သတင်းသမား အမည်ခံပြီး ငွေတောင်းမှုများ ပုံစံမျိုးစုံရှိနိုင်ကြောင်း သတင်းမီဒီယာကောင်စီအတွင်းရေးမှူး ပြော

သတင်းသမား အမည်ခံပြီး ငွေတောင်းမှုများ ပုံစံမျိုးစုံရှိနိုင်ကြောင်း သတင်းမီဒီယာကောင်စီအတွင်းရေးမှူး ပြော

ရန်ကုန် ဧပြီ ၂၇ ။          ။ မြန်မာသတင်းလောကတွင် သတင်းသမားအမည်ခံပြီးငွေတောင်းမှုများ  ပုံစံမျိုးစုံရှိနိုင်တယ်ဟု  မြန်မာသတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးသီဟစောက ပြောသည်။

ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံမှုခင်းသတင်းထောက်အသင်းက အဖွဲ့ဝင်အချို့၏ ခြိမ်းခြောက်ငွေတောင်းခြင်း များကို နိုင်ငံအနှံ့မှာ တွေ့မြင်နေရသည်ဟု မြန်မာသတင်းမီဒီယာကောင်စီအပါအဝင် သတင်းမီဒီယာအဖွဲ့အစည်း များက ကြေညာချက်ထုတ်ပြန်ခဲ့ကြသည်။

သတင်းသမားငွေတောင်းသည့်ဖြစ်ရပ်တွေထဲမှာ ခြိမ်းခြောက်ခြင်း ပုံစံတစ်မျိူးတည်းမဟုတ်ကြောင်း မြန်မာ သတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးသီဟစောက ဆိုသည်။

"လက်တွေ့သဘောအရ ပြောရမယ်ဆိုရင် လုပ်နိုင်တဲ့နည်းတွေက အများကြီးရှိတယ်။ ဥပမာ သတင်းမှာ ဖော်ပြ တာကို ငွေကြေးတံစိုးလက်ဆောင်မယူရဘူးဆိုတဲ့ ကျင့်ဝတ်ရှိတယ်။ ဒီတော့ မယူသင့်ဘူးပေါ့နော်။ ဒါပေမယ့် သတင်းဖော်ပြမယ်။ကောင်းကောင်းလေးရေးပေးပါ့မယ်။ ပိုက်ဆံပေးပါတောင်းတယ်။ အခုမှ မဟုတ်ဘူး။ အရင်ကလည်းရှိတယ်။ အဲဒီလိုပဲ ဒီသတင်းကျွန်တော်ရေးလိုက်မှာနော၊် မရေးစေချင်ရင် ပိုက်ဆံပေး၊ အဲဒီလို တောင်းတယ်။ရေးမှတောင်းရတာမျိုးရှိသလို မရေးဖို့တောင်းတာလည်းရှိတယ်။ နောက်တစ်ခုက ဒီဟာ ကြောင့် ရဖွယ်ရှိတဲ့အခွင့်အရေးတစ်ခုကို သတင်းထောက်ကဒ်ပြားနဲ့ သတင်းသမားဆိုတာကိုအသုံးချပြီးတော့ အခြားအခွင့်အရေးတစ်ခုခုကို ယူတာ။ ငွေကြေးဖြစ်ဖြစ် ၊မြေကွက်တွေဖြစ်ဖြစ်၊ အခြားပိုင်ဆိုင်မှုတစ်ခုဖြစ်ရင် ဖြစ်  မယ် တောင်းယူတာ၊ အခွင့်အရေးယူတာပေါ့။အဲဒါမျိုးလည်း ရှိတယ်။ သတင်းသမားတွေရဲ့တိုက်ရိုက် ကျင့်ဝတ် အရ သတင်းရေးခြင်းသော်လည်းကောင်း မရေးခြင်းသော်လည်းကောင်း ငွေတောင်းရမ်းတာက တော်တော် အပြစ်ဖြစ်တယ်။ လုံးဝကို မလုပ်သင့်တာပဲ "  ဟု ဦးသီဟစောက မဇ္ဈိမသို့ ပြောသည်။

