ပြည်တွင်းငြိမ်းချမ်းရေး ဦးအောင်မင်း MPC တုန်းက တိုးတက်မှုရှိတယ်၊ NLD လက်ထက် ဘာမှ မရွေ့သေး

ပြည်တွင်းငြိမ်းချမ်းရေး ဦးအောင်မင်း MPC တုန်းက တိုးတက်မှုရှိတယ်၊ NLD လက်ထက် ဘာမှ မရွေ့သေး

စစ်တွေ၊ ဧပြီ ၂၇  ။            ။ မေလ ၂၄ ရက်နေ့မှာ ဒုတိယအကြိမ်မြောက် ၂၁ ရာစု ပင်လုံညီလာခံကို ကျင်းပဖို့ နိုင်ငံတော်အစိုးရ ကြေညာထားပါတယ်။ တစ်ဘက်မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချူပ် NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေ အခြေစိုက်တဲ့ တိုင်းရင်းသားဒေသတွေမှာ အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပပြုလုပ်နေကြပေမယ့် ရခိုင်ပြည်နယ်က ကျင်းပပြုလုပ်နိုင်ခြင်း မရှိသေးပါဘူး။ ယခုလိုအနေအထားမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကျင်းပတဲ့ ပင်လုံညီလာခံအပေါ် ရခိုင်တိုင်းရင်းသားတွေဘက်က ယုံကြည်မှု လျော့နည်းလာတဲ့ ဝေဖန်သံတွေ ထွက်ပေါ်လာပါတယ်။

မြောက်ဦးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဦးလှစောကို RiA သတင်းထောက် မင်းမျိုးနွယ်က တွေ့ဆုံမေးမြန်းထားတာ ဖြစ်ပါတယ်။
 MMN/RiA။ ။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ကိစ္စရပ်တွေအပါအဝင် မကြာခင် ကျင်းပပြုလုပ်မယ့် ပင်လုံညီလာခံ အပေါ် ဆရာအနေနဲ့ ဘယ်လို မြင်ပါသလဲ။

UUHLS/ANP။ ။ ကျင်းပပြုလုပ်ခဲ့တဲ့ ပင်လုံညီလာခံကတော့ နိုင်ငံရေးအားဖြင့် တိုးတက်မှုလေးတွေကို ကျနော်တို့ မြင်ရတယ်။ ဗိုလ်ချူပ်ကြီး အန်ဘလကိုယ်တိုင် မိန့်ခွန်းလာပြောတာ ရှိတယ်။ ကျွန်တော်တို့လည်း အကောင်းမြင်ပြီး မျှော်လင့်ခဲ့တယ်။ ဒါပေမယ့် အဲဒီ ပင်လုံပြီးတာနဲ့ပဲ လောက်ကိုင်စစ်ပွဲတွေ ပေါ်လာတာ နောက်ပြီးတော့ ကျွန်တော်တို့ NCA လက်မှတ်ထိုးဖို့မှာ အရှုပ်အရှင်းတွေဖြစ်တာ ဆက်တိုက်ဆက်တိုက်တွေ ပေါ်လာပြီး အခု ကျွန်တော်တို့က အပြုသဘောတွေ မမြင်ရတော့ဘူး။ ဝမ်းနည်းစရာတွေပဲ ထပ်ခါထပ်ခါ မြင်နေရတယ်။ အဲဒီတော့ ဖြစ်စဉ်ဟာ ကျွန်တော်က ကောင်းသလိုလိုနဲ့ ဆုတ်ယုတ်သွားတယ်လို့ မြင်တယ်။

MMN/RiA။ ။ ဟုတ်ကဲ့ ပင်လုံညီလာခံကို ပထမဦးဆုံး စပြီး ကျင်းပဖို့အတွက် အန်အယ်လ်ဒီအစိုးရက ပြောတဲ့အချိန်မှာ ချက်ချင်းစမယ်။ ပြီးတော့ ပထမအစိုးရလက်ထက်က ဆောင်ရွက်ခဲ့တဲ့ ငြိမ်းချမ်းရေးနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကို သူတို့ ဆက်လက် အကောင်ထည်ဖော်သွားမယ်။ စစ်တပ်နဲ့လည်း နားလည်မှုတွေ တစုံတရာ ရရှိထားသလိုမျိုး ပြောခဲ့တာတွေ ရှိတယ်။ ဆိုတော့ လက်ရှိအခြေအနေနဲ့ ယှဉ်ထိုးကြည့်မယ်ဆိုရင် ဘာတွေ ဖြစ်နေသလဲ။ ဘာတွေဖြစ်လာနိုင်သလဲဆိုတာ ဆရာ ယူဆချက်ကို ပြောပြပေးပါ။

UUHLS/ANP။ ။ လက်ရှိအခြေအနေကတော့ အားရစရာ မကောင်းဘူး။ အရင်တုန်းက ကျွန်တော်တို့ ဒီ ဦးအောင်မင်း ဦးဆောင်တဲ့ MPC အောက်မှာ လုပ်ခဲ့တဲ့ ဖြစ်စဉ်ဟာ တစုံတရာ တိုးတက်မှုရှိတယ်။ အဲဒီ တိုးတက်မှုဖြစ်စဉ်လေးကြောင့်ပဲ ဒီ ဆက်ပြီးတော့ ပင်လုံဆိုတာ ပေါ်လာတယ်။ ဒါပေမယ့် ပင်လုံ ပေါ်လာပြီးနောက်ပိုင်းမှာ ကျွန်တော်် ပြောခဲ့သလိုပဲ ဖြစ်စဉ်ဟာ တိုးတက်မှု မရှိဘဲနဲ့ တော်တော်ကို ရှုပ်ထွေးသွားပြီ။ မြောက်ပိုင်းမဟာမိတ်စစ်ပွဲတွေ ပေါ်လာတယ်။ NCA လက်မှတ် ထိုးမယ့်ဟာ UNFC ထဲမှာကိုက အသင့်ဖြစ်နေတဲ့အနေအထားကနေ နောက်တစ်ခါ အသင့်မဖြစ်တဲ့ အနေအထားဖြစ်သွားတယ်။ နောက်တစ်ခါ UNFC ထဲမှာပါတဲ့ မွန်ပြည်သစ်ပါတီက လက်မှတ်ထိုးမယ်ဆိုပြီးဖြစ်သွားတယ်။ စသဖြင့် ကျွန်တော်တို့ နားမလည်နိုင်လောက်အောင် အခြေအနေတွေက ရှုပ်ထွေးမှုတွေ ပေါ်နေတယ်။

MMN/RiA။ ။  ဟုတ်ကဲ့ ဒီ NLD အစိုးရ တက်လာပြီးတဲ့နောက်ပိုင်းမှာ ဦးသိန်းစိန်အစိုးရလက်ထက်က ဖွဲ့စည်းခဲ့တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုကော်မတီကို ဖျက်သိမ်းပြီးတော့ လူစားထိုးအသစ်ပြန်ဖွဲ့လိုက်တဲ့အပေါ်မှာရော ငြိမ်းချမ်းရေးအတွက် တကယ့်ကို အလားအလာကောင်းတဲ့ ဖွဲ့စည်းမှုမျိုးလို့ ယူဆပါသလား။

UUHLS/ANP။ ။ ဒါ လောလောဆယ် သက်သေပဲ။ ခု ဖြစ်နေတဲ့ ဖြစ်စဉ်တွေက အားရစရာမကောင်းဘူး ဆိုတဲ့အခါမှာ အဲဒီ ကော်မတီပေါ့လေ။ ကျွန်တော် မြင်တာကတော့ အဲဒီငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီမှာ သုံးပိုင်းရှိမယ်။ ဒီ UPDJC ဖွဲ့စည်းတာပေါ့။ ဒီဟာဖွဲ့စည်းတာအခါမှာ သုံးပိုင်းရှိတယ်။ တပ်မတော်ရယ်၊ အစိုးရရယ်၊ လွှတ်တော်ရယ်က တစ်ခြမ်း။ နောက်တစ်ခုက ဒီ လက်နက်ကိုင်အဖွဲ့တွေ၊ လက်မှတ်ထိုးထားတဲ့ EAOs တွေက တစ်ခြမ်း၊ နိုင်ငံရေးပါတီတွေပေါ့ သူတို့က တစ်ခြမ်းဆိုပြီး အပိုင်းသုံးပိုင်းပေါ့။ အဲဒီ သုံးခြမ်းရဲ့ လှုပ်ရှားမှုတွေပေါ့လေ။ ကျနော်မြင်တာက သိပ်ပြီး ညီညီညွတ်ညွတ်နဲ့ စနစ်မကျဘူး။ နောက်တစ်ခုက ဦးဆောင်မှု အခန်းကဏ္ဍကို တပ်မတော်ဘက်နဲ့ အစိုးရဘက် အပြတ်ယူပြီးတော့ လုပ်နေတာတွေ ရှိတယ်။ ဆိုတော့ ဒီဘက်နှစ်ခြမ်း EAOs ဘက်ကလည်း လက်မှတ်ထိုးတဲ့အခြမ်းကပဲ ပါတယ်ဆိုတော့လည်း အကုန်လုံး မပြည့်စုံသေးဘူး။ နောက် နိုင်ငံရေးပါတီဘက်မှာလည်းပဲ ရွေးကောက်ပွဲနိုင်တဲ့ ပါတီဆိုပေမယ့်လည်း ဒေသန္တရခေါင်းဆောင်တွေလောက်ပဲ ပါတယ်ဆိုတော့ ဒီအဖွဲ့တွေမှာလည်း ကျွန်တော်တို့ တိုင်းရင်းသားတစ်ခုလုံးကို ကိုယ်စားပြုတင်ပြနိုင်မှုမှာ အင်မတန်အားနည်းတယ်။ အဲဒါကြောင့် UPDJC ဖွဲ့စည်းမှုကိုယ်တိုင်က Balance မဖြစ်ဘူး။ မညီဘူးပေါ့။ မညီတော့ အဲဒီက ထွက်လာတဲ့ Result တွေဟာလည်း ကျွန်တော်တို့ စိတ်တိုင်းကျ တိုးတက်တဲ့ လက္ခဏာမမြင်ရဘူး။

MMN/RiA။ ။  ဆိုတော့ လက်ရှိ အန်အယ်လ်ဒီအစိုးရရဲ့ နိုင်ငံရေးပေါ်လစီကရော ဘယ်လို အနေအထားရှိနေတယ်လို့ ပြောရမှာပါလဲ။

UUHLS/ANP။ ။ အန်အယ်လ်ဒီအစိုးရမှာ နိုင်ငံရေးပေါ်လစီရော ပြည်တွင်းစစ်ရပ်စဲရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ပြဿနာတွေကတော့ ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေး လမ်းကြောင်းတွေတော့ ချထားတယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ အဲဒါ မူအရအနေနဲ့ပဲ ချထားတာရှိတယ်။ တကယ့် မဟာဗျူဟာကြီးတရပ်အနေနဲ့ လက်တွေ့ အကောင်ထည်ဖော်တဲ့နေရာမှာ ထိရောက်မှု အင်မတန်နည်းတယ်။ ဘာမှ ရှေ့ကိုရွေ့တာ မတွေ့ရဘူး။

MMN/RiA။ ။  ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်ခင်ဗျား။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly