အာဆီယံထိပ်သီးအစည်းအဝေးမှာ တောင်တရုတ်ပင်လယ်ကိစ္စနဲ့ပတ်သက်လို့ တရုတ်အပေါ် တိုက်ရိုက်အပြစ်တင်ဖို့ မရှိ

အာဆီယံထိပ်သီးအစည်းအဝေးမှာ တောင်တရုတ်ပင်လယ်ကိစ္စနဲ့ပတ်သက်လို့ တရုတ်အပေါ် တိုက်ရိုက်အပြစ်တင်ဖို့ မရှိ

ဧပြီ ၂၇ ။              ။ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပမယ့် ယခုနှစ်အာဆီယံထိပ်သီးအစည်းအဝေးမှာတော့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ တောင်တရုတ်ပင်လယ်နယ်မြေအငြင်းပွားမှုကိစ္စနဲ့ပတ်သက်လို့ အထူးအလေးထား ဆွေးနွေးဖို့ ရှိပေမယ့် ယင်းအငြင်းပွားမှုမှာ အဓိကပါ၀င်သူ တရုတ်တို့အပေါ်မှာတော့ တိုက်ရိုက်ဝေဖန်ပြစ်တင်သွားဖို့မရှိကြောင်း ထိပ်သီးအစည်းအဝေး အစီရင်ခံစာမူကြမ်းတစ်ရပ်အရ သိရပါတယ်။

ယင်းညီလာခံ ဆိုင်ရာ ထုတ်ပြန်ချက်တစ်ခုကို လာမယ့် စနေနေ့မှာ ထုတ်ပြန်သွားဖို့လည်း ရှိနေတာဖြစ်ပါတယ်။ ကြိုတင်ထွက်ရှိခဲ့တဲ့ ယင်းထုတ်ပြန်ချက် အကြိုမူကြမ်းထဲမှာတော့ အစည်းအဝေးအတွင်း တက်ရောက်လာသူခေါင်းဆောင်တွေဟာ တောင်တရုတ်ပင်လယ်ကိစ္စ လက်ရှိ တိုးမြင့်ပေါ်ပေါက်နေတဲ့ တရုတ်တို့ရဲ့ လုပ်ရပ်တွေအပေါ် စိုးရိမ်ကြောင်း ထုတ်ပြန်မှာ ဖြစ်ပေမယ့် ပေကျင်းအစိုးရအပေါ် တိုက်ရိုက် စွပ်စွဲပြစ်တင်မယ့်အပိုင်းကိုတော့ ရှောင်ရှားသွားကြမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ဖိလစ်ပိုင်ရဲ့ သမ္မတ ရိုဒရီဂို ဒူတာတေးဟာလည်း လက်ရှိ တောင်တရုတ်ပင်လယ်ပြင်တွင်းက မဟာဗျူဟာကျ ရေပိုင်နက်တွေနဲ့ပတ်သက်လို့ အငြင်းပွားနေချိန် တရုတ်နဲ့အကြား တင်းမာမှုတွေ လျော့ကျဖို့အားထုတ်နေတယ်လို့လည်း သိရပါတယ်။

ယခု နှစ်အစည်းအဝေးအတွင်း အာဆီယံ အလှည့်ကျ ဥက္ကဌရဲ့ ထုတ်ပြန်ချက် မှာတော့ အငြင်းပွားပင်လယ်ပြင်တွင်း တရုတ်ရဲ့ ကျွန်းတုတည်ဆောက်မှုနဲ့ပတ်သက်လို့ အရိပ်အမြွက်သဘောလောက်သာ ပြောဖို့ရှိပြီး တည်ဆောက်နေတဲ့ နေရာနံမည်အတိအကျကို ဖော်ပြသွားမှာတော့မဟုတ်ကြောင်း ယခု ထုတ်ပြန်ချက် မူကြမ်းအရ သိရပါတယ်။

ယခုနှစ် ထိပ်သီးအစည်းအဝေးကိုတော့ မြန်မာနိုင်ငံ ကိုယ်စားပြုခေါင်းဆောင်အဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မယ်လို့လည်း သိရပါတယ်။
အစည်းအဝေး ကျင်းပတော့မယ့်အချိန် ယင်းနိုင်ငံမှာတော့ လုံခြံုရေးပိုင်း ပိုမိုတင်းကျပ်ထားလျက်ရှိတယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required