လတ်တလော လူပြောများနေသည့် ခြိမ်းခြောက်ငွေတောင်းခြင်းနှင့် ပတ်သက်ပြီး အရေးယူမှုများပြုလုပ်နေ သည်ဟု မြန်မာနိုင်ငံမှုခင်းသတင်းထောက်အသင်းမှ သိရသည်။

"ကျွန်တော်တို့အဖွဲ့ထဲမှာ တာဝန်ထမ်းဆောင်ရင်း အဲဒီလိုဖြစ်စဉ်မျိုးတွေ ဖြစ်လာတဲ့လူမျိုးတွေကို ဥပဒေအရ ထောင်ကျတာ ထောင်ကျပေါ့။ ကျွန်တော်တို့အဖွဲ့ဘက်ကလည်း တရားစွဲပါတယ်။ အရေးယူပါတယ်။ထုတ်ပယ် ပါတယ်။ ဒါကို ကျွန်တော်တို့အမြဲတမ်းဆောင်ရွက်ပါတယ်။ ဟိုတခါ ဘင်္ဂလီပြသနာဆိုရင် ကျွန်တော်တို့က တရားထပ်စွဲထားတယ်။သူတို့ ထောင်ထဲဝင်တာ ၀င်တာပဲ။ ကျွန်တော်တို့အသင်းကဒ်ပြားထုတ်ပေးထားတာ သည် သတင်းရယူဖို့နဲ့ ပရဟိတအလုပ် လုပ်ဖို့ထုတ်ပေးထားတာ။ ဒါကို သူတို့ဘက်က လောဘ မောဟ တွေနဲ့ တစ်ခြားဥပဒေမဲ့တဲ့အလုပ်တွေလုပ်လာတော့ ကျွန်တော်တို့အသင်းသိက္ခာကျတဲ့အတွက် တရားစွဲထားပါတယ် " ဟု မြန်မာနိုင်ငံမှုခင်းသတင်းထောက်အသင်း တွဲဘက်အတွင်းရေးမှူး ဦးသက်နိုင်ဦးက ပြောသည်။

သတင်းသမားများအနေဖြင့် ပရော်ဖက်ရှင်နယ်တစ်ယောက်ဖြစ်ရန် မီဒီယာကျင့်ဝတ်လိုက်နာမှု လိုအပ်ပြီး အဂတိတရား ကင်းရှင်းရမည်ဖြစ်သည်။

သို့သော် တစ်ဘက်တွင် ပရော်ဖက်ရှင်နယ်နှင့် ထိုက်တန်သည့် လစာအကျိုးခံစားခွင့် ရှိရန်လည်း လိုအပ်နေသည်ဟု မြန်မာ သတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးသီဟစောက ဆိုသည်။

"သတင်းသမားက ပရော်ဖက်ရှင်နယ်ပီသဖို့ လိုတယ်။ ပရော်ဖက်ရှင်နယ် ပီသလောက်တဲ့ဝင်ငွေရော ရှိကြပြီလား ဆိုတော့ ယျေဘုယျအားဖြင့်ပြောရရင် အများစုမှာ မရှိသေးဘူး။ အထူးသဖြင့် နယ်မှာရှိတဲ့ သတင်းထောက်တွေ သူတို့အတွက် ခက်ခဲတုန်းပဲ ရှိသေးတယ်။ အဲဒါကို အခွင့်ကောင်းယူပြီး မင်း ဒါလုပ်စားပါ့လား၊ ဟိုဟာ လုပ်စားပါ့လား ဆိုပြီး ဆွဲဆောင်မှုတွေ ပေါ်လာနိုင်တယ်။ အဲဒါလည်း အကြောင်းတစ်ခုလို့ ပြောလို့ရပါတယ် " ဟု  ဦးသီဟစောက ပြောသည်။

ထို့ပြင် ၄င်းက သတင်းသမားများအနေဖြင့် နိုင်ငံရေးနယ်ပယ်နှင့် စီးပွားရေးနယ်ပယ်က သြဇာလွှမ်းမိုးမှုများကို ရှောင်ရှားဖို့လည်း လိုအပ်သည်ဟု ဦးသီဟစောက ပြောသည်။ သတင်းသမားများကို စီးပွားရေးသမားနှင့် နိုင်ငံရေးသမားများက  သြဇာလွှမ်းမိုးရန် ကြိုးစားခြင်းသည် ပြည်တွင်းတွင်ရော နိုင်ငံတကာမှာပါ ရှိသည်ဟု ဦးသီဟစောက ဆက်လက်ပြောကြားသည်။

၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ထိပ်တန်းသူဌေးတစ်ဦးက မီဒီယာလောကဖွံ့ဖြိုးရေးအတွက်ဟုဆိုကာ သတင်းသမား ၆ ဦးကို သင်တန်းတစ်ခုအတွက် ၁၀သိန်းစီပေးခဲ့သည်။ အဆိုပါ အင်္ဂလိပ်စကားပြောသင်တန်း တက်ခဲ့သောအမည်မဖေါ်လိုသူသတင်းထောက် တစ်ဦးက"အဲဒီတုန်းက အဲဒီသူဌေးပေါ့။ ပူတာအိုခရီးစဉ်ပြန်လာပြီးနောက်ပိုင်းမှာ သူတို့ခရီးစဉ်လိုက်ပါခဲ့တဲ့မီဒီယာတစ်ချို့ ကို ပြန်တွေ့ချင်တယ်ဆိုပြီး ခေါ်တယ်။ ပြန်တွေ့တဲ့အခါ သူတို့က သြစတြေးလျမှာ ဂျာနယ်လစ်သင်တန်းတက် ဖို့ဆိုပြီး သူတို့ဘက်က အထောက်အပံ့ပေးချင်တယ်ပေါ့နော်။ မီဒီယာသမားအချို့က အဲဒီကိုသွားမတွေ့ဘူး။ မီဒီယာသမား ၆ ယောက်တော့ သွားတွေ့တယ်။သွားတွေ့ခဲ့တဲ့အချိန်မှာ သူတို့ သြစတြေးလျက ဂျာနယ်လစ် သင်တန်းကျောင်းအုပ်လို့တော့ ပြောတယ်။သူနဲ့ပေးတွေ့တော့ တစ်ကယ်တမ်းပြောရရင် မြန်မာနိုင်ငံမှာရှိတဲ့ မီဒီယာသမားတော်တော်များများက အင်္ဂလိပ်စာ အားနည်းတာများတယ်။အဲဒီမှာ အင်္ဂလိပ်စာ အရင်ဆုံးသင်ပေး ပါလို့ သူတို့က အရင်ဆုံး တောင်းဆိုတယ်။အဲဒီလိုပြောကြရင်းနဲ့ အဲဒီသူဌေးက ဘယ်လိုစကားကျွံလာသလဲ ဆိုတော့ သူအနေနဲ့ မီဒီယာဖွံ့ဖြိုးရေးအတွက် ဒေါ်လာတစ်သန်းအထောက်အပံ့ပေးမယ်ဆိုပြီး ပြောလာတယ်။ ၁၀ သိန်းပေးတယ်ဆိုတာက ပြင်ပသင်တန်းတက်ရအောင်ဆိုပြီး ထုတ်ပေးတဲ့ပိုက်ဆံ ။ သူ အဓိကဖြစ်ချင်တာက ဒေါ်လာ ၁ သန်းနဲ့ မီဒီယာဖွံ့ဖြိုးအောင် လုပ်ပါ။ တကယ်တမ်းပြောရရင်သူ့အနေနဲ့လည်း မီဒီယာကို ဖွံ့ဖြိုးစေချင်တယ် " ဟု ပြောသည်။

ယင်း ဒေါ်လာတစ်သန်းတန်မီဒီယာဖွံ့ဖြိုးရေးစီမံကိန်းသည်မလုပ်ဖြစ်ပဲ အကောင်အထည် မပေါ်ခဲ့ကြောင်း သိရသည်။ အဆိုပါ စီမံကိန်းကို ၀ါရင့်သတင်းစာဆရာကြီးတစ်ဦးက စိတ်ဝင်စားပြီး ပိုက်ဆံထုတ်ပေးမည့် သူဌေးကို လာရောက်တွေ့ဆုံခဲ့သည် ဟုလည်း သိရသည််။ သို့သော် ယင်း ၀ါရင့်နာမည်ကြီး သတင်းစာဆရာကြီး၏ အမည်ကိုတော့ မဇ္ဈိမ၏ သတင်းအရင်းအမြစ်က ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required