နီပေါတွင် ရပတ်ကြာ ပျောက်ဆုံးနေသော ခြေလျင်ခရီးကြမ်းလျှောက်သူများအား ပြန်လည်တွေ့ရှိပြီး တစ်ဦး သေဆုံး

နီပေါတွင် ရပတ်ကြာ ပျောက်ဆုံးနေသော ခြေလျင်ခရီးကြမ်းလျှောက်သူများအား ပြန်လည်တွေ့ရှိပြီး တစ်ဦး သေဆုံး

 ဧပြီ ၂၇ ။            ။ လွန်ခဲ့သော ရ ပတ်အကြာက နီပေါနိုင်ငံရှိ ဝေးလံခေါင်သီ၍ တောင်ထူထပ်သောအရပ်တွင် ပျောက်ဆုံးသွားခဲ့ သော ခြေလျင်ခရီးကြမ်းလျှောက်သူ ထိုင်ဝမ်လူမျိုး၂ဦးအား ကယ်ဆယ်ရေးသမားများက ပြီးခဲ့သော ဗုဒ္ဓဟူးနေ့ တွင် ပြန်လည်တွေ့ရှိခဲ့ပြီး အဆိုပါ တုန်လှုပ်ချောက်ချားဖွယ် ဖြစ်ရပ်၌ တစ်ဦးသာ အသက်ရှင်ကျန်ရစ်ခဲ့သည်။

ခြေလျင်ခရီးကြမ်းလျှောက်သော ထိုင်ဝမ်စုံတွဲတစ်တွဲတွင် အသက် ၁၉ နှစ်အရွယ်ရှိ လျူချန်ချွန်းသည် နီပေါနိုင်ငံ အနောက်မြောက်ဘက်၌ ကယ်ဆယ်ရေးအဖွဲ့က ရှာဖွေမတွေ့ရှိမီ သုံးရက်အလိုတွင် သေဆုံးခဲ့ပြီး သူမ၏ ချစ်သူဖြစ်သူကတော့ အစာရေစာများ ပြတ်တောက်သွားခဲ့သော်လည်း အသက်ရှင်ကျန်ရစ်ခဲ့သည်။

အသက်ရှင်ကျန်ရစ်သူ အသက် ၂၁ နှစ်အရွယ်ရှိ လျန်ရှန်ယွဲ့အား မတ်စောက်သော တောင်စောင်းပေါ်မှ ကယ်ဆယ်နိုင်ခဲ့ပြီး ကတ်သ်မန်ဒူရှိ ဆေးရုံသို့ လေယာဉ်ဖြင့် ပို့ဆောင်ကုသပေးခဲ့သည်။
“ကျနော်တို့ သူ့ကိုရှာတွေ့တဲ့အချိန်မှာ သူအိပ်ပျော်နေခဲ့ပါတယ်” ဟု ကယ်ဆယ်ရေးအဖွဲ့မှ မတ်ဒဗ်ဘတ်စ်ညပ် က ပြောခဲ့သည်။

“ကျနော်တို့အသံကို သူကြားပြီး နိုးလာခဲ့ပါတယ်။ သူ့ကိုအသက်ရှင်လျက် ပြန်တွေ့ရတာ ကျနော်တို့ တကယ် အံ့သြမိပါတယ်။ ကောင်မလေးကတော့ လွန်ခဲ့တဲ့ ၃ရက်လောက်ကတည်းက ကွယ်လွန်သွားကြောင်း သိရပါတယ်” ဟု ဘတ်စ်ညပ်က ဆက်ပြောခဲ့သည်။

အဆိုပါစုံတွဲသည် ရွာတစ်ရွာကို ရှာတွေ့နိုင်မည်ဆိုသော မျှော်လင့်ချက်ဖြင့် တောင်စောင်းအောက်ရှိ မြစ်ကြောင်းတစ်လျှောက် သွားခဲ့သော်လည်း ရေတံခွန်အစွန်းတစ်ဖက်သို့ ရောက်ရှိချိန်တွင် ပိတ်မိနေခဲ့ပြီး အပေါ်သို့ ပြန်မတက်နိုင်ခဲ့တော့ကြောင်း ဘတ်စ်ညပ်က ပြောခဲ့သည်။

“ကျနာ်တို့ မရောက်ခင်အချိန်ထိ သူတို့ ၄၇ ရက်ကြာ ပိတ်မိနေခဲ့ကြတာပါ” ဟု သူက ဆက်ပြောခဲ့သည်။

လျန်ကို ကုသပေးနေသော ဆရာဝန်က လျန်သည် ကိုယ်အလေးချိန် ကီလို ၃၀ ခန့် လျော့ကျသွားခဲ့ပြီး သူ၏ ညာဘက်ခြေထောက်မှာလည်း လောက်များတွယ်နေခဲ့ကြောင်း ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required