ပြည်ခိုင်ဖြိုးပါတီသို့ လှူခဲ့သည့် ၁.၇ ဘီလီယံ မကွေးဝန်ကြီးချုပ်ဟောင်း ပြန်ပေးမည်

ပြည်ခိုင်ဖြိုးပါတီသို့ လှူခဲ့သည့် ၁.၇ ဘီလီယံ မကွေးဝန်ကြီးချုပ်ဟောင်း ပြန်ပေးမည်
ဓာတ်ပုံ-ဖေ့ဘုတ်

ရန်ကုန်၊ ဧပြီ ၂၇ ။            ။ မကွေးတိုင်းဒေသကြီးတွင် ရေနံလက်ယက်တွင်းမှ ရရှိသည့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ရ ဘီလီယံကျော်ထဲက ပြည်ခိုင်ဖြိုးပါတီသို့ လှူခဲ့သည့် ငွေကျပ် ၁.၇ ဘီလီယံကို ယခင် မကွေးတိုင်း ၀န်ကြီးချုပ်ဟောင်းက ပြန်ပေးမည်ဟု ပြောခဲ့ကြောင်း လက်ရှိ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက မဇ္စျိမသို့ ပြောသည်။

“ မကွေးတိုင်းအစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်းကပြောတာ  ၁.၇ ဘီလီယံ သန်းထောင့်ခုနှစ်ရာကို ပြည်ထောင်စုအစိုးရ ညွှန်ကြားချက်စာထဲမှာပါတဲ့ အရင်ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေနဲ့ ရွှေသုခ ငွေရေးကြေးရေးလုပ်ငန်းက ဦးကြည်ထွန်းတို့က ပြန်ပေးမယ်တဲ့ ။ အဲ့လိုပြောတာ ၂၅ ရက်နေ့ မနက် သတင်းစာရှင်းလင်းပွဲလုပ်တယ်။ ညနေကျတော့ ပြန်ပေးမယ်ဆိုတဲ့သတင်း ကျွန်တော့ကို လှမ်းပြောတာပဲ။ စသုံးလုံးက စုံစမ်းစစ်ဆေးလို့တွေ့ခဲ့ရတဲ့ တင်ပြချက်ထဲမှာ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို ပေးလိုက်တဲ့ငွေလို့ကို ပါတာပေါ့။ ပမာဏချင်းတူတော့ ၁.၇ ဘီလီယမ်ချင်းတူနေတော့ သူတို့ကပဲ ပြန်ပေးတယ်လို့ ထင်ရတာပေါ့။ ယူဆရတာပေါ့ ”  ဟု ၀န်ကြီးချုပ်က ပြောဆိုသည်။

ပြည်ခိုင်ဖြိုးပါတီသို့ လှူဒါန်းခဲ့သည့် ကျပ် ၁.၇ဘီလီယံ၊ မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီသို့ လှူဒါန်းခဲ့သည့် မော်တော်ယာဉ် လေးစီး၊ဘက်ဟိုး တစ်စီး၊ ပဲ့ထောင့်ရေယာဉ် နှစ်စီးတို့ကို ပြန်လည်လွှဲပြောင်းပေးရန် နိင်ငံတော်သမ္မတရုံးက မကွေးတိုင်းအစိုးရသို့ ညွှန်ကြားထားကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာနန္ဒာလှမြင့်က “ ကျွန်တော်တို့ ပါတီကတော့ ဦးဘုန်းမော်ရွှေက တာဝန်ရှိသူပုဂ္ဂိုလ် တစ်ယောက်အနေနဲ့ ကာယကံရှင်အနေနဲ့ သူဟာသူဖြေရှင်းပါလိမ့်မယ် ။ ကျွန်တော်တို့ ပါတီနဲ့ လုံးဝမသက်ဆိုင်ပါဘူး။ ကျွန်တော်တို့ပါတီကလည်း အဲ့ဒီအပေါ်မှာ ဥပဒေကြောင်းအရ ပြန်လည်ဖြေရှင်းသွားမှာပါ ” ဟု ပြောဆိုသည်။

အဆိုပါ ငွေကြေးပြန်လည်ပေးအပ်မည်ဆိုသည့် မကွေးတိုင်းဝန်ကြီးချုပ်ဟောင်းသည် ပြည်ခိုင်ဖြိုးပါတီမှ ၀င်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့ခြင်းလည်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီကိစ္စအပြင် ရွှေသုခအသေးစား ငွေရေးကြေးရေးလုပ်ငန်းသို့ လွှဲပေးခဲ့သည့် ငွေကျပ် ၁.၅၇ ဘီလီယံကျော်တို့အား လက်ရှိ မကွေးတိုင်းဒေသကြီး အစိုးရသို့ ပြန် လည်လွှဲပြောင်းပေးရန် ဖြစ်ကြောင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောထားသည်။

ပြည်ခိုင်ဖြိုးပါတီသို့လှူဒါန်းထားသည့် ငွေကျပ် ၁.၇ ဘီလီယမ်ကို ပြန်လည်ပေးအပ်မည်ဆိုသော်လည်း ရွှေသုခအသေးစား ငွေရေးကြေးရေးလုပ်ငန်းသို့ လွှဲပေးခဲ့သည့် ငွေကျပ် ၁. ၅၇ဘီလီယံကျော်နှင့် ပတ်သက်ပြီး မကွေးတိုင်းဝန်ကြီးချုပ်က တစ်စုံတစ်ရာပြောကြားခဲ့ခြင်းမရှိပေ။

မကွေးတိုင်းတွင် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ရဒသမ ၄၅၉ ဘီလီယံကျော်ကို ယခုအစိုးရထံ လွှဲပြောင်းပေးအပ်ရန် နှင့် လွှဲပြောင်းပေးအပ်ခြင်းမပြုပါက တည်ဆဲဥပဒေအရ အရေးယူမည်ဟု နိင်ငံတော်သမ္မတရုံးက ညွှန်ကြားချက်ပေးပို့ခဲ့ကြောင်း ၄င်းက ဧပြီ၂၅ ရက်က လုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required