ ကျူးကျော်များ ဖယ်ရှားရေးလုပ်ဆောင်မည်ဖြစ်၍ နေထိုင်သူများ အခက်အခဲရှိ

မင်းဘူး၊ ဧပြီ ၂၈ ။             ။ မကွေးမြို့ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးရှေ့ရှိ ကျူးကျော်များကို ဖယ်ရှားခိုင်းသဖြင့် ၎င်းနေရာများတွင် နေထိုင်သူများ နေစရာအခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု ကျူးကျော်နေထိုင်သူများထံက သိရသည်။

ကျူးကျော်နေထိုင်သူ မလင်းက အဆိုပါနေရာများတွင် နေထိုင်သူများကို ဖယ်ရှားခိုင်းလျှင် အိမ်ထောင်စု ၂၀ ကျော်ခန့်ရှိပြီး လူဦးရေ ၁၀၀ ခန့်အိုးမဲ့အိမ်မဲ့အခြေအနေမဲ့ ဘဝကိုရောက်သွားနိုင်ပြီး စားဝတ်နေရေးအတွက်ပါ အခက်အခဲနှင့်ရင်ဆိုင်ရနိုင်ကြောင်းနှင့် ကျောင်းနေအရွယ်သား /သမီးများပါ ကျောင်းထားဖို့ရန် အဆင်မပြေ မှုတွေ ဖြစ်နိုင်သည်ဟု ပြောသည်။

“ကျွန်မတို့ ဒီနေရာကို နေထိုင်လာတာ ၁၂နှစ်ကျော်လောက်ရှိပါပြီး၊တစ်ချို့ဆို နှစ်ပေါင်း ၂၀လောက်ရှိပါပြီ အခုမှဖယ်ရှားခံရတာပါ။ ကိုယ်အိမ်ကိုယ်ဝိုင်းနဲ့ ဘယ်သူမဆိုနေချင်တာပေါ့။  မိသားစုစားဝတ်နေရေး ကျောင်းနေအရွယ်သား/သမီးများ၏ အရေးနဲ့ အဆင်မပြေလို့သာ နေနေရတာပါ။ အစိုးရက နေစရာ လုပ်ပေးစေချင်ပါတယ်" ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ကျူးကျော်နေထိုင်သည် အိမ်ထောင်စုများက မကွေးမြို့နယ် အထွေအထွ အုပ်ချုပ်ရေးမှူးရုံး |ပြည်သူ့လွှတော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် မကွေးတိုင်းဒေသကြီးအလုပ်မှုဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တို့ထံ အသနားခံစာတင်ထားသည်ဟု သိရသည်။
မကွေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ လုပ်ငန်းများ တိုးချဲ့လုပ်ဆောင်ခြင်း၊ လမ်းဘေးတွင် ကျူးကျော်များရှိနေသဖြင့် မြို့အင်္ဂါရပ်နှင့်မညီခြင်းတို့ကြောင့် ဧပြီလကုန် အပြီးရွှေ့ပြောင်းခိုင်းထားသည်ဟု ပြောသည်။

“ကညန ရုံးလုပ်ငန်းတိုးချဲ့ချင်လို့ တိုင်းအစိုးရအဖွဲ့ရုံးကို စာတင်ထားတာ တိုင်းအစိုးရက ခွင့်ပြုတဲ့အတွက် ကျွန်တော်တို့က ညှိနှိုင်းဆောင်ရွက်ပေးခဲ့တာ သူတို့ကလည်းသဘောတူပါတယ်”ဟု မကွေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က ပြောသည်။

ကျူးကျော်တွေဘက်က အသနားခံစာကို တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ အသနားခံစာတင်ထားတာဖြစ် သောကြောင့် ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်းများသည် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဘယ်လိုသဘောထား ညွှန်ကြားမည်ဆိုတာကို စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း၊ ယခုလက်ရှိတွင် ကျုးကျော်များကို နေရာပေး ဖယ်ရှားခိုင်းခြင်း မဟုတ်ဘဲ ကျူးကျော်များဖြစ်၍ မိမိတို့နေစရာအိမ် မိမိတို့ဘာသာ ဆောင်ရွက်ကြရမည် ဖြစ်သည်ဟု ၎င်းက ဆက်၍ ပြောသည်။

အဆိုပါကျုးကျော်နေထိုင်သူများက မကွေးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များထံ အသနားခံစာတင်ပြ အကူအညီ တောင်ခံထားရာ၊ လွှတ်တော်ကိုယ်စားလှယ်များမှ တတ်နိင်သမျှ ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်က မဇ္ဈိမသို့ ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